ပုသိမ် ယက္ကန်းစင်များ ပျောက်ကွယ် လုနီး ဖြစ်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့က မြန်မာ့ရိုးရာ လက်ယက္ကန်းစင် လုပ်ငန်းမှာ ကွယ်ပျောက်လုနီး ဖြစ်နေပြီဟု လက် ယက္ကန်းစင် လုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။
လက်ရှိတွင် ပုသိမ်မြို့တွင် လက်ယက္ကန်းစင် ၁၀ စင်ခန့်သာ ကျန်တော့သည်ဟု လက်ယက္ကန်း လုပ်သူ အများစု နေထိုင် နေကြသည့် ပုသိမ်မြို့ အမှတ် ၁ ရပ်ကွက်၊ ယက္ကန်းကွက်သစ်၌ နေထိုင်ကြသူများက ပြောသည်။
အသက် ၇၅ နှစ် ရှိ လက်ယက္ကန်းစင် ပညာရှင်တစ်ဦးက “လက်ရှိအလုပ်ရုံ ၂ရုံ ကလည်း ကရင် နဲ့ ကယား တိုင်း ရင်းသား ပုဆိုး၊ လုံခြည် နဲ့ အင်္ကျီအတွက် ဖျင်စတွေကိုပဲ ရက်တော့တယ်။ တိုင်းရင်းသားဝတ်စုံ အတွက် သီးသန့် လုပ်တာ။ အဲ့ဒီ အလုပ်ရုံက ယက္ကန်း ကွက်သစ်မှာ တစ်ရုံ နဲ့ ကရင်အမျိုးသမီးကုန်းမှာ တစ်ရုံရှိတယ်” ဟု ပြော သည်။
ယခင်က ပုသိမ် မြို့ပေါ်ရပ်ကွက်များတွင် လက်ယက္ကန်းစင်ဖြင့် ပုဆိုး၊ လုံချည်၊ ဖျင်စများ ရက်လုပ်သော လုပ်ငန်း လုပ်ကိုင်သူ အများအပြား ရှိခဲ့သော်လည်း ၁၉၈၈ ခုနှစ်နောက်ပိုင်း မှ စတင်ကာ လုပ်ကိုင်သူများ တဖြည်းဖြည်း လျော့နည်းလာခဲ့ပြီး ယခု ၂၀၂၃ ခုနှစ်တွင် အလုပ်ရုံ ၂ ရုံ နှင့် လက်ယက္ကန်းစင် ၁၀ စင်ခန့်သာ ကျန်ရှိနေသည်။
ယခင်က ယက္ကန်းကွက်သစ် တစ်ရပ်ကွက်တည်းမှာပင် အလုပ်ရုံ (လက်ယက္ကန်းစင်ရုံ) ၅၀ ကျော်ရရှိခဲ့ပြီး ဇေယျ ဝတီ၊ အောင်ချမ်းသာ၊ ငဝန်းကျွန်းသာ၊ နှစ်ထောင်တန်၊ ဝေဠုဝန်၊ မြို့ပတ်လမ်း၊ အိုးဘိုတန်းလမ်း၊ မင်းရပ်တန်း လမ်း နှင့် ကရင်အမျိုးသမီးကုန်းတို့တွင်လည်း စင်လုပ်ငန်း လုပ်ကိုင်ခဲ့ခြင်းကြောင့် အလုပ်ရုံ ပေါင်း ၁၅၀ ဝန်း ကျင် ရှိခဲ့သည်ဟု ဆိုကြသည်။
စက်ယက္ကန်းစင်များ တွင်ကျယ်လာပြီးနောက် ထုတ်လုပ်မှုအားမှာ ၄ ဆခန့်အထိ ကွာသွားခြင်း၊ နည်းပညာ လို အပ်ချက်များ ရှိလာခြင်း၊ စက်ကိုအားပြု လုပ်ရခြင်းကြောင့် လက်မှုပညာသည် လုပ်သား လျော့ကျသွားခြင်း၊ ခြည်ထည် ကုန်ကြမ်းဈေးမြင့်တက် လာခြင်းတို့ကြောင့် လက်ယက္ကန်းစင် လုပ်ငန်းမှာ တဖြည်းဖြည်း တိမ်ကော လာသည် ဟု လက်ယက္ကန်းစင် လုပ်ငန်းရှင်များက ပြောသည်။
“စက်ပစ္စည်းတွေ ကိုင်တွင်ဖို့ဆိုတာက အခက်အခဲ ရှိတယ်။ ပြီးတော့ အရင်းအနှီး အခက်အခဲကြောင့်လည်း လုပ် ငန်းရှင်တွေက အဲ့ဒီလုပ်ငန်းကို မလုပ်ကြတော့ဘူး။ ပညာရှင် လုပ်သားတွေကလည်း တခြားအလုပ် ပြောင်းလုပ် ကြရာက မျိုးဆက်ပြတ်ပြီး တိမ်ကောလာတာ။ အခုက ကရင် နဲ့ ကယား တိုင်းရင်းသား အထည်တွေပဲ လိုအပ် ချက် ပေါ်မူတည်ပြီးလုပ်ကြတာ ဆိုတော့ ဝင်ငွေက ပုံမှန် မဟုတ်တော့ဘူး။ အဲ့ဒီတော့ ယက္ကန်းခတ်တဲ့ အလုပ် သမတွေကလည်း သိပ်မရှိတော့ဘူးပေါ့” ဟု အသက် ၅၀ ကျော်ရှိ လက်ယက္ကန်းစင် ခတ်သူ ဒေါ်သိန်းအေး က ပြောသည်။
ထို့အပြင် အဓိက ကုန်ကြမ်းဖြစ်သော ၂/၈၀ တရုတ် ခြည်ထုပ် တစ်ထုတ်ကို မန္တလေး ဈေးကွက် မှ ပုသိမ် အရောက် ကျပ်တစ်သိန်းကျော်အထိ ဈေးမြင့်တက်သွားခြင်းကြောင့်လည်း မန္တလေး နှင့် ဝမ်းတွင်းဖက် က ထွက် သည့် အထည်များကို ဈေးကွက်အရ မယှဉ်ပြိုင်နိုင်တော့သည့်အတွက် ပုသိမ်မြို့က ထုတ်လုပ်သော လက် ယက္ကန်းအထည် ဈေးကွက် ပျက်သွားသည်ဟု ပုသိမ်မြို့က ထုတ်သည့် လက်က္ကန်းစင် အထည် ရောင်းချခဲ့ဘူး သူ အချို့က ပြောသည်။
ယခင်က ပုသိမ်မြို့တွင် ထုတ်လုပ်သော လက်ယက္ကန်းထည် ပုဆိုး၊ လုံခြည်၊ အထည် နှင့် သင်္ကန်းများကို ဧရာဝတီ တိုင်းအတွင်း သာမက ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းအတွင်းအထိ ဈေးကွက် ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့ သော်လည်း ယခုအခါတွင် ကရင်နှင့် ကယား တိုင်းရင်းသား ပုဆိုး၊ လုံခြည်၊ အထည် နှင့် ဖျင်စများကို အမှာစာ အရသာ ထုတ်လုပ်နိုင်တော့သည်ဟု လုပ်ငန်းရှင်များက ပြောကြသည်။