လူထုမှ လူထုထံ ထောက်ပံ့မှုများနှင့် သာ ရှေ့ဆက်နေရသည့် ကရင်နီနှင့် ကရင်ပြည်က စစ်ရှောင်များ၏ ဘဝ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃ ရက်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်နယ်နဲ့တိုင်း အသီးသီးက မြို့နယ်တွေထဲ နေ့စဉ်နဲ့အမျှ ပြည်သူတွေ က စစ်ဘေးရှောင်နေကြရပါတယ်။ ဖြစ်ပွားဆဲပဋိပက္ခတွေနဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် အိုးအိမ်စွန်ခွာ ထွက်ပြေးရသူ ၁ ဒဿမ ၉ သန်းကျော်ရှိတယ်လို့ UNOCHA Myanmar ရဲ့ စာရင်းတွေက ဖော်ပြပါတယ်။
သူတို့ဟာ မရေရာတဲ့ အခြေအနေတွေနဲ့ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရပြီး လူမှုဘဝ ကယ်ဆယ်ရေး အကူ အညီတွေလည်း အများကြီး လိုအပ်နေပါတယ်။
နိုင်ငံတကာအစိုးရတွေကနေ တဆင့် မြန်မာနိုင်ငံကိုပေးလာတဲ့ လူသားချင်းစာနာမှု ကူညီရေး ဆိုင်ရာကိစ္စရပ်တွေ က အာဏာသိမ်းမှု နောက်ပိုင်း စစ်ကောင်စီနဲ့ ပူးပေါင်းလုပ် ဆောင်နေရတာတွေကြောင့် စစ်ဘေးရှောင်တွေဆီ ထိရောက်တဲ့ အကူအညီတွေ မရောက်ဘူးလို့ ထောက်ပြတာ တွေရှိနေပါတယ်။
စစ်တပ်က အာဏာလုယူထားတဲ့ ကာလ ၃ နှစ်နီးပါး အချိန်အတွင်း နိုင်ငံတဝှမ်းမငြိမ်အသက်မှုတွေ၊ တိုက်ပွဲတွေ၊ စစ်ရေးပဋိပက္ခတွေနဲ့ စစ်တပ်ရဲ့ လူ့အခွင့်အရေး အချိုးဖောက်မှု အမျိုးမျိုးကြောင့် အပြစ်မဲ့ပြည်သူ ၁ ဒဿမ ၉ သန်းကျော်က နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။ အိုးမဲ့အိမ်မဲ့ စစ်ရှောင်ဘဝရောက်ကုန်ပါတယ်။
သူတို့တွေအတွက် စားဝတ်နေရေးအပြင် ကျန်းမာရေး၊ ပညာရေး အစစအရာရာမှာ အကူအညီတွေ လိုအပ်နေ ကြပါတယ်။ စားနပ်ရိက္ခာနဲ့ နေရေးထိုင်ရေးက အရေးကြီးသလို ကျန်းမာရေး စောင့်ရှောက်မှုအတွက်လည်း အရေးကြီးလှပါတယ်။
ဒီလို အရေးကြီးတဲ့ကဏ္ဍတွေအတွက် စစ်ရှောင်တွေက အချင်းချင်းကူညီနေကြသလို လူထုကနေ လူထုဆီဆိုတဲ့ ကူညီပံ့ပိုးမှုနဲ့ ရှေ့ဆက်နေရပါတယ်။
အဲ့ဒီထဲ ကရင်နီပြည်နယ်မှာ အခြေစိုက်တဲ့ ဝိဇ္ဇာဆေးအဖွဲ့ရဲ့ လုပ်ဆောင်မှု တွေကလည်း စိတ်ဝင်စားစရာကောင်း ပါတယ်။ စစ်မြေပြင်က ပြည်သူတွေကို CDM ဆရာဝန်တွေနဲ့ ဖွဲ့စည်းထား တဲ့ ဝိဇ္ဇာဆေးအဖွဲ့က တတ်နိုင်သ လောက် ဆေးကုသမှုတွေ ပေးနေပါတယ်။ ဒုက္ခရောက်နေတဲ့ပြည်သူတွေကို ကူညီပေးနေတဲ့ ဒီအဖွဲ့လည်း အခုခါမှာတော့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
စစ်ဘေးရှောင်တွေနဲ့ တော်လှန်ရေးအင်အားစုတွေကို ဆေးကုသပေးနေတဲ့ ကရင်နီပြည် အခြေစိုက် ဝိဇ္ဇာဆေး အဖွဲ့ဟာ စစ်ကောင်စီတပ်ရဲ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရေးပေါ် ပြောင်းရွှေ့ဖို့ အကူအညီတွေ လို အပ်နေပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို မကြာခဏ ကြုံလာရတဲ့အတွက် အခုလို ပြောင်းရွှေ့ရတာ ဖြစ်တယ်လို့ ဝိဇ္ဇာဆေးအဖွဲ့က တာဝန်ခံ တစ်ယောက်က အခုလို ပြောပါတယ်။
“အဓိကတော့ လေကြောင်းပေါ့နော်။ လေယာဉ်ပေါ်ကနေ ပစ်တာတို့က ကျနော်တို့ ရှောင်ရှားရုံပဲပေါ့နော်။ ခဏ ခဏ အစုအဖွဲ့လည်း ပစ်ခံနေရတယ်ဆိုတော့ ကျနော်တို့ ရှောင်တဲ့ နေရာလေးပေါ့။ နေရမယ့်နေရာ တစ်စုတစ် ဝေးတည်း လုပ်ထားချင်လို့ပါ။ ဗုံးခိုကျဉ်းလေးတွေပေါ့နော်။”
ဝိဇ္ဇာဆေးအဖွဲ့ဟာ ဇူလိုင်လဝက်လောက်ကတည်းက လေကြောင်းတိုက်ခိုက်မှုတွေကို ကြုံနေရပေမယ့်လည်း လတ်တလော အခြေအနေအရ ငွေကြေး အဆင်မပြေသေးတဲ့အတွက် ပြောင်းရွှေ့ဖို့ ခက်ခဲနေတယ်လို့ ဆိုပါ တယ်။
ဆေးအဖွဲ့အနေနဲ့ တခြားပြည်နယ်နဲ့ တိုင်းဒေသတွေဖက်ကို ပြောင်းရွေ့သွားမှာ မဟုတ်ပဲ ကရင်နီပြည်နယ် အတွင်းက မူလနေရာကနေ လုံခြုံစိတ်ချရတဲ့ နေရာသစ်တစ်နေရာကို ပြောင်းရွေ့ဖို့ စီစဉ်ထားတယ်လို့ အဖွဲ့ရဲ့ တာဝန်ခံက ဆက်ပြောပါတယ်။
“အဓိကတော့ ကျနော်တို့ လုံခြုံတဲ့ နေရာပေါ့နော်။ တောင်ကြားလေးပဲ ဖြစ်ဖြစ်ပေါ့နော်။ လူနဲ့ ခပ်လှမ်းလှမ်း နေရာလေးမှာ အခြေစိုက် ဆောက်မယ်။ ဆောက်ပြီးသွာင်းရင် ဗုံးခိုကျင်းလေး ဆောက်မယ်။ အဲဒီအတွက် ခန့်မှန်း ကုန်ကျစရိတ်ပေါ့နော်။ သိန်း ၅၀ အထက် အဲလောက်ကုန်ကျမယ်လို့တော့ တွက်ထားတယ်”
ပြောင်းရွေ့စရိတ် သိန်း ၅၀ ကျော် ကုန်ကျမယ်လို့ ဆိုပါတယ်။
ဝိဇ္ဇာဆေးအဖွဲ့ဟာ ပြီးခဲ့တဲ့ မေလ တောင်စလုံး တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ အချိန်ကတည်းက ပထမအကြိမ် စခန်း ပြောင်းရွှေ့ခဲ့ရဖူးပြီး အခု ဇူလိုင်လထဲမှာလည်း အခြေစိုက် ကျေးရွာရဲ့ လုံခြုံရေးအတွက် ဒုတိယအကြိမ် ပြောင်း ရွှေ့ဖို့ စီစဉ်နေတယ်လို့ မိတ်ဖက်အဖွဲ့အစည်းဖြစ်တဲ့ Karenni Support Team (KNST) တာဝန်ရှိသူ တစ်ယောက် က ပြောပါတယ်။
“သူတို့က ဒီဟာ ဘယ်လိုပြောမလဲ ရွာက လက်မခံတော့ဘူးပေါ့နော်။ အရင်တုန်းက ရွာမှာရှိတဲ့ ဆေးခန်းတစ် ခုမှာ သူတို့နေတာ။ ဒါပေမယ့် ရွာက လက်မခံတော့တဲ့အတွက် သူတို့ တခြားနေရာပြောင်းရတာ။ အစောနက အကို ပြောသလိုပေါ့။ ဒီရွာက နည်းနည်းလည်း ကြောက်ကြတယ်ပေါ့နော်။ ဒီအဖွဲ့တွေ ရှိရင် ဒီလို ဖြစ်မယ်ဆိုတဲ့ အယူ အဆပုံစံမျိုးလေးတွေကြောင့်မို့လို့ပေါ့နော်”
ဝိဇ္ဇာဆေးအဖွဲ့မှာ လုပ်သက် ၁၀ နှစ်ရှိတဲ့ CDM ခွဲစိတ်ဆရာဝန် တစ်ဦး၊ CDM သူနာပြု တစ်ဦး၊ နောက်ဆုံးနှစ် ပြီး ထားတဲ့ သူနာပြု ဆရာမ ၂ ဦး၊ CDM ပြုလုပ်ထားတဲ့ ဆေးကျောင်းသား တစ်ဦး၊ သူနာပြုကျောင်းသား တစ်ဦးနဲ့ အင်ဂျင်နီယာ တစ်ဦး စုစုပေါင်း ၇ ဦးနဲ့ ဖွဲ့စည်းထားပြီး ကရင်နီ ပြည်နယ်အတွင်းက စစ်ဘေးရှောင် တွေနဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေကို လှည့်လည်ဆေးကုသပေးနေတဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။
စစ်ရှောင်တွေကို ကျန်းမာရေး ဝန်ဆောင်မှုပေးတဲ့ အဖွဲ့တွေတင်မကဘဲ စစ်ရှောင်ကလေးငယ်တွေကို တော တောင်တွေထဲ စာသင်ပေးနေတဲ့ ဆရာ ဆရာမတွေလည်း အကူအညီတွေ အများကြီး လိုအပ်နေကြပါတယ်။
ကရင်နီက စစ်ရှောင်တွေလဲ KNU ဒေသထဲက စစ်ရှောင်တွေလည်း အခက်အခဲအမျိုးမျိုး ရှိနေကြပါတယ်။
ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၂ တောင်ငူခရိုင်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက် ပြေး တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ နေရာထိုင်ခင်းအတွက် အကူ အညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကို အကူအညီပေး နေသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်ကနေ ၂၃ ရက်နေ့အထိ KNU တပ်မဟာ ၂ တောင်ငူခရိုင် ယာဒိုဒေသအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ၂၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိမှာ စားနပ်ရိက္ခာ အပြင် အဖက်ဖက်က အကူအညီတွေ လိုအပ်နေတယ်လို့ လက်ရှိ စစ်ရေးပဋိပက္ခဖြစ်ပွားရာ ဒေသက စစ်ဘေး ရှောင်တွေကို အကူအညီ ပေးနေတဲ့ အမျိုးသားတစ်ယောက်က ပြောပါတယ်။
“အခုလက်ရှိ လက်တလောဖြစ်နေတဲ့ စစ်ရှောင်တွေပေါ့နော။ အဲဒါကိုလည်း တစ်ချက် ကူညီပေးပါပေါ့နော။ ကျနော်တို့ ဆန်ရိက္ခာ အခက်အခဲဖြစ်မယ်။ တောထဲ တောင်ထဲမှာ နေတာဖြစ်တဲ့အတွက် ကျနော်တို့ အခုအချိန် ဆို မိုးရာသီဖြစ်တဲ့အတွက် ခြင်ကိုက်တာတို့ ခြင်ထောင်တို့ ဒီ မိုးကာတို့ပေါ့နော အဲလိုမျိုးလေးတွေ အဲဒါ လက်တလော အရေးပေါ်လိုအပ်ချက်အရ ကူညီပေးဖို့အတွက် မေတ္တာရပ်ခံချင်တာပေါ့နော်။”
တိုက်ပွဲတွေကြောင့် ယာဒိုဒေသအတွင်းက ကလေထ၊ တပ်ကုန်း၊ ဝါသောခို၊ ဝါဘန်းခို၊ ပရယ်ဆော်၊ လိုရာဒို၊ ကာပရူး စတဲ့ ကျေးရွာတွေက ဒေသခံ ၂၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ဘေးရှောင်တွေကို အကူအညီပေးနေသူတွေက ပြောပါတယ်။
လက်ရှိမှာ စစ်ဘေးရှောင်တွေဟာ တိုက်ပွဲဖြစ်ပွားတာ မရှိတဲ့ သူတို့နဲ့ နီးစပ်ရာ ဆွေမျိုးတွေဆီမှာ သွား ရောက် ခိုလှုံနေရသူတွေ ရှိသလို တချို့ကတော့ တောတောင်တွေထဲမှာ ထွက်ပြေးတိမ်းရှောင်နေရကြပြီး စာနပ်ရိက္ခာ အပြင် နေထိုင်ဖို့ နေရာထိုင်ခင်းအတွက် အမိုးအကာ၊ ဆေးဝါးတို့ အရေးအပေါ် လိုအပ်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အခြားတစ်ဖက်မှာလည်း စစ်ကောင်စီတပ်က ရိက္ခာသယ်ယူ ပို့ဆောင်နေတဲ့ လမ်းကြောင်းတွေကို ပိတ် ထားတဲ့အတွက် စစ်ဘေးရှောင်တွေအတွက် ရိက္ခာရရှိရေးမှာလည်း အခက်အခဲများစွာ ရှိနေတယ်လို့ အကူအညီပေးနေတဲ့ အမျိုးသားက ဆက်ပြောပါတယ်။
“စစ်ဘေးရှောင်ကတော့ ဒီအနေအထားနဲ့ဆိုရင်တော့ စစ်ဘေးရှောင်ပိုပြီးတော့ တိုးလာမယ်။ နောက်ပြီး စား နပ်ရိ က္ခာတွေ ပိုပြီးတော့ ကြပ်တည်းလာမယ်ပေါ့။ ဘာကြောင့်လဲဆိုတော့ ဒီလမ်းကြီးက ပိတ်ဆို့ထား တာကိုး တောင်ငူ – လိပ်သို – ဒီလွိုင်ကော်လမ်းပေါ့နော။ အဲဒီလွိုင်ကော်လမ်းပေါ်မှာရှိနေတဲ့ ဒီယာဒိုပေါ့နော။ အဲဒီ ယာဒိုက လက်တလောမှာ ပိတ်ဆို့ ထားတော့ ရိက္ခာပိုင်းဆိုင်ရာ ပိတ်ဆို့ထားတော့ စစ်ရှောင်တွေအနေနဲ့ တော် တော်လေး အခက်အခဲ ဒီထက်ပိုပြီးတော့ ဖြစ်လာမယ်လို့တော့ ထင်ပါတယ်ခင်ဗျာ။”
စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေ တဲ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်တပ်ဖွဲ့ PDF တွေနဲ့လည်း တိုက်ပွဲတွေ ဖြစ်ပွားလာခဲ့ပါတယ်။
တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်သတ် ဖြတ်တာ၊ လူသားဒိုင်းကာအဖြစ် အသုံးပြုတာ၊ နေအိမ်တွေကို မီးရှို့တာ၊ ကျေးရွာထဲက ရွာလုံးကျွတ် ထွက်သွား ဖို့ မောင်းထုတ်တာ၊ ကျေးရွာတွေထဲနဲ့ ဒေသခံတွေ လုပ်ကိုင်စားသောက်နေတဲ့ လုပ်ငန်းခွင်တွေထဲကို လက် နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေယာဉ်အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်တာ စတာတွေကို လုပ်ဆောင်လာခဲ့ကြပါတယ်။
ဒီလို အခြေအနေတွေကြောင့် ပြည်သူတွေဟာ စစ်ရေးပဋိပက္ခဖြစ်ပွားရာ ဒေသတွေကနေ တစ်နေရာပြီး တစ်နေ ရာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး နေထိုင်စားသောက်ရေးအပြင် အဖက်ဖက်မှာလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။
ကရင်၊ ကရင်နီ၊ ချင်း၊ စစ်ကိုင်း၊ မကွေး၊ တနင်္သာရီ ဒေသအသီးသီးက စစ်ရှောင်တွေဟာ စစ်တပ်က အာဏာလု ယူလိုက်တဲ့အချိန်ကစလို့ ဒီနေ့အချိန်ထိ ဘဝအမောတွေ၊ ခက်ခဲမှုတွေ၊ အငတ်ဘေး အပြင် အသက်ဘေး အန္တရာယ် အမျိုးမျိုးကြောင့် နေရပ်ကို မပြန်နိုင်ကြသေးပါဘူး။ အလှူရှင်တွေ၊ ပြည်သူတွေ အချင်းချင်း ကူညီပေး လှူမှုတွေနဲ့ ဘဝရဲ့ နေ့ရက်တွေကို ကျော်ဖြတ်နေရပါတယ်။
အချိန်ကာလ ကြာမြင့်လာတာနဲ့အမျှ ကူညီထောက်ပံ့မှုတွေကလည်း လျော့နည်းလာလို့ နိုင်ငံတကာ အစိုးရတွေ ဆီက အကူအညီတွေကို ရလိုရငြားမျှော်လင့်နေကြပါတယ်။ ဒါ့ပေမယ့် နိုင်ငံတကာအစိုးရတွေကနေ တဆင့် မြန်မာနိုင်ငံကိုပေးလာတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကတော့ စစ်ရှောင်တွေဆီ ရောက်မလာခဲ့ ပါဘူး။
လူသားချင်းစာနာမှု ဆိုင်ရာ ကူညီရေး ကိစ္စရပ်တွေကို စီမံခန့်ခွဲပေးနေတဲ့ အာဆီယံအပါအဝင် ကုလသမဂ္ဂလက် အောက်ခံ အဖွဲ့အစည်းတွေနဲ့ အာဏာသိမ်းမှု နောက်ပိုင်း စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ဆောင်နေရတာတွေကြောင့် စစ်ဘေးရှောင်တွေဆီ ထိရောက်တဲ့ အကူအညီတွေ မရောက်ဘူးလို့ BNI က ထောက်ပြလိုက်ပါတယ်။
မြန်မာနိုင်ငံကို လူသားချင်းစာနာမှု အကူအညီပေးနေတဲ့ နည်းလမ်းတွေအပေါ် နိုင်ငံတကာအနေနဲ့ ပြန်လည် သုံးသပ်နိုင်ဖို့ သုတေသန စာတမ်းတစ်စောင်ကို ဇူလိုင်လ တတိယပတ်မှာ နိုင်ငံတကာမြန်မာသတင်းအဖွဲ့-BNI က အွန်လိုင်းက မိတ်ဆက်ခဲ့ပါတယ်။
“နိုင်ငံတကာအလှူရှင်အစိုးရများ အတွက် ပုစ္ဆာ/ လူသားချင်းစာနာကူညီရေး အကျပ်အတည်းအား အဖြေရှာ ကြည့်ခြင်း” ဆိုတဲ့ သုတေသနစာတမ်းကို BNI ရဲ့ မြန်မာ့ငြိမ်းချမ်းရေး လမ်းစဥ်စောင့်ကြည့်ရေး ပရိုဂရမ် (MPM) မှ သုတေသနပြုစု လေ့လာပြီး မိတ်ဆက်ခဲ့ပါတယ်။
နိုင်ငံတကာက အကူအညီတွေဟာ လူထုဆီကို မရောက်ဘူးလို့ BNI ရဲ့ မီဒီယာဖွံ့ဖြိုးရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးမြင့်က အဲဒီနေ့မှာ ပြောဆိုလိုက်ပါတယ်။
“အာဏာသိမ်းစစ်အုပ်စုရဲ့ ခွင့်ပြုချက် တစ်စုံတစ်ရာ မရဘဲနဲ့ ဘယ်အကူအညီမှ ပြည်သူ တစ်ဦးတစ်ယောက်ထံ ထောက်ပံ့နိုင်ခြင်းမရှိတဲ့ အခက်အခဲ အကျပ်အတည်း အခြေအနေတွေ တွေ့နေရပါတယ်။ ဒါတွေကို နိုင်ငံကတာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေ အားလုံးနဲ့ ရှာဖွေကြံဆသင့်ပြီလို့ ယူဆပါတယ်။”
UNOCHA ကနေ ထုတ်ပြန်ထားတဲ့ လူသားချင်စာမှုဆိုင်ရာ တုန့်ပြန်ခြင်း အစီအစဉ်မှာ ၂၀၂၂ ခုနှစ် နှစ်ကုန် အစီရင် ခံစာအရ မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီလိုအပ်သူပေါင်း ၁၄.၄ သန်းရှိခဲ့ပေမယ့် ပြည်သူ ၄.၃၆၁ သန်းကိုပဲ ကူညီနိုင်ခဲ့တယ်လို့ BNI ထောက်ပြထားပါတယ်။
အဲ့ဒီထဲမှာ ၅ သိန်းကျော်ကပဲ စစ်ဘေးသင့်ဒုက္ခသည်တွေ ဖြစ်ကြောင်း၊ သူတို့တွေအတွက် အမေရိကန်ဒေါ်လာ ၉ သန်းပဲ အသုံးပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ စစ်ရှောင်တစ်ယောက်အတွက် တစ်နှစ်လုံးမှာ ၁၇ ဒေါ်လာပဲ ကူညီနိုင်ခဲ့တာ ဖြစ်ပြီး ပြည်သူက ပြည်သူဆီ လှူဒါန်းပေးမှုတွေကတော့ ပြည်သူပေါင်း ၃ သိန်းနီးပါးအတွက် ကူညီနိုင်ခဲ့တယ်လို့ စီမံခန့်ခွဲမှု ဒါရိုက်တာ ဒေါ်တင်တင်ညိုက ပြောပါတယ်။
“ဆိုတော့ ပြည်သူမှ ပြည်သူ ပြည်သူအချင်းချင်းထည့်ဝင်လှူဒါန်းမှုကြောင့် ဒီနှစ်နှစ်အတွင်းမှာပေါ့နော် ၆.၆ ဘီ လီယံကျပ်အထိ NUG ကနေ လက်ခံရရှိပါတယ်။ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနကနေပြီးတော့မှ မြန်မာနိုင်ငံတဝှမ်းလုံးမှာရှိတဲ့ အရေးပေါ် အကူအညီလိုအပ်နေတဲ့ နေရပ်စွန့် ခွာ စစ်ဘေးရှောင် ပြည်သူတွေ နိုင်ငံ့ဝန်ထမ်း CDM တွေ၊ ထိခိုက်ကျဆုံး ပြည်သူများရဲ့ မိသားစုဝင်တွေ၊ နိုင်ငံ ရေး အကျဉ်းသားမိသားစုဝင်တွေ၊ ထိခိုက်လွယ်သော မိသားစုဝင်များ စသဖြင့် အုပ်စုအမျိုးအစားခွဲပြီးတော့ ပြည်သူပေါင်း ၂ သိန်းကျော်ပေါ့နော် ၃သိန်းခန့်အထိကို ထောက်ပံ့ကူညီနိုင်ခဲ့တာကို ကျမတို့ တွေ့ရှိခဲ့ရပါတယ်။”
BNI က မိတ်ဆက်လိုက်တဲ့ စာတမ်းထဲ လူထုတွေဆီကို ထိရောက်တဲ့ အကူအညီရောက်ရှိရေး နိုင်ငံတကာအနေနဲ့ သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး အားလုံးပါဝင်တဲ့ လူသားချင်းစာနာမှု အကူအညီ ပေးရေးဖိုရမ် အမြန်ဆုံး အကောင်အထည်ဖော်ရေး၊ ဒေသအလိုက် လေယာဥ် မပျံသန်းရဇုန်ကိစ္စ၊ ပြည်သူ့ အကာ အကွယ်ပေးရေး ဇုန်တွေ ကြေညာပေးရန်နဲ့ နယ်စပ်ဖြတ်ကျော် အကူအညီပေးရေးကိစ္စတွေကို အမြန်ဆုံးလုပ် ဆောင်ရန် တိုက်တွန်းထားပါတယ်။
နယ်စပ်ဖြတ်ကျော် အကူအညီပေးရေးကို လုပ်ဆောင်ရာမှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ ဒေသခံ တိုင်းရင်း သားတော်လှန်ရေး အဖွဲ့အစည်း အင်အားစုတွေနဲ့တကွ ဒေသတွင်း အရပ်ဘက်အဖွဲ့တွေနဲ့ပါ ချိတ်ဆက် ညှိနှိုင်းပြီး ဆွေးနွေးအဖြေရှာ လုပ်ဆောင်သင့်တယ်လို့ BNI က အကြံပြုထားပါတယ်။