ထိုင်းနယ်စပ် ဒေါနိုးကူးစစ်ရှောင်စခန်းက ကရင်နီစစ်ရှောင်များ၏ ဘဝ၊ လိုအပ်ချက်များ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်။ 

ကရင်နီပြည်ထဲ တိုက်ပွဲ ဖြစ်နေပြီး စစ်ဘေးရှောင်တွေ နှစ်စဉ်နဲ့အမျှ တိုးလာနေပါတယ်။ အသစ်တွေ ထပ်တိုးလာ သလို အဟောင်းတွေလည်း နေရပ်ကို  မပြန်နိုင်ကြသေးဘာဘူး။ 

ဒီလိုမျိုး မပြန်နိုင်ကြသေးတဲ့ စစ်ရှောင်တွေဟာ အခက်အခဲ အမျိုးမျိုးနဲ့ ဘေးလွှတ်နိုင်မယ်လို့ ယူဆရတဲ့ နေရာ တွေမှာစစ်ဘေးရှောင် နေကြရပါတယ်။  

ထိုင်း -မြန်မာ နယ်စပ် ဒေါနိုးကူးကရင်နီ စစ်ရှောင်စခန်းမှာ လူဦးရေ ၅၀၀၀ ကျော်ရှိနေပြီး အခုဆိုရင် သူတို့ဟာ ရိက္ခာ ပြတ်လပ်မှုတွေ ရှိနေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။ 

ကရင်နီပြည်နယ်ထဲက ပြည်သူတွေဟာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ပြည်နယ်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ ကရင်နီ တပ်မတော် KA၊ KNDF၊ PDF ပူးပေါင်းတပ်ဖွဲ့ ကြားက တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်တွေ ဖြစ်ကုန် တာ ၂ နှစ်ကျော် ရှိလာပြီ ဖြစ်ပါတယ်။ 

နှစ်စဉ်နဲ့အမျှ ဖြစ်ပွားနေတဲ့ နှစ်ဖက်ကြားက စစ်ရေး ပဋိပက္ခ၊ စစ်တပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ ကြောင့် နေ့တိုင်း စစ်ဘေးရှောင်အသစ်တွေ တိုးလာနေပါတယ်။ 

ကရင်နီပြည်နယ် ထဲမှာတော့ အာဏာသိမ်း ပြီးတဲ့နောက်ပိုင်း လူဦးရေ ၂ သိန်းကျော်က စစ်ဘေးရှောင် ဘဝကို ရောက်သွား ကြပါတယ်။ အဲ့ဒီ ၂ သိန်းကျော်ထဲ ထိုင်း- မြန်မာ နယ်စပ် က ဒေါနိုးကူး စစ်ရှောင်စခန်းကို ရောက် လာတဲ့ စစ်ဘေးရှောင် ၅ ထောင်ကျော်လည်း ပါဝင်ပါတယ်။ 

စစ်ဘေးရှောင် လူဦးရေ တိုးတက်လာတာ၊ အလှူရှင် နည်းပါးသွားတာ အပါအဝင် ထိုင်းအစိုးရကလည်း ရိက္ခာ သယ်ပို့ရေး လမ်းကြောင်းတွေကို ပိတ်ထားလိုက်တဲ့အတွက် ရိက္ခာပြတ်လပ်တာ၊ ရိက္ခာမလုံလောက်တာတွေနဲ့ ကြုံနေကြရတာဖြစ်တယ်လို့ ဒေါနိုးကူး စစ်ရှောင် စခန်းက အုပ်ချုပ်ရေး ကော်မတီ  ဂိုဒေါင်မှူး  ဒေါ်မှုဆီးက ပြော ပါတယ်။

“ဒီ ၂၀၂၃ ခုနှစ်မှာကျတော့ ကျမတို့ လူဦးရေက များလာတဲ့ အတွက်ကြောင့်မို့ ကျမတို့က လတိုင်းလိုလို အရင်တစ်နှစ်ကလိုမျိုး ဆန်ထုတ်လို့ မရတော့ဘူးပေါ့နော်။ လမ်းလည်း ပိတ်ထားတော့ ရိက္ခာလာတာလည်း ခက်ခဲတာပေါ့နော်။ ဒီရိက္ခာလာတာက ဒီရိက္ခာက လူဦးရေအပေါ်မကိုက်ညီတော့ဘူးပေါ့နော်။ လူဦးရေလည်း များတယ် ရိက္ခာလည်း လာတာတော့ နည်းတယ်။“

ရိက္ခာသယ်ယူတဲ့ လမ်းကြောင်းတွေ အပိတ်ခံလိုက်ရတဲ့ အဓိက အကြောင်းအရင်းကတော့ နယ်စပ်တစ်လျှောက် စစ်ရေး တင်းမာမှုတွေရှိနေတဲ့အတွက် ပိတ်လိုက်တာ ဖြစ်နိုင်တယ်လို့ စစ်ဘေးရှောင်စခန်း တာဝန်ရှိသူတွေက ပြောပါတယ်။ 

ရိက္ခာသယ်နေတဲ့ လမ်းတွေကို ထိုင်းဘက်က ပိတ်လိုက်တာ အပါအဝင် စစ်ဘေးရှောင် စခန်းထဲမှာ ရိက္ခာ မလုံ လောက်တာနဲ့ ရိက္ခာပြတ်သွားတဲ့ အဓိက အကြောင်းအရင်းနဲ့ ပတ်သက်ပြီးတော့ ဒေါနိုးကူး စစ်ရှောင်စခန်း အုပ်ချူပ်ရေး ကော်မတီ ရုံးစီမံမှု ခွန်းရောဘတ်ကလည်း အခုလို ပြောပါတယ်။ 

“ဒီစစ်ရေးတင်းမာမှုကြောင့်လည်း ဖြစ်နိုင်တယ်။ စစ်ရေးတင်းမာလို့ လမ်းပိတ်လိုက်တာရယ် ပြီးလို့ရှင် ကျနော်တို့ လူဦးရေတိုးပွားလာလို့လည်း ရိက္ခာလည်း အခက်အခဲရှိတယ်။ ပြီးလို့ရှင် အလှူရှင်တွေ နည်းပါးလာတဲ့ အတွက်ကြောင့်မို့လဲ ဖြစ်နိုင်တယ်ပေါ့နော်။“

စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ ကရင်နီပြည်မှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားချိန်က ဒေါနိုးကူး စစ်ဘေးရှောင် စခန်းကို တိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်ဟာ ၂ထောင်ကျော်ပဲ ရှိခဲ့ရာကနေ ၂၀၂၃ ခုနှစ်မှာတော့ စစ်ဘေးရှောင် လူဦးရေ ၅ ထောင်ကျော်အထိ ရှိလာခဲ့ပါတယ်။

လူဦးရေများလာပြီး ရိက္ခာပြတ်လပ်မှုတွေ ရှိလာတဲ့အတွက် ကူညီထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းတွေကိုလည်း အခုထက်ပိုပြီး ကူညီပေးကြဖို့ တောင်းဆိုထားသလို ထိုင်းဘက်ကိုလည်း ရိက္ခာ သယ်ယူနိုင်ဖို့ လမ်းတွေ ဖွင့်ပေးဖို့ တောင်းဆိုတယ်လို့ ခွန်းရောဘတ်က ဆက် ပြောပါတယ်။

“သူတို့ ထိုင်းအစိုးရတွေကို ကျနော်တို့ ဒီစစ်ရှောင်အတွက်လမ်းတွေကို ဖွင့်ပေးဖို့ ကျနော်တို့ကို ဘယ်အခြေအနေ ဘယ်အချိန်ခါမှာမဆို ကျနော်တို့ကို ရိက္ခာတွေကို လွတ်လွတ်လပ်လပ် တင်ခွင့်ပေါ့နော်။ ပြီးတော့ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေကို လွတ်လွတ်လပ်လပ် ဝင်လာစေချင်တယ်။ အဲ့ဒါလေးတော့ သူတို့ကို အကူအညီ တောင်းချင်တယ်ပေါ့နော်။“

ရိက္ခာ အခက်အခဲ အပြင် မိုးကာ၊ အိမ်သာခွက်၊ ချက်ပြုတ်ဖို့ အတွက် အိုးခွက် ပန်းကန် စတဲ့ အသုံးအဆောင် ပစ္စည်းတွေလည်း လိုအပ်နေကြပါတယ်။

ရိက္ခာနဲ့ တခြားအသုံးအဆောင် ပစ္စည်းတွေကိုပါ အကူအညီပေးကြဖို့ တောင်းဆိုထားသလို ပြည်သူလူထုတွေကို ဦးတည်ပြီးတော့ တိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကပါ ဟန့်တားပေးဖို့ကိုလည်း နိုင်ငံတကာကို တောင်းဆိုတယ်လို့ ခွန်းရောဘတ်က ပြောပါတယ်။

“ဒီစခန်း တစ်ခုလုံးသာမကပေါ့နော ကျနော်တို့ မြန်မာပြည် အနေအထားကို ကျနော်တို့ မြန်မာပြည် တပြည်လုံးမှာ စစ်ရှောင်နေရတဲ့သူတွေကို အကူအညီ ပေးစေချင်တယ်။ စစ်ရှောင်တိုင်း၊ နေရာတိုင်းမှာ အကူအညီ လိုအပ်သလို ကျနော်တို့ ငြိမ်းချမ်းရေး မြန်မြန်ရဖို့ အကူအညီတောင်းချင်တယ်။ နောက်ပြီး စစ်ကောင်စီကို  ပိတ်ပင်ဖို့ပေါ့ သူတို့ရဲ့ လုပ်ရပ်တွေကို ဟန့်တားပေးဖို့ နိုင်ငံတကာကို အကူအညီ တောင်းချင်တယ်။ ပြီးရင်ကျနော်တို့ အခုဒုက္ခရောက်နေတဲ့ စစ်ရှောင်တွေကို အကူအညီတွေ လူသားချင်း စာနာထောက်ထားမှုတွေ ဒီထက်ပိုပြီး ကူညီပေးဖို့ ကျနော်တို့ တောင်းဆိုချင်တယ်။”

ဒေါနိုးကူးစစ်ဘေးရှောင် စခန်းကို ရောက်လာတဲ့ စစ်ရှောင်တွေကတော့ ကရင်နီပြည်နယ်အတွင်းက ဒီးမော့ဆို၊ လွိုင်ကော်၊ ရှားတောနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက ဒေသခံတွေ ဖြစ်ကြပါတယ်။

သူတို့တွေဟာ စစ်ကောင်စီတပ်ရဲ့ ရည်ရွယ်ချက်ရှိရှိ လူထုနေတဲ့ ရွာတွေထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ အပြင် လေယာဉ်ကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ရွာတွေထဲမှာ နေလို့မရတော့တာကြောင့် အိုးအိမ်စွန့်ခွာ နေရပ်ကနေ ထွက်ပြေးတိမ်းရှောင် လာကြရတာ ဖြစ်ပါတယ်။ 

ဒေါနိုးကူးစစ်ဘေးရှောင် စခန်းကို ထွက်ပြေး တိမ်းရှောင်လာကြတဲ့ စစ်ဘေးရှောင် ၅ ထောင်နီးပါး သာမက ကရင်နီပြည်ထဲမှာ ရှိနေတဲ့ စစ်ဘေးရှောင်တွေဟာ ရိက္ခာမလုံလောက်တာ၊ ရိက္ခာပြတ်လပ်နေတာတွေနဲ့ ရင်ဆိုင် နေရလို့ ကူညီရေးအဖွဲ့တွေအနေနဲ့ ဒီထက်ပိုပြီး ထောက်ပံ့ပေးဖို့နဲ့ ထိုင်းနိုင်ငံကနေလည်း လူသားချင်းစာနာမှု ကူညီပေးနေတဲ့ အဖွဲ့တွေကို နယ်စပ်ဖြတ်ကျော်ခွင့်ပေးဖို့ တောင်းဆိုထားကြပါတယ်။ 

ဒေါနိုးကူး စစ်ရှောင်စခန်းမှာတော့ ကျောင်းအဆောက်အအုံ လုံလောက်မှု မရှိတဲ့ အပြင် တခြား အသုံးအဆောင် ပစ္စည်းတွေလည်း လိုအပ်နေတယ်လို့ ကျောင်းတာဝန်ခံကပြောပါတယ်။ 

ဒေါနိုးကူး ကရင်နီ စစ်ရှောင် စာသင်ကျောင်းတွေမှာ ကျောင်းအဆောက်အအုံ အပြင် ကျောင်းသူ/သားတွေ အတွက် ထိုင်ခုံ၊ စားပွဲ၊ ဖတ်စာအုပ်၊ ခဲတံ၊ ဘောပင် စတဲ့ ကျောင်းအသုံးအဆောင် ပစ္စည်းတွေလည်း လိုအပ်နေ တယ်လို့ ကျောင်းတာဝန်ခံ ဦးပလဲရယ်က ပြောပါတယ်။

“အရေးအကြီးဆုံးက အဆောက်အအုံပေါ့။ အဆောက်အအုံက လုပ်နေတုန်းပဲ မပြီးသေးဘူး။ တခြားကတော့ ကျနော်တို့ ရေပေါ့နော်။ နောက်ပြီးကလေးအတွက် အိမ်သာတက်ဖို့အတွက်ရော အိမ်သာတွေလည်း လိုတယ်ပေါ့နော်။ ခုံတွေကောလိုတယ်။ စာအုပ်တွေလည်း မလုံလောက်သေးဘူးပေါ့နော်။ ဖတ်စာအုပ်လည်းလိုတယ်။”

ကျောင်းအိမ်သာ အတွက်လည်း ရေတိုင်ကီတွေ လိုအပ်နေတယ်လို့ ဆိုကြပါတယ်။ လက်ရှိ စစ်ရေး နိုင်ငံရေး တွေအပေါ် မူတည်ပြီးတော့ ဖွင့်လှစ်နေရတဲ့ ကျောင်း ဖြစ်တာကြောင့် ခက်ခဲမှု များစွာရှိနေတယ်လို့ ဒေါနိုးကူး စစ်ရှောင်စခန်း အုပ်ချုပ်ရေး ကော်မတီရုံး စီမံရေးမှူး ခွန်းရောဘတ်က ပြောပါတယ်။

“အခက်အခဲတော့ အများကြီးရှိနေတုန်းပဲ။ အခက်အခဲ ရှိတယ်ဆိုတာက စစ်ရေးကြောင့်ရယ် ပြီးလို့ရှင် နေရာထိုင်ခင်းကြောင့်ရယ်ပေါ့နော်။ ပြီးလို့ရှင် စာသင်ကျောင်း ဆောက်လုပ်နေတုန်းဖြစ်တဲ့အတွက် အခက်ခဲရှိတာပေါ့နော်။ အဓိက စာအုပ်နော်။ ဒီ Text book တွေကအစ ပြီးလို့ရှင် ဗလာစာအုပ်တွေကစ လိုအပ်တယ်။”

ဒေါနိုးကူး စစ်ဘေးရှောင်စခန်းကို စစ်ဘေးတိမ်းရှောင် လာသူတွေထဲမှာတော့ မိဘတွေပါမလာတဲ့ ကျောင်းသူ/ သားတွေလည်း ရှိနေပြီး သူတို့တွေ နေထိုင်ဖို့အတွက် ဘော်ဒါဆောင် လိုအပ်မှုတွေလည်း ရှိနေတယ်လို့ ဒေါနိုးကူး စစ်ဘေးရှောင် ကျောင်းတာဝန်ခံက ပြောပါတယ်။ 

ကျောင်းသူကျောင်းသားတွေ အတွက် လိုအပ်နေတဲ့ ကျောင်းဘော်ဒါဆောင်ကို ကူညီဆောက်လုပ်ပေးဖို့ တောင်းဆိုတယ်လို့လည်း ကျောင်းတာဝန်ခံ ခူးပလဲရယ်က ဆက်ပြောပါတယ်။

“ဒီကူညီပေးတဲ့ အဖွဲ့ကတော့ သူတို့ လာထောက်ပံ့ပေးတော့ ကောင်းတာပေါ့နော်။ ဒီ ဘော်ဒါဆောင် ဖွင့်ပေးရင်တော့ ကောင်းတာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတချို့တွေက တကယ်အခက်အခဲရှိတယ်လို့ ကျနော် မြင်တယ်။ မိဘတကယ်မပါလာတဲ့ သူတွေလည်း ရှိတယ်လေ။ အဒေါ်တို့ ဦးလေးတို့နဲ့ နေတဲ့ သူတွေလည်း ရှိတယ်။ သူတို့ အဲ့မျိုး လိုက်ကပ်နေတဲ့ခါကြတော့ သူတို့လည်း ဝင်ငွေမရှိဘူးရော အဲ့တော့ အခက်အခဲ ဖြစ်မှာပဲ။ စာကျက်တာပဲ ဖြစ်ဖြစ် သူတို့နေဖို့ စားသောက်ဖို့ပဲဖြစ်ဖြစ်ပေါ့နော် အခက်အခဲဖြစ်နေကြတယ်။”

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က ဒေါနိုးကူး စစ်ဘေးရှောင်စခန်းမှာ ကျောင်းသူ/သားပေါင်း အယောက် ၅၀၀ ကျော်လောက် ပဲ ရှိခဲ့ရာကနေ အခုနှစ်မှာတော့ ၁ထောင်ကျော်ထိ ရှိလာတဲ့အတွက် လိုအပ်မှုတွေ အရင်နှစ်ကထက် ပိုများတယ် လို့ ဆိုပါတယ်။

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါလျားခူ ကျေးရွာကနေ ဒေါနိုးကူး စစ်ဘေးရှောင် စခန်းကို တိမ်းရှောင်လာတဲ့ ဒေါ်လှလှဝင်းက ကလေးတွေရဲ့ ကျောင်းပညာရေးအတွက် စိုးရိမ်စရာမရှိပေမဲ့ လိုအပ်မှုတွေတော့ ရှိနေတယ်လို့ ဆိုပါတယ်။

“ရွာမှာ နေတာထက်စာရင် သူတို့ဒီမှာကျောင်းတက်ရတယ်။ ဒါပေမယ့် ကျမတို့ ဒီမှာ ဘာအလုပ်အကိုင်မှ မရှိတော့အခက်အခဲ ရှိတယ်။ သူတို့ အင်္ကျီတွေ သူတို့ ဖိနပ်ကစပေါ့နော်။ မဝယ်ပေးနိုင်ဘူး။“

ဒေါနိုးကူး စစ်ရှောင်စခန်းထဲက အထက်တန်းကျောင်းမှာတော့ အလယ်တန်းကနေ ၁၀တန်းထိ ကျောင်းသူ/သား အယောက် ၇၀ ရှိနေပြီး ကျောင်းကို ပြီးခဲ့တဲ့ ၁၂ လပိုင်း ၇ရက်နေ့က ဖွင့်လှစ်လိုက်တာ ဖြစ်ပါတယ်။ 

ကျောင်းဖွင့်လိုက်ပြီ ဖြစ်ပေမဲ့ အစစအရာရာမှာ လိုအပ်မှုတွေ ရှိနေတဲ့အတွက် ဝိုင်းဝန်းကူညီပေးကြဖို့ ကျောင်း သားမိဘတွေနဲ့ စခန်းတာဝန်ခံတွေက ပြောပါတယ်။

ကရင်နီ စစ်ဘေးရှောင်တွေအတွက် လိုအပ်တဲ့ အချက်တွေကို ပြောရမယ်ဆိုရင် တခြားပြည်နယ်နဲ့ တိုင်းဒေသ ကြီးတွေထဲက စစ်ဘေးရှောင်တွေလိုပဲ လိုအပ်ချက်တွေ အများကြီးရှိနေပါတယ်။ 

အခြေခံ စားနပ်ရိက္ခာ လိုအပ်ချက်၊ စစ်ရှောင်ကလေးတွေအတွက် ပညာရေး၊ ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည်နှစ်သိမ့်ပေးရမယ့် အရေးကိစ္စတွေက အစ အများကြီး လိုအပ်နေတာဖြစ်ပါတယ်။ 

စစ်ဘေးရှောင်တွေ ထပ်ပြီး တိုးလာတိုင်း တိုးလာတိုင်း တော်လှန်ရေး အင်အားစုတွေပဲ ဖြစ်ဖြစ် သူတို့ကို ကူညီ ပေးနေတဲ့ အဖွဲ့အစည်းအတွက်ပဲ ဖြစ်ဖြစ် အခက်ခဲတွေအပြင် တော်လှန်ရေး ကဏ္ဍမှာသုံးရမယ့် ငွေကြေး တချို့ ကို စစ်ဘေးရှောင်တွေအတွက် သုံးရတာမျိုးတွေ ရှိနေပါတယ်။

ဒီလို အခြေအနေကတော့ အခုမှ ကြုံနေရတဲ့ ပြဿနာတစ်ခု မဟုတ်ပါဘူး။ ဒီလိုကြုံပြီး တော်လှန်ရေးကာလမှာ အားလျှော့နည်းအောင် စစ်တပ်က လုပ်‌နေတာဟာ စစ်အစိုးရ ခေတ် အဆက်ဆက်ကလို့ ဆိုရမှာ ဖြစ်ပါတယ်။ 

တိုက်ပွဲတွေ ရပ်တန့်ပြီး စစ်ရှောင်တွေ နေရပ်ပြန်နိုင်ဖို့ မျှော်လင့်နေကြပေမဲ့ ဒီအခြေအနေမျိုးမှာတော့ ဘယ်လိုမှ နေရပ်ကို ပြန်လို့ မရသေးပါဘူး။

တိုက်ပွဲတွေဖြစ်ရတဲ့ အဓိက အကြောင်းအရင်း၊ အရင်းအမြစ်က ဘာလဲ။ ဘာကြောင့် ပြည်တွင်းစစ်မီး အရှည် ကြာဆုံးနိုင်ငံ ဖြစ်နေရတာလဲ။ စစ်တပ်ကရော ဘာလို့ အကြိမ်ကြိမ် အာဏာသိမ်းယူနေရတာလဲ။ သိမ်းယူခွင့် ရနေတာလဲ။ 

ဒါတွေကို  မဖြေရှင်းပေးနိုင်ဘူးဆိုရင် ဒီနေရာမှာ သေချာတာ တစ်ခုကတော့ ဖက်ဒရယ်ပြည်ထောင်စုကို  မတည် ဆောက်နိုင်သေးဘဲ တိုက်ပွဲတွေ၊ စစ်ရေး ပဋိပက္ခတွေ ကြားမှာ လူထုတွေက ဆက်လက်ပြီးတော့ စစ်ဘေးရှောင် နေကြရဦးမှာ ဖြစ်ပါတယ်ရှင့်။