ဆိုင်ကယ်စီးလာသူ အမျိုးသားတစ်ဦး ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မေလ ၃ ရက်။

သရက်ချောင်းတွင် ဆိုင်ကယ်စီးလာသူ အသက်ကြီးပိုင်း အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး နေရာ တွင် ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု ရွာသားများက ပြောသည်။

ပစ်သတ်ခံရသူမှာ သရက်ချောင်းမြို့နယ်၊ ပိန်းတောကျေးရွာအုပ်စု၊ ပန်းပြင်ကျေးရွာတွင်နေထိုင်သူ ဦးထွန်းစိန် အသက် ၆၅ နှစ် ဖြစ်သည်။

အသက် ၃၅ နှစ်အရွယ် ရွာသားတစ်ဦးက “မနက်အစောကြီးသေနတ်သံ လေးငါးချက်တော့ကြားလိုက်ရတယ်၊ အပစ်ခံရတာရွာထိပ်က လယ်ကွင်းနားမှာပါ။ သွားမကြည့်ရဲဘူး” ဟု ပြောသည်။

သရက်ချောင်းမြို့နယ် သရက်နှစ်ခွကျေးရွာတွင် ဧပြီ ၂၉ရက်နေ့ နံနက် ၆နာရီခန့်က ပစ်ခတ်ခံခဲ့ရခြင်းဖြစ်
သည်။

ဆိုင်ကယ်ဖြင့် သွားနေသည့် ဦးထွန်းစိန်ကို သရက်နှစ်ခွကျေးရွာထိပ်ရှိ လယ်ကွင်းအနီး ရောက်ရှိချိန်တွင် အမည် မသိ လူ ၅ ဦးက သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ခြင်းကြောင့် နေရာတွင်ပင် သေဆုံးသွားခြင်းဖြစ်သည်ဟု ရွာသား များက ပြောသည်။

သို့သော် မည်သည့်အကြောင်းကြောင့် ယခုကဲ့သို့ ပစ်သတ်သွားသည်ကိုမူ မသိရသေးဘူးဟု ရွာသားများက ဆိုသည်။

သရက်နှစ်ခွကျေးရွာသည် ထားဝယ် – မြိတ်သွား ပြည်ထောင်စု ကားလမ်းပေါ်တွင် ရှိပြီး ရွာနှင့် တစ်မိုင်နီးပါး အကွာတွင်လည်း ဥတ္တူချောင်းတံတား စစ်ကောင်စီ စစ်ဆေးရေးဂိတ်စခန်း ရှိသည်။

ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များက ဥတ္တူချောင်းတံတားစစ်ဆေးရေးဂိတ်ကို ဧပြီလ ၂၇ ရက်နေ့ညက လက်နက် ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။