ဖောက်ခွဲခံရသည့် ကျုံအိတ်တံတား ပြင်ဆင်မှု မရှိသေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၄ ရက်။

မွန်ပြည်နယ်၊ သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြား ဖောက်ခွဲဖျက်ဆီးခံထားရသည့် ကျုံအိတ်တံတားကို ဇူလိုင် လ ၃ ရက်နေ့အထိ လာရောက်ပြင်ဆင်မှုများ မရှိသေးဘူးဟု ဒေသခံများက ပြောသည်။

ဇွန်လ ၂၉ ရက်နေ့ နံနက်ပိုင်းက တံတားမိုင်းခွဲခံရမှုနှင့် အဆိုပါ မိုင်းခွဲခံရမှုအား လာရောက်ကြည့်ရှုစစ်ဆေးသည့် အုပ်ချုပ်ရေးအဖွဲ့ပါ ထပ်မံတိုက်ခိုက်ခံရမှုတို့ကြောင့် သထုံခရိုင် အုပ်ချုပ်ရေးမှူးနှင့် ကားမောင်းသူ ၁ ဦး သေဆုံးခဲ့ ပြီး စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦး၊ ရဲတပ်ဖွဲ့ဝင် ၉ ဦး၊ ထွေအုပ်ဝန်ထမ်း ၂ ဦး၊ မီးသတ်ဝန်ထမ်း ၃ ဦး၊ ရွှေသံလွင်ဝန်ထမ်း ၂ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

မိုင်းခွဲခံရမှုကြောင့် ပြိုကျသွားသည့် တံတားနေရာတွင် သတိပေးလမ်းညွှန် ဆိုင်းဘုတ်များသာ ချထားကြပြီး ယနေ့အချိန်ထိ လာမပြင်ပေးသောကြောင့် ခရီးသွားလာရေး အခက်အခဲများ ဖြစ်နေသည်ဟု ဒေသခံများနှင့် ယာဉ်မောင်းများက ဆိုသည်။

ယာဉ်မောင်းတစ်ဦးက “အခု ဘာမှ မပြင်သေးဘူး။ ဘေးက မပျက်သေးတဲ့ တံတားဘက်ခြမ်းနေပဲ တစ်စီးချင်း စီ စောင့်ပြီး သွားနေရတာပါ။ ပြောရမယ်ဆိုရင်တော့ တစ်စီးချင်းဖြတ်သန်းသွားလာနေကြရတာ မျိုးပေါ့ဗျာ” ဟု ပြောသည်။

စစ်ကောင်စီ လက်အောက်ခံအဖွဲ့များအနေဖြင့် တံတားလာပြင်ချိန် ထပ်မံတိုက်ခိုက်ခံရမည်ကို စိုးရိမ်သော ကြောင့် လာမပြင်သေးခြင်းမျိုး ဖြစ်နိုင်သည်ဟု ဆိုကြသည်။

အဆိုပါ ကျုံအိတ်တံတားဖောက်ခွဲဖျက်ဆီးမှုကို စစ်ရေးအရ စစ်ကောင်စီတပ်၏ ရိက္ခာ၊ လက်နက်၊ လူအင်အား အစရှိသည့် ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်ခြင်း ဖြစ်သည်ဟု KNU သထုံခရိုင်မိတ်ဖက်ရေးရာ ကြီး ကြပ်ကွပ်ကဲမှု ကော်မတီ ဥက္ကဋ္ဌက သတင်းမီဒီယာအချို့အား ပြောဆိုထားသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဥ်အတွင်း ထိခိုက်သေဆုံး ဒဏ်ရာရရှိခဲ့သည့် အခြေအနေများနှင့် ပတ်သက်၍
“သထုံခရိုင် လမ်းဦးစီးမှူးကတော့ အခင်းဖြစ်တဲ့နေရာမှာဘဲ သေဆုံးသွားတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ တခြားသူတွေကတော့ ဒဏ်ရာရတယ်။ အကုန်လုံးကို ဆေးရုံပို့ဆောင်ထားတယ်” ဟု လူမှုကူညီကယ်ဆယ်ရေး အဖွဲ့ဝင် တစ်ဦးက ပြောသည်။

သထုံမြို့နယ်နှင့် ဘီးလင်းမြို့မြို့နယ်ကြား ဆက်သွယ်ထားသည့် ကျုံအိတ်ချောင်းတံတားမှာ ဇွန်လ ၂၉ ရက်နေ့ နံနက် ၄ နာရီအချိန်ခန့်က ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည်။

တံတားဖောက်ခွဲခံခဲ့ရမှုကြောင့် တံတားတစ်ခြမ်း ပြိုကျပျက်စီးသွားခဲ့ပြီး တံတားပေါ်ဖြတ်သန်းနေသည့် ခရီးသွားယာဉ်နှစ်စီးလည်း တံတားနှင့်အတူ ပါသွားပြီး ယာဥ်ပေါ်ပါ အမျိုးသားတစ်ဦး သေဆုံးကာ၊ ထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့သည်။

လက်ရှိတွင် ကျန်ရှိနေသည့် တံတားဘက်ခြမ်းမှသာ ကားများ တစ်စီပြီးတစ်စီး ဖြတ်သန်းသွားလာနေရသည့် အတွက် ကားပိတ်ဆို့မှုများလည်း ဖြစ်နေပေါ်နေကြောင်း ခရီးသွားနှင့် ဒေသခံများက ပြောသည်။

ရန်ကုန်-မော်လမြိုင်ကားလမ်း သထုံ၊ ဘီးလင်း၊ ကျိုက်ထိုမြို့နယ်အတွင်း ကားလမ်းပိုင်း၊ ရထားလမ်းပိုင်း တလျှောက်တွင် မိုင်းဖောက်ခွဲခံရသည့်ဖြစ်စဥ် မကြာခဏဖြစ်ပွားလေ့ရှိသည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် ရန်ကုန်-မော်လမြိုင် အဝေးပြေး ကားလမ်းမတလျှောက်တွင် ခရီးသည်တင်ယာဥ်၊ ကုန်တင်ယာဥ် များ နှင့် လူမှုကယ်ဆယ်ရေးယာဥ်များ ပစ်ခတ်တိုက်ခိုက်ခံရသည့် ဖြစ်စဥ်၊ မိုင်းဆွဲတိုက်ခိုက်ခံရသည့် ဖြစ်စဥ်များ လည်း မကြာခဏဖြစ်လေ့ရှိပြီး လူသေဆုံးကာ ထိခိုက်ဒဏ်ရာရမှုများလည်း ရှိနေသည်။