ပျူစောထီး အဖွဲ့ဝင် ဆိုသူ တစ်ဦး မင်္ဂလာဆောင်တွင် သေနတ်နှင့် ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မေလ ၃ ရက်။

လောင်းလုံးမြို့ပေါ်မှ ပျူစောထီးအဖွဲ့ဝင်တစ်ဦး မင်္ဂလာဆောင် ဆွမ်းကျွေးပွဲတွင် သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

ပစ်သတ်ခံရသူမှာ လောင်းလုံးမြို့ (ဃ) ရပ်ကွက်တွင် နေထိုင်သူ ပျုစောထီးအဖွဲ့ဝင် ကိုမင်းဝါ အသက် ၃၅ နှစ် ဆိုသူ ဖြစ်သည်။

အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက “ဆွမ်းကျွေးအလှူမှာ ရှိနေတဲ့အချိန် အလစ်ဝင် ပစ်ခံလိုက်ရတာပါ။ ဘယ်ရောညာပါ နှစ်ဘက်စလုံး နံရိုးကြားက ချက်ကောင်းနေရာတွေပဲ ထိတာ” ဟု ပြောသည်။

ဧပြီလ ၂၉ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်ခန့်က သဗျာကျေးရွာ ဘုန်းကြီးကျောင်းတွင် ပြုလုပ်သည့် မင်္ဂလာ ဆောင် ဆွမ်းကျွေးပွဲတစ်ခုကို လာရောက်စဥ် ကျောင်းအတွင်း သေနတ်ဖြင့် ပစ်ခတ်ခံရပြီး နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

သေဆုံးသူ ကိုမင်းဝါသည် လောင်းလုံးမြို့ပေါ် (ဃ)ရပ်ကွက်မှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၊ ပျူစောထီးခေါင်း ဆောင် ဖြစ်သည့် ဦးမင်းသိန်းရဲ့ တူတော်စပ်သူလည်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ကိုမင်းဝါသည် ပျူစောထီး အဖွဲ့ဝင်များနှင့် အုပ်စုဖွဲ့နေထိုင်တတ်ပြီး လောင်းလုံးရဲစခန်းကို အမြဲဝင်ထွက် သွား လာကာ ရဲတပ်ဖွဲ့ဝင်များအား ကိုယ်တိုင် ကားမောင်း၍ လိုက်ပို့နေသူလည်း ဖြစ်သည်ဟု ဒေသခံများက ပြော သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်နေ့ကလည်း ရပ်ကွက်အတွင်း သွားလာနေစဥ် PDF တပ်ဖွဲ့ များက တစ်ကြိမ် ပစ်ခတ်ခဲ့သော်လည်း အသက်မသေဘဲ လက်မောင်းကျည် ထိမှန်ဒဏ်ရာ ၃ ချက်သာ ရရှိခဲ့သည်ဟု ဒေသခံများ ဆိုသည်။

သေဆုံးသွားသူ ကိုမင်းဝါ အလောင်းကို ၎င်းပစ်ခတ်ခံရသည့်နေ့ မွန်းလွဲပိုင်းတွင် အရေးပေါ်ကားဖြင့် လောင်းလုံး ဘက်သို့ သယ်ယူသွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

မွန်းတည့် ၁၂ နာရီ အချိန်ခန့်တွင် အပစ်ခံရသည့် သဗျာဘုန်းကြီးကျောင်းသို့ လောင်းလုံးရဲစခန်းမှ ရဲများနှင့် စစ် ကောင်စီတပ်ဖွဲ့များ စီးနင်းလိုက်ပါလာသည့် ကားနှစ်စီး ရောက်ရှိလာပြီး အနီးဝန်းကျင်သို့ သေနတ်များဖြင့် ရမ်း သမ်းပစ်ခတ်တာခြင်းများကို ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် ဘုန်းကြီးကျောင်းရှိ သံဃာတော် ၃ ပါးကိုလည်း လောင်းလုံးရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဆိုသည်။