ဒေါနိုးကူးက စစ်ရှောင်မိခင်ကြီး တစ်ဦး၏ ဘဝ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၈ ရက်။

တိုက်ပွဲတွေ၊ လက်နက်ကြီး ပစ်ခတ်မှုတွေ၊ လေယာဉ်ကနေ ဗုံးကြဲတိုက်ခိုက်မှု မခံရခင်နဲ့ တိုက်ခိုက်ခံရပြီးတဲ့ နောက်ပိုင်း စိတ်ပိုင်း၊ ရုပ်ပိုင်း၊ နေထိုင်စားသောက်ရေး အစစအရာရာ ဒုက္ခရောက်နေကြတဲ့ သူတို့တွေထဲ ကရင်နီစစ်ရှောင်တွေလည်း ပါ ပါတယ်။

ဒေါ်လှလှဝင်းကတော့ ထိုင်း-ကရင်နီ နယ်စပ်က ဒေါနိုးကူး ကရင်နီ စစ်ရှောင်စခန်းကို ရောက်လာတဲ့ စစ်ရှောင် အမျိုးသမီး တစ်ဦးပါ။

“ကျမနာမည်ကတော့ ဒေါ်လှလှဝင်းပေါ့နော် ဒေါလျားခူကနေ လာရခြင်းဖြစ်တယ်။ အဓိကတော့ ကျမတို့ ရွာမှာနေလို့ မရတော့ဘူးပေါ့နော်။ လက်နက်ကြီးတွေလည်းကျတယ်။ အိမ်တွေမှာပါလက်နက်ကြီးတွေ ထိလို့ အဲ့လို အန္တရာယ်တွေကြောင့်မို့လို့ ကျမတို့ လာရခြင်းဖြစ်တယ်။”

သူတို့ မိသားစုအတွက်တော့ သားသမီးတွေ အသက်ဘေး လွတ်ဖို့က အဓိက ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ခင်ပွန်းဖြစ်သူမပါဘဲ ကလေး ၃ ယောက်ကိုခေါ်ပြီး ထိုင်းနယ်စပ်ကို မရရအောင် လာခဲ့ရတာ ဖြစ်တယ်လို့ ပြော ပါတယ်။

“ကျမတို့မိသားစု ၅ ယောက်၊ ကျမအမျိုးသားတော့မပါလာဘူး။ ကျမအမျိုးသားက နင်တို့ပဲ သွားလိုက်ပေါ့။စပါးတွေ ဘာတွေရိတ်သိမ်းပြီးမှ လိုက်လာမယ်ပေါ့ ကားနဲ့ဆိုရင် နင်တို့ကို စိတ်ချရတယ် ပြောတယ်။နောက်ဆုံးတော့ ဘာမှမဟုတ်ဘူး လမ်းပိတ်တာနဲ့ လမ်းမှာတအားခက်ခဲတယ်။ ခြင်ကလည်း ကိုက်တယ်။ စောင်ကလည်းမပါ။ဘာမှကိုမပါတာ။ ကားနဲ့သွားတယ်ဆိုရင် ဘာမှမပါဘူး။”

လမ်းမှာ တပတ်လောက် အိပ်ခဲ့ရတယ်လို့ ဒေါ်လှလှဝင်းက ပြောပါတယ်။

လမ်းမှာ ခက်ခက်ခဲခဲ လာခဲ့ရတာနဲ့ ပတ်သက်ပြီးတော့လည်း အခုလို ဆက်ပြောပါတယ်။

“လာတဲ့ချိန်တော့ ကိုဗစ်တအားဖြစ်တဲ့အချိန်ကြတော့ လမ်းမှာဆို ၇ ရက် လောက်ကြာတယ်။ကျမတို့ကလမ်းမှာ ဟိုမြောင်းထဲအိပ် ဒီမြောင်းထဲအိပ်‌ပေါ့နော် တအားခက်ခဲတယ်။ကားနဲ့သွားရတယ် ဆိုပေမဲ့ ကားက တစ်ရက်ပဲစီးရတယ်။လမ်းလျှောက်ရတာ ပိုများတာပေါ့။ ကျမတို့ ကားနဲ့သွားတာဆိုတော့ ဘာရိက္ခာမှ မပါဘူး။ ဒါပေမဲ့ လိုလိုမယ်မယ် ကိုယ့်ဟာနဲ့ကိုယ် ဆန်တော့ထည့်သွားတယ်ပေါ့နော်။တစ်ပြည်ထည့်သွားတယ် နောက်ဟိုအခြောက်ကြော်လေးတွေ ကိုယ့်ဟာကိုယ် ကြော်သွားတယ်။” 

ဆန်တစ်ပြည်ပဲ သယ်သွားတဲ့ ဒေါ်လှလှဝင်းကတော့ သားသမီးတွေအတွက် တပတ်တာလုံး စားသောက်ရဖို့ အရေး အဝမကျွေးနိုင်ခဲ့ဘဲ ချွေတာပြီး အစာပြေပဲ ကျွေးကာ ခရီးဆက်ခဲ့ရတာ ဖြစ်ပါတယ်။

“ကျမကားနဲ့ သွားတဲ့အချိန်တုန်းက ဟိုလူဦးရေက ၅၈ ယောက်။ ကျမတို့ဒီးမော့ဆိုက ၈ ယောက်ပဲပါတယ်။ လမ်းမှာ သူတို့ကကြတော့ ရိက္ခာဘာမှမပါဘူး ကျမတို့ဆို ထမင်းချက်ဖို့ အိုးမှမရှိတာ ဝါးထဲထည့် ချက်တယ်လေ။ ဝါးဘူးနဲ့ချက်၊ ဟိုငှက်ပျောရွက်လေးတွေခူးပြီးတော့ ခင်းပြီးတော့ အဲ့လိုခွဲစားတာနော်။ ကလေးတွေကများတော့ တစ်ဘူး နှစ်ဘူးပဲချက်တယ်။အဆာပြေလောက်ပဲ စားတာပေါ့။တခြားအခြောက်မုန့်တွေဘာတွေ အဲ့လိုပဲ စားတယ်။ တခြား ကလေးတွေကတွေ့တော့ ပြေးလာကြတယ်လေ အုံလိုက်ပြေးလာတော့ ကျမတို့က စိတ်မကောင်းဘူးပေါ့နော်။” 

လူကြီးတွေက ထမင်းတောင် မစားခဲ့ဘူးလို့ ဆိုပါတယ်။ 

“မျှစားကြတာဆိုတော့ တစ်ယောက်နည်းနည်းပဲစားတယ်။ ကလေးတွေကိုပဲစားခိုင်းတယ်။ လူကြီးတွေကမစားဘူး။ကျမမှာစစ်ဘေးရှောင်တုန်းက အာဟာရမှုန့်ထုပ်တွေပါလာတော့ အဲ့ဒါလေးလိုက်ဝေတယ်လေ။ အထုပ်အကြီးကြီး အဲ့ဒါပဲ ကျမတို့ဖျော် ဖျော်ပြီး စားတယ်။ အဲ့ဒါနဲ့ပဲ အသက်ရှင်ခဲ့တယ်လို့ပြောရမှာပေါ့ လမ်းမှာ ဘာရိက္ခာမှ မရှိဘူး။” 

မြစ်တွေ၊ ချောင်းတွေကို ဖြတ်ပြီး လာခဲ့ရတဲ့ ခရီးက တော်တော်လေးကို ကြမ်းတယ်လို့ ပြောပါတယ်။ လူကြီး တစ်ယောက်တည်းအတွက် ဒီခရီးက သွားလာနိုင်ပေမယ့် ကလေးငယ်လေး ၃ ယောက်ရဲ့ လမ်းကိုတွဲပြီး မမြင် ရတဲ့ အနာဂတ်အတွက် စစ်ဘေးကနေ လွှတ်ရင်ပြီးရော ဆိုတဲ့ စိတ်ကလေးနဲ့ အသက်စွန့်ပြီး လာခဲ့ရတဲ့ ဒေါ်လှလှဝင်းအတွက် တော့ ငိုတလှည့်၊ အားငယ် တလှည့်နဲ့ ကျော်ဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။

“ချောင်းကြားတွေမှာပဲ အိပ်ရတဲ့ခါကြတော့ မိုးတွင်းဆိုတော့ မိုးလာလို့ရှိရင် သစ်လုံးတွေလာတယ် ကျောက်ခဲတွေလည်း ဆင်းတဲ့တယ်။ အဲ့ချိန်ဆိုဂမုပေါ်မှာပဲ တက်နေတယ်။ မိုးတိတ်ပြီးမှ အဲ့ချောင်းထဲပြန်ဆင်း။” 

“နောက်သစ်ပင် အောက်မှာအိပ်ရင် သစ်ပင်ပေါ်မှာလည်း ကိုယ်က ကြည့်ရသေးတယ်။ သစ်ပင်အကိုင်းတွေလည်း ကျတယ်ပေါ့နော်။ ၇ညဆိုတော့ ကျမဆို ကောင်းကောင်း မအိပ်ရဘူး။ ခြင်ကိုက်လို့ကလေးတွေကို ကျမ တစ်ညလုံး မီးဖိုပေးတယ်။အခြင်တွေ ဘာတွေရိုက်ပေါ့၊တော်တော်လေးကို ဒုက္ခရောက်ခဲ့ပါတယ်။”

ငှက်ပျောရွက်ကို ခင်း၊ ပါလာတဲ့ မိုးကာလေးကို ကလေးတွေကို ဝတ်ပေးပြီး အိပ်ခဲ့ရတဲ့ ညတွေကို မေ့မရဘူးလို့ ဒေါ်လှလှဝင်းက ဆက်ပြောပါတယ်။

“ပြန်စဉ်းစားလို့ရှိရင် ပျော်စရာ ဘာမှ မရှိတော့ဘူး။ အခင်းက ငှက်ပျောရွက်နဲ့ပဲ ခင်းအိပ်တယ်။ စောင်ကတစ်ထည်ပဲ ပါတာဆိုတော့ ခြုံဖို့ပဲလေ။ အဝတ်အစားဆိုလည်း အပိုမပါဘူး။ ကလေးတွေ ခြုံမိုးကာတော့ပါတယ်။ တစ်ယောက် တစ်ထည်ခြုံမိုးကာလေးနဲ့ပဲ ခြုံကြတယ်။” 

 လမ်းမှာ ကိုယ့်ကိုကိုယ်လည်း ဂရုစိုက်၊ ကလေးတွေကိုလည်း ဂရုစိုက်နဲ့ ဘေးလွှတ်မယ့်နေရာ အမြန်ရောက်ရေး ဆုတောင်းပြီး ခရီးဆက်ခဲ့ရတယ်လို့ ဆိုပါတယ်။

ကျွတ်တွေ များတယ်‌ပြောလို့ ရေကိုလည်း ဝါးဘူးလေးနဲ့ပဲ ကျိုချက်ပြီး အအေးခံ ရွာမှာပေးထားတဲ့ဆေးထုပ်လေးတွေရေထဲထည့်တယ်။ အဲ့ဒါလေးပဲကျမတို့သောက်ကြတယ်။ရေခွက်ဘာညာလည်းမပါ၊ ဝါးခွက်လေးနဲ့ပဲ သောက်၊တော်သေးလို့ ဓါးတစ်လက်ပါလို့ပေါ့။ 

၈ ရက်မြောက်နေ့မှာတော့ ထိုင်း-ကရင်နီနယ်စပ်က ဒေါနိုးကူးဆိုတဲ့ နေရာလေးကို ဒေါ်လှလှဝင်းနဲ့ မိသားစု၊ တခြားဒေသက စစ်ရှောင်တွေ အားလုံး ရောက်ခဲ့ကြပါတယ်။

သူတို့လာချိန်က အားလုံးပေါင်း ၅၈ ယောက် အုပ်စုဖြစ်ပေမယ့် ဒေါနိုးကူးရောက်တော့ ပြန်မတွေ့တာတာ ဒီနေ့ အချိန်ထိလို့ ဆိုပါတယ်။

ဒေါနိူးကူးကို ရောက်ပြီးနောက်တွင်လည်း …..

“ဝါးခုတ်တယ် ထရံတွေဘာတွေ လိုက်ယက်ပေးတယ်။ သူများခိုင်းတယ်ပေါ့နော် အကုန်လိုက်လုပ်ပေးတယ်ပေါ့နော်။ အဲ့ဒါလေးနဲ့ပဲစားဝတ်နေရေးအတွက် ဖြေရှင်းနေရတယ်ပေါ့။ရှေ့ဆက်ဘာအလုပ်လုပ်ရင် ကောင်းမလဲ ညလည်း အိပ်မပျော်ကြဘူးပေါ့နော်။ ဒီလိုရှေ့ဆက် ဒီလိုပဲဖြစ်နေမယ်ဆိုရင် တော်တော်လေးကို ကျမတို့အတွက် အခက်အခဲရှိတယ်။ ကျမတို့စားဝတ်နေရေးအတွက် ပညာရေး၊ ကျန်းမာရေး အားလုံးပေါ့နော်။ ဆေးကလည်း အလုံအလောက်မရှိဘူးလေ။ အဲ့ဒါကြောင့် ကျန်းမာရေးကောင်းမှ စားဝတ်နေရေး ရှာလို့ရတယ် ပြီးမှကလေးတွေရဲ့ ပညာရေးကလည်းအဓိကတခုပဲ။ အကုန်လုံး အခက်ခဲတာ ဘာမှ မရှိဘူး။”

ထိုင်း – မြန်မာနယ်စပ် ဒေါနိုးကူး စစ်ဘေးရှောင်စခန်းထဲမှာ ရှိတဲ့ ဒေါ်လှလှဝင်းကို လေယာဉ်နဲ့ ဗုံးကြဲမခံရခင် တစ်ပတ်ကျော် အကြာလောက်တုန်းက တွေ့ဆုံမေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ဒေါ်လှလှဝင်းကတော့ ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ ဒေါနိုးကူး စစ်ဘေးရှောင်စခန်းမှာ စစ်ဘေးရှောင်လာတာ တစ်နှစ်ကျော်ရှိပြီ ဖြစ်ပါတယ်။  

ဒေါ်လှလှဝင်း အပါအဝင် စစ်ဘေးရှောင် ၅ ထောင်ကျော်ဟာ အခုဆိုရင် ထိုင်းဘက်ခြမ်းကိုရောက်နေကြပါပြီ။ 

ထိုင်းဘက်ခြမ်းကို ရောက်မလာခင်ကတည်းက ဒီစစ်ဘေးရှောင်တွေဟာ ပြေးစရာမြေ၊ နေစရာနေရာ မရှိတော့ တဲ့အတွက် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေ၊ ကုလသမဂ္ဂအပြင် ထိုင်းအာဏာပိုင်တွေ အနေနဲ့ လုံခြုံ စိတ်ချရတဲ့ နေရာတစ်ခုမှာ ခိုလှုံနေထိုင်ခွင့် ရရှိအောင် ကူညီလုပ်ဆောင်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ် 

လွတ်လပ်ရေးရပြီးတဲ့နောက် ဆက်တိုက်ဆိုသလို တိုက်ပွဲတွေဖြစ်လာပြီး အဲ့ဒီတိုက်ပွဲတွေကြောင့် ပြည်သူတွေ ဟာ တစ်နေရာကနေ တစ်နေရာကို ပြောင်းရွေ့ပြီး စစ်ဘေးရှောင်လာခဲ့ရတဲ့အတွက် အခုအခါမှာတော့ ပြေးစရာ မြေ၊ နေစရာနေရာ မရှိတော့ဘူးလို့ ဆိုကြပါတယ်။

နိုင်ငံတကာအနေနဲ့ စစ်ဘေးရှောင်တွေကို စာနာသနားသောအားဖြင့် နေထိုင်ဖို့ လုံခြုံစိတ်ချရတဲ့ နေရာတစ်ခုကို ဖန်တီးပေးဖို့နဲ့ မိမိတို့ရဲ့ နယ်မြေဒေသတွေကို စွန့်ခွာပြီး ထွက်ပြေးနေရတဲ့ အခြေအနေတွေကိုပါ အဆုံးသတ်နိုင် အောင် လုပ်ဆောင်ပေးစေချင်တယ်လို့  ဒေါ်လှလှဝင်းက ဆိုပြောပါတယ်။ 

စစ်ဘေးရှောင်တွေဟာ ဒေါနိုးကူး စစ်ဘေးရှောင်စခန်းကို ရောက်ရှိလာကြပေမဲ့ အခုခိုလှုံနေရတဲ့ နေရာမှာပင် လျှင် လုံးဝ လုံခြုံမှု မရှိတော့တဲ့အပြင် စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လာတာကြောင့် အဲ့ဒီစစ်ရှောင် စခန်းနေရာကနေလည်း စွန့်ခွာပြီးတော့ ထိုင်းဘက်ခြမ်းကို ထွက်ပြေးခိုလှုံနေကြရပါတယ်။ 

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ စစ်တပ်တို့အကြား တိုက်ပွဲ တွေ ဖြစ်ပွားနေသလို အမျိုးသားညီညွတ်ရေးအစိုးရ NUG ကဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်တပ်တို့ အကြားမှာ တိုက်ပွဲတွေ ဖြစ်ပွားလာခဲ့ပါတယ် 

ဒီလိုအခြေအနေတွေကြောင့် ပြည်သူတွေဟာ စစ်ရေးပဋိပက္ခဖြစ်ပွားရာ ဒေသကနေ တစ်နေရာပြီး တစ်နေရာ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရပြီး နေထိုင်စားသောက်ရေးအပြင် အဘက်ဘက်မှာ အခက်အခဲ တွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ 

တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဒေသတွေထဲမှာ နေထိုင်ကြတဲ့ ပြည်သူတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာ၊ လူသားဒိုင်းကာအဖြစ် အသုံးပြုတာ၊ နေအိမ်တွေကို မီးရှို့တာ၊ ပြည်သူတွေကို ရွာလုံးကျွတ် ထွက် သွားဖို့ မောင်းထုတ်တာ၊ ရွာတွေထဲ ဒေသခံတွေ လုပ်ကိုင်စားသောက်နေတဲ့ လုပ်ငန်းခွင်တွေထဲကို လက်နက်ကြီး တွေနဲ့ ပစ်ခတ်တာ၊ လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်တာ စတာတွေကို လုပ်ဆောင်လာခဲ့ပါတယ်။

ဒီအန္တရာယ်တွေကို ကြောက်လို့ နေရပ်ကနေ စွန့်ခွာထွက်ပြေးလာတဲ့ ဒေါ်လှလှဝင်းနဲ့အတူ ကရင်နီစစ်ရှောင်တွေရဲ့ နေရပ်ပြန်ရေး အိပ်မက်ကတော့ ဝေးသထက် ဝေးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။