လေယာဉ်ဗုံးကြဲမှု အောက်မှာ စားစရာ ဆန်မရှိ၊ ပြေးစရာ မြေမရှိတဲ့ကြား တိုးများလာနေတဲ့ စစ်ရှောင်တွေ

သတင်းနှင့် မီဒီယာ ကွန်ရက်။

အားမီ။

“ကျမတို့ ကရင်နီလူမျိုးပေါ့နော်။ ဒီကယားပြည်နယ်မှာပဲ ဖြစ်ဖြစ် တခြားနေရာမှာ နေတဲ့ ကရင်နီတိုင်းရင်း သားတွေပဲ ဖြစ်ဖြစ်ပေါ့နော် နေဖို့နေရာ မြေတွေ မရှိတော့ဘူးပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ဟိုး ကျမတို့ မမွေးခင် ကတည်းကလည်း ဘိုးဘွားတွေက ပြေးထားပြီးသား ပြီးတော့ ဒီအဖေအမေတွေ ပြေးပြီးသား။ ဒီ ခေတ်ကလည်း ထပ်ပြေးတယ် ကျမတို့ ခေတ်လည်း ပြေးရတယ်။ ကျမတို့ ကလေးခေတ်လည်း ပြေးတဲ့ အခါကျတော့ ကျမတို့ မှာ ပြေးဖို့ မြေနေရာ မရှိတော့ဘူးပေါ့နော်” လို့ အားငယ်တဲ့ မျက်လုံး၊ စိတ်ဓါတ်ကျ ဝမ်းနည်းပြီး တုန်တုန်ရီရီ အသံခပ်တိုးတိုးလေးနဲ့ စစ်ဘေးရှောင်အမျိုးသမီး နော်မူဆီး က ပြောသွားတာပါ။

နော်မူဆီးကတော့ ကရင်နီပြည်နယ် (ခေါ်) ကယားပြည်နယ်၊ ဒီးမော့ဆို အရှေ့ဘက်ခြမ်းရှိ ထီးသဲကလိုးဆိုတဲ့ ရွာလေးကနေ ဒေါနိုးကူးစစ်ရှောင်စခန်းကို စစ်ဘေးရှောင်လာသူ တစ်ယောက်ပါ။

ဒေါနိုးကူး စစ်ရှောင်စခန်းကတော့ ထိုင်း-ကရင်နီနယ်စပ် တစ်နေရာမှာ ရှိတာပါ။ ဇူလိုင်လ ၁၂ ရက်နေ့ မနက် ၁ နာရီလောက်မှာ စစ်ကောင်စီတပ်က ထိုင်း-ကရင်နီနယ်စပ်ရှိ ဒေါနိုးကူး စစ်ရှောင်စခန်းထဲကို လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ဘေးရှောင်တစ်ယောက် သေဆုံးခဲ့ပြီး ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အပြင် ဆေး ခန်း၊ ဘာသာရေး အဆောက်အအုံနဲ့ လူနေအိမ်တွေပါ ထိမှန်ပျက် စီးခဲ့ပါတယ်။

နော်မူဆီးအပါအဝင် အဲ့ဒီစစ်ရှောင်စခန်းထဲက စစ်ရှောင် ၅၀၀၀ နီးပါးက အခုတော့ ထိုင်းနိုင်ငံဘက်ခြမ်းမှာ ခိုလှုံ နေကြရပါတယ်။

လက်ရှိမှာ စစ်ဘေးရှောင်တွေဟာ ထိုင်းအာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ ထိုင်းနယ်စပ်တစ်နေရာမှာ ပလက်စတစ် မိုးကာတဲတွေထိုးပြီး ယာယီ နေနေကြရတယ်လို့ ထိုင်းဖက်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်တွေ က ပြောပါတယ်။

“စစ်ရှောင်တွေ အကုန်လုံးထွက်လာတယ်။ ဒီစခန်း ၁ အပြင်ဖက်မှာပေါ့ ထိုင်းနယ်ထဲတော့ ထိုင်းနယ်ထဲပဲ။ စခန်း ၁ အပြင်ဖက်မှာပေါ့ နယ်စပ်ပေါ့။ အိပ်ဖို့ အဆင်မပြေဘူး။ ဘာဖြစ်လို့လဲဆိုရင် မြေကြီးပေါ်မှာပဲ အိပ်ရမှာကော။ မိုးရွာရင်တော့ မတ်တပ်ရပ် ရမှာပေါ့။ အခင်းတွေလည်း ချက်ချင်းတော့ ရုတ်တရက်တော့ အခင်းတွေ သွားလုပ် မယ် သွားခုတ်မယ်ဆိုရင်လည်း အဆင်မပြေသေးဘူးလေ။ ဝါးလည်း အဝေးသွားခုတ်ရ တယ်။ အမိုးရဖို့ပဲ မိုးရွာ ခဲ့ရင်လည်း မတ်တပ်ရပ်ပေါ့။ ညအိပ်မယ်ဆိုရင်တော့ မိုးကြီးရင်တော့ အိပ်လို့ရမှာ မဟုတ်ဘူး။ မိုးမကြီးရင် လည်း အိပ်လို့ အဆင်ပြေမှာ မဟုတ်ဘူး။ မြေကြီးပေါ်မှာ ဖြစ်နေတယ်ကော” လို့ စစ်ရှောင်တစ်ယောက်က ပြောပါတယ်။

တဲထိုးပြီး နေနေကြပေမယ့်လည်း အိပ်ဖို့ အခင်းမရှိတဲ့အတွက် မိုးရွာလို့ရှိရင် အိပ်လို့ရမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်တွေအတွက် မိုးကာ၊ အိမ်သာခွက်၊ ခြင်တောင်၊ အိုးခွက်၊ပုဂံ ရေသန့် စတဲ့ အခြေခံ အသုံးအဆောင် ပစ္စည်းတွေ လိုအပ်တယ်နေတယ်လို့ ဆိုပါတယ်။

ကရင်နီလူမှုအသင်းအဖွဲ့များ ကွန်ရက်ရဲ့ ဇူလိုင်လ ၅ ရက်နေ့ ထုတ်ပြန်ချက်အရ ကရင်နီပြည်နယ်နဲ့ ဖယ်ခုံမြို့ နယ်ထဲ ဇူလိုင်လ ၂ ရက်နေ့အထိ စစ်ဘေးရှောင်လူဦးရေ ၂၂၈၁၁၅ ဦးရှိပြီလို့ ထုတ်ပြန်ထားပါတယ်။

သို့သော် ကရင်နီလူ့အခွင့်အရေးအဖွဲ့ရဲ့ ဒါရိုက်တာလည်းဖြစ်၊ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ KSCC က လူ သားချင်း စာနာထောက်ထားမှု ကော်မတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ်လည်း ဖြစ်တဲ့ ဦးဗညားက လက်ရှိ ကရင်နီဒေသမှာ စစ်ဘေးရှောင်လူဦးရေ ၂သိန်း ၇သောင်းကျော်သွားပြီလို့ ပြောပါတယ်။

ဦးဗညားက “ကျနော်တို့ အခု မနေ့တနေ့ကအထိ ခပ်ပြတ်ပြတ်ပြောလိုက်ပြီ ၂သိန်း၇သောင်း မအောက်ဘူးလို့ ကျနော်တို့ ပြောလိုက်ပြီ။ ကျနော်တို့ ပြည်နယ်က နေ့ဓဓူဝကြည့်မယ်ဆိုရင် တစ်နှစ်ပတ်လုံးရဲ့ စားနပ်ရိက္ခာကို ပြည်မ ကနေ တင်ပို့ရတယ်။ အဲ့တော့ အခုချိန်မှာ စစ်ကောင်စီက ကျနော်တို့ကို ဘာထပ်လုပ်လဲဆိုတော့ မြို့တွေ ပျက်ပြီ၊ လူမှုစီးပွားရေး ပျက်ပြီ၊ စိုက်ပျိုးရေးကလည်း အကန့်အသတ်လောက်ပဲ ရှိတော့တယ်” လို့ ပြောပါ တယ်။

ဒီပမာဏ ကိန်းဂဏန်းက တခြားပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီး လူဦးရေစာရင်းနဲ့ နှိုင်းယှဉ်ရင် နည်းနေ မယ့် ကရင်နီပြည်နယ်ရဲ့ လူဦးရေးစာရင်းအရ တွက်မယ်ဆိုရင် အလွန်များပြားနေပြီး အန္တရာယ် ကျရောက်နေပြီလို့ ဦးဗညားက ဆက်ပြောပါတယ်။

“လူဦးရေ ကိန်းဂဏာန်းအရ ၂သိန်း၊ ၃သိန်းဆိုတာက ပုံမှန်မြန်မာနိုင်ငံနဲ့ ယှဉ်လိုက်မယ်ဆိုရင် တချို့ တိုင်းဒေသ ကြီး၊ ပြည်နယ်တွေနဲ့ ယှဉ်မယ်ဆိုရင် နည်းပါတယ်။ ဒါပေမယ့် ကျနော်တို့က ပြည်နယ်ရဲ့ population၊ ပြည် နယ်ရဲ့ structure၊ ပြည်နယ်ရဲ့ မြို့ပြနဲ့ နေထိုင်မှု ပုံစံကို ကြည့်မယ်ဆိုရင် ကျနော်တို့က risk အများဆုံး ပြည် နယ် ဖြစ်တယ်။”

ကရင်နီပြည်နယ်ထဲက မြို့နယ် ၇ မြို့နယ်အပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်းက မိုးဗြဲ၊ ဖယ်ခုံ အစရှိတဲ့ ကရင်နီ မျိုးနွယ်စုတွေ နေထိုင်တဲ့ မြို့နယ်တွေထဲ ကရင်နီမျိုးနွယ်စု ၄သိန်းခန့်ရှိရာ ၂သိန်း၇သောင်းကျော်က စစ်ရှောင်ဘဝ ရောက်ကုန်ကြတာလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ထောက်ပြပါတယ်။

ဇူလိုင်လထဲမှာတော့ ကရင်နီပြည်နယ်ထဲက မယ်စဲ့မြို့အပြင် လွိုင်ကော်၊ ဖရူဆို၊ လွိုင်လင်လေး၊ ဖားဆောင်း၊ ရွာ သစ်၊ ဘောလခဲတို့အပြင် ရှမ်းပြည်နယ်ထဲက မိုးဗြဲ၊ ဖယ်ခုံ တို့တွင်ပါ စစ်တပ်နဲ့ ကရင်နီတပ်မတော် KA၊ ကရင်နီ အမျိုးသားများကာကွယ် ရေးတပ် KNDF၊ PDF ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများ၊ ပစ်ခတ်မှုများနဲ့ စစ်ရေး တင်းမာမှုများ ဆက်လက်ဖြစ်ပွားနေခဲ့ပါတယ်။

အထက်ဖော်ပြပါ မြို့တွေထဲ စစ်တပ်က လက်နက်ကြီးအပြင် လေကြောင်းပါအသုံးပြုပြီး ဗုံးကြဲခဲ့လို့ သေဆုံးသူ ၉ ဦး ရှိခဲ့ကြောင်း အဲ့ဒီထဲ အသက် ၁၈ နှစ်အောက် ကလေးငယ် သုံးဦး၊ သက်ကြီးပိုင်း အမျိုးသား ၂ ဦး နဲ့ အမျိုးသမီး ၃ ဦးအပါအဝင် အမျိုးသားတွေလည်းပါဝင်တယ်လို့ ကရင်နီသတင်းဌာနဖြစ်တဲ့ ကန္တာရဝတီတိုင်း(မ်) မှာ ရေးသား ထားပါတယ်။

ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာတော့ ဇူလိုင်လ ၄ ရက်နေ့က လေယာဉ်နဲ့ ဗုံးကြဲခဲ့တဲ့အပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ အသက် ၃ နှစ်အရွယ် ကလေးအပါအဝင် မိသားစုဝင် ၃ ယောက်ဒဏ်ရာရရှိခဲ့ပါတယ်။ အဆောက် အအုံတွေလည်း ပျက်စီးခဲ့ပါတယ်။

တိုက်ပွဲတွေကြောင့် မြို့နယ်တွေ ပျက်စီးသွားတဲ့ အခြေအနေမျိုးထိ ရင်ဆိုင်နေရပြီလို့ ဦးဗညားက ဆိုပါတယ်။
“ကျနော်တို့ ပြည်နယ်မှာ ၃မြို့ လုံးဝပျက်စီးသွားတယ်။ ဒါကတော့ ဒီးမော့ဆိုဖြစ်တယ်။ ၂၀၂၁ ကတည်းက ဖြစ် တယ်။ ဖရူဆို ၂၀၂၂ နှစ်ဦးပိုင်းမှာ ဖြစ်တယ်။ ၂၀၂၃ အခုဖြစ်တဲ့ ကျနော်တို့ မယ်စဲ့ အဲ့တော့ လူဦးရေ ထူထပ်ပြီး တော့ နေထိုင်တဲ့ ဒီမြို့၃မြို့က လုံးဝကို လူသူကင်းမဲ့ပြီးတော့မှ မြို့သူမြို့သားတွေ အားလုံးက တောထဲကို စစ် ဘေးရှောင်အနေနဲ့ ရောက်သွာခြင်း ဖြစ်တယ်။ အဲ့ဒါက ကျနော်တို့ရဲ့ စိန်ခေါ်မှုကြီး ဖြစ်တယ်။”

ဒီလိုမြို့တွေ ပျက်သွားတဲ့အတွက် ပြည်နယ်အတွင်း လူမှုစီးပွားရေးကိုပါ ဆုတ်ယုတ်ပျက်စီးစေတယ်လို့ ဦးဗညား က ဆက်ပြောပါတယ်။

“မြို့ပျက်စီးသွားလို့ လူမှုစီးပွားရေးက ကျတယ်။ ကျနော်တို့ အရင်တုန်းက တောလက်မှာ ကျနော်တို့ ပြည်နယ် ကလည်း အရမ်းကို ဆင်းရဲတဲ့ပြည်နယ် တစ်ခုဖြစ်တယ်။ အဲ့တော့ လူတွေက အရင်က မြို့ပေါ်မှာ စားဝတ်နေ ရေးအတွက် မြို့ပေါ်နဲ့ အနီးအနားမှာ ဆန်စပါးစိုက်တယ်။ လွိုင်ကော်၊ ဒီးမော့ဆို ကြားမှာရှိနေတဲ့ လွင်ပြင်မှာ စိုက်ပျိုး နေတဲ့ အခြေအနေက လုံးဝကို ကျဆင်းသွားတယ်။ ကျနော်တို့ ၂၀၂၃ ရဲ့ ရလဒ်အရ ကြည့်မယ်ဆိုရင် ကျနော်တို့ ပြောနိုင်တာက ဒီလွင်ပြင်ရဲ့ စိုက်ပျိုးနိုင်မှုက ၂၅ ရာခိုင်နှုန်းပဲ ကျန်တယ်။ လူမှုစီးပွားပျက်စီးသွားတဲ့ ကြောင့်မို့လို့ ပြောင်းတို့ နှမ်းတို့က ရောင်းမရတဲ့ဟာတွေ၊ စျေးမရတဲ့ဟာတွေ နောက်ပြီး လမ်းပန်းဆက်သွယ် ရေးရဲ့ ခက်ခဲမှုတွေကြောင့် အကျပ်အတည်းတွေ အများကြီးကြုံနေရတယ်။”

စစ်တပ်က အာဏာမသိမ်းခင်ကတည်းက ကရင်နီဒေသရဲ့ ကျေးလက်တွေမှာ ကျန်းမာရေးဝန်ဆောင်မှု ပညာရေး ဝန်ဆောင်မှုတွေ အားနည်းခဲ့တဲ့အပြင် လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲတဲ့အတွက် စားဝတ်နေရေးပိုင်း ကျပ် တည်းတဲ့ ပြည်နယ်တစ်ခု ဖြစ်ခဲ့တာပါ။

အခုလို စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက်မှာတော့ လူထုဟာ ဓားမဦးချနေထိုင်လာတဲ့ ဘိုးဘွားပိုင် မြေတွေ၊ အိမ်တွေ၊ ယာတွေ၊ စိုက်ပျိုးရေး လုပ်ငန်းတွေကို ပစ်ထားခဲ့ရပြီး အသက်ဘေးလွတ်မယ်လို့ ယူဆရတဲ့ တော တောင်တွေနဲ့ နယ်စပ်မှာ ခိုလှုံနေကြရတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူ တစ်ယောက်က ပြောပါတယ်။

“ဒါ့အပြင် ကျနော်တို့ပြည်နယ်က တနှစ်ပတ်လုံးရဲ့ စားနပ်ရိက္ခာကို ပြည်မကနေ ပို့ရတယ်။ ကျနော်တို့ ပြည် နယ်ထဲကို တင်သွင်းရတာပေါ့နော်။ အဲ့တော့ အခုချိန်မှာ စစ်ကောင်စီက ကျနော်တို့ကို ဘာထပ်လုပ်လဲ ဆိုတော့ မြို့တွေပျက်ပြီ လူမှုစီးပွားရေးပျက်ပြီ၊ တောနက်ထဲမှာ ကျနော်တို့ရောက်နေပြီ။ စိုက်ပျိုးရေးကလည်း အကန့် အသတ်လောက်ပဲ ရှိတော့တယ်။ တောထဲမှာလည်း အဲ့လောက်ထိ စိုက်ပျိုးနိုင်တဲ့ အခြေအနေမရှိဘူး။ အဲ့တော့ ပြည်မကနေ ဝင်လာတဲ့ ဆန်အားလုံးကို စစ်ကောင်စီက ကန့်သတ်ထားလိုက်တယ်။ သူတို့လိုချင်တဲ့ ပမာဏ လောက်ပဲ တင်သွင်းခွင့်ပေးထားတယ်။ အဲ့ဒါက နောက်ဆုံး ကျနော်တို့မှာ ပိုက်ဆံရှိရင်တောင်မှ ဆန်ကို အလွယ် တကူ ဝယ်လို့မရဘူးဆိုတဲ့ ပုံစံဖြစ်တယ်။”

ဒီလို ကန့်သတ်ထားမှုတွေကြောင့် လွိုင်ကော်မြို့၊ ဖယ်ခုံမြို့တွေမှာ ရှိနေတဲ့ ဆန်တွေကို ဒီးမော့ဆို၊ ဖရူဆို၊ ဖယ်ခုံ အနောက်ဘက်ခြမ်း၊ လွိုင်ကော် အရှေ့ဘက်ခြမ်းမှာရှိနေတဲ့ စစ်ဘေးရှောင်တွေဆီကိုလည်း ပို့လို့ လုံးဝမရဖြစ် တယ်လို့ ကူညီပေးနေသူတွေက ပြောပါ တယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ၃သောင်းကျော် ပေးခဲ့ရတဲ့ ဆန်တစ်အိတ်က ၇သောင်းကျော် ဖြစ်သွားပေ မယ့် လူထုက စစ်ရှောင်ဘဝရောက်နေတော့ ဝင်ငွေတိုးလာဖို့ နေနေသာ၊ နဂိုရနေတဲ့ ဝင်ငွေတောင် မရှိတော့ဘူး လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတကာရဲ့ အကူအညီကလည်း ထိရောက်မှု မရှိဘူးလို့ ဆိုပါတယ်။

နိုင်ငံတကာလူသားချင်းစာနာမှု ကူညီရေး ဆိုင်ရာကိစ္စရပ်များကို စီမံခန့်ခွဲပေးနေတဲ့ အာဆီယံနဲ့ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေက စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ဆောင်နေရတာကြောင့် စစ်ဘေးရှောင်တွေဆီ ထိရောက်တဲ့ အကူအညီတွေ မရောက်ဘဲ ဖြစ်နေတာလို့ နိုင်ငံတကာ မြန်မာ့သတင်းအဖွဲ့- BNI က ထောက်ပြ ထားပါတယ်။

မြန်မာနိုင်ငံကို လူသားချင်းစာနာမှု အကူအညီပေးတွေ ပေးနေတဲ့ နည်းလမ်းတွေကို ပြန်လည် သုံးသပ်နိုင်ဖို့ ဇူလိုင်လ တတိယပတ်မှာ မိတ်ဆက်ခဲ့ပေးခဲ့တဲ့ “နိုင်ငံတကာ အလှူရှင်အစိုးရများ အတွက်ပုစ္ဆာ/ လူသားချင်း စာ နာကူညီရေး အကျပ်အတည်းအား အဖြေရှာကြည့်ခြင်း” ဆိုတဲ့ သုတေသနစာတမ်းကနေ ထောက်ပြလိုက်တာပါ။

BNI ၏ မီဒီယာဖွံ့ဖြိုးရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးမြင့်က “အာဏာသိမ်း စစ်အုပ်စုရဲ့ ခွင့်ပြုချက် တစ်စုံတစ်ရာ မရ ဘဲနဲ့ ဘယ်အကူအညီမှ ပြည်သူ တစ်ဦးတစ်ယောက်ထံ ထောက်ပံ့နိုင်ခြင်းမရှိတဲ့ အခက်အခဲ အကျပ်အတည်း အခြေအနေတွေ တွေ့နေရပါတယ်။ ဒါတွေကို နိုင်ငံကတာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေ အားလုံးနဲ့ ရှာဖွေကြံဆသင့်ပြီလို့ ယူဆပါတယ်” လို့ ပြောပါတယ်။

UNOCHA က ထုတ်ပြန်ထားတဲ့ လူသားချင်စာမှုဆိုင်ရာ တုန့်ပြန်ခြင်းရေး အစီအစဉ်မှာ ၂၀၂၂ ခုနှစ် နှစ်ကုန် အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီလိုအပ်သူပေါင်း ၁၄.၄ သန်းရှိခဲ့ပေမယ့် ပြည်သူ ၄.၃၆၁ သန်းကိုသာ ကူညီနိုင်ခဲ့တယ်လို့ BNI က ထောက်ပြပါတယ်။

အကူအညီ လိုအပ်သူ ၁၄.၄ သန်းထဲ ၅သိန်းကျော်ကသာ စစ်ဘေးသင့်ဒုက္ခသည်တွေဖြစ်ကြောင်း၊ သူတို့အတွက် အမေရိကန်ဒေါ်လာ ၉ သန်းသာ အသုံးပြုနိုင်ခဲ့တယ်လို့ BNI ပြောပါတယ်။ ဒါဟာစစ်ရှောင် တစ်ယောက်ချင်းစီ အတွက် တစ်နှစ်လုံးစာ ၁၇ ဒေါ်လာသာ ကူညီနိုင်ခဲ့တာတာ ဖြစ်တယ်လို့ BNI ရဲ့ ဦးဆောင်ညွှန် ကြားရေးမှူး (Managing Director) ဒေါ်တင်တင်ညိုက ထောက်ပြပါတယ်။

“ဆိုတော့ ၉ သန်းက ကျမတို့ ပြန်ပြီးတော့ တွက်ကြည့်လိုက်တဲ့အချိန်မှာ စစ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရ တဲ့ စစ်ဘေးရှောင်ပြည်သူ IDP တစ်ဦးက ၂၀၂၂ ခုနှစ်အတွင်းမှာဆိုရင် တစ်နှစ်ပတ်လုံးမှ အမေရိကန်ဒေါ်လာ ၁၇ ဒေါ်လာနဲ့ ညီမျှတဲ့ထောက်ပံ့ကူညီမှုသာ ရရှိခဲ့တာကို ကျမတို့ တွေ့ရှိပါတယ်။”

သို့သော် ပြည်သူမှ ပြည်သူသို့ လှူဒါန်းပေးမှုတွေကြောင့် ပြည်သူပေါင်း ၃ သိန်းနီးပါးအတွက် ကူညီနိုင်ခဲ့တယ်လို့ ဒေါ်တင်တင်ညိုက ဆက်ပြောပါတယ်။

BNI ရဲ့ တွေ့ရှိချက်အရ အာဏာသိမ်းပြီးနောက် ၂ နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံထဲတွင် စစ်ရှောင်ပြည်သူ ၁.၅ သန်းကျော်ရှိနေပြီး အဆိုပါ စစ်ရှောင်များအနက် စစ်ကိုင်းတိုင်းက စစ်ရှောင်ပြည်သူ ၆.၆သိန်းကျော်မှာ လူသားချင်း စာနာမှု အကူအညီ အလိုအပ်ဆုံးနဲ့ ဒုတိယအခက်အခဲဆုံးမှာမူ မကွေးတိုင်း ဖြစ်ပါတယ်။

ကရင်နီ၊ ချင်းနဲ့ ကရင်ပြည်နယ်တို့ကတော့ တတိယအလိုအပ်ဆုံးနဲ့ အခက်အခဲဆုံး ပြည်နယ်တွေ ဖြစ်ပါတယ်။

ကရင်နီဒေသက စစ်ဘေးရှောင်ပြည်သူတွေဟာ နိုင်ငံတကာနဲ့ UN အဖွဲ့တွေရဲ့ အကူအညီတွေကို အများကြီး မျှော်လင့်ထားကြပေမယ့် အဲ့ဒီအဖွဲ့အစည်းတွေဆီကနေလည်း ထိရောက်တဲ့ အကူအညီတွေ ပံ့ပိုးမှုတွေ မရခဲ့ ဘူးလို့ ဦးဗညားက ဆက်ပြောပါတယ်။

“ကျနော့်အနေနဲ့ UN အေဂျင်စီကို အမြဲတမ်းပြောလေ့ရှိတာက INGO ကအစ ကျနော်တို့ ကရင်နီပြည်နယ်မှာ ခင်များတို့ မလုပ်နိုင်ဘူးဆိုရင် ပြတ်ပြတ်သားသားပြောလိုက်ပါ၊ စစ်ကောင်စီကို ပြောလိုက်၊ နိုင်ငံတကာကို လည်း ချပြလိုက်၊ ကျနော်တို့ ကျမတို့ အဖွဲ့သည် ကရင်နီပြည်နယ်မှာ ကရင်နီလူမှုကူညီရေး လုပ်ငန်းစီအတိုင်း မလုပ်နိုင်ဘူး၊ စစ်ကောင်စီရဲ့ သတ်မှတ်တဲ့စံအတိုင်း လုပ်ရတယ်၊ အဲ့ဒီအတွက်ကြောင့် ကျနော်တို့ ကရင်နီပြည် နယ်ကနေ ထွက်တယ်လို့ ပြောလိုက်၊ မလုပ်နိုင်ဘူးဆိုရင် ထွက်သွားပါ။ စာထုတ်ပါ။ ကိုယ့်နည်းကိုယ့်ဟန် ကိုယ် ဆက်တိုက်မယ်။”

လူသားချင်းစာနာမှု အကူအညီတွေဟာ စစ်ကောင်စီက သတ်မှတ်ချက်နဲ့ ခွင့်ပြုချက် ပုံစံအောက်နေသာ UN အဖွဲ့ အစည်းတွေက ကူညီပေးနေတာ ကြောင့် လူထုဆီကို ၂၅ ရာခိုင်နှုန်းလောက်သာ ရောက်ပြီး ကျန် ၇၅ ရာခိုင်နှုန်း က စစ်ကောင်စီလက်ထဲပဲ ရောက်နေခဲ့တယ်လို့ ကူညီပေးနေသူတွေက ထောက်ပြထားကြပါတယ်။

ဒီလို ထိရောက်မှု မရှိတဲ့ ထောက်ပံ့မှုမျိုးတွေကို လုပ်နေတာမျိုးကြောင့် နိုင်ငံတကာနဲ့ UN အဖွဲ့အစည်းတွေ အနေနဲ့ ကရင်နီပြည်နယ်ထဲက ထွက်သွားသင့်တယ်လို့ ဦးဗညားက သုံးသပ်ပြောဆိုပါတယ်။

တဘက်မှာလည်း စစ်တပ်က ကရင်ပြည်နယ်ထဲ စစ်ရေးအရ အရေးနိမ့်နေလို့ လူထုကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ၂၀၂၃ ခုနှစ်မှာ ပိုလုပ်လာတယ်လို့ ဆိုပါတယ်။ ကရင်နီ စစ်ရှောင်တွေက တစ်နေရာကနေ တစ်နေရာ စစ်ဘေးလွတ်ရာကို တိမ်း ရှောင်ရင်း လုံခြုံမယ့်နေရာတောင် မရှိတော့ဘူးလို့ ဆိုပါတယ်။

စစ်ဘေးရှောင်စခန်းတွေ တည်ဆောက်လိုက်၊ နေထိုင်စရာ နေရာတွေ ပြင်ဆင်လိုက်၊ အခက်အခဲကြားကနေ ကလေးတွေ ပညာသင်ခွင့်ရဖို့ စစ်ရှောင်စခန်းတွေမှာ ယာယီကျောင်းတွေ ဆောက်ပြီး သင်ကြားပေးနေပေမယ့် စစ်တပ်ရဲ့ လေကြောင်း ပစ်ခတ်မှုတွေကြောင့် လူထုက စိတ်ရော၊ ကိုယ်ပါ ပင်ပန်းကုန်နေပြီလို့ ဆိုပါတယ်။

“ပညာသင်ကြားတဲ့ နေရာတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်လာတယ်။ ကျနော်တို့ ကရင်နီကလေးတွေ ကျောင်းမသွားရဲအောင်၊ စာမသင်ရလေအောင် ကလေးတွေကို ကျောင်းမနေရအောင် လုပ်တဲ့နည်းပဲ။ မိဘ တွေကလည်း ကလေးတွေကို ကျောင်းမပို့ရဲအောင် လုပ်တဲ့နည်းပဲ။ စစ်ကောင်စီက ကျနော်တို့ setup ဖြစ်နေ ပြီးသား စခန်းတွေ ကို setup မရအောင် ထပ်လုပ်နေတာက ပြဿနာ။ လေယာဉ်နဲ့ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်တာ၊ အမြဲတမ်း တစ်နေရာကနေ တစ်နေရာ ထပ်ရွှေ့ရတယ်။ စားရိတ်တွေကုန်ကျတယ်၊ ဝါးတွေ မိုးကာတွေ အကုန်ပြန်ဝယ်ရ တယ်။ ရိက္ခာပြန်စုရတယ်၊ ကျောင်းတွေ ပြန်ဆောက်ရတယ်။ လူထုလည်း အကြောက် တရားတွေနဲ့ ဆက်နေ နေရတယ်။ အခုက ကျနော်တို့ဒေသမှာ မိုးကာတောင် သယ်လာရင် ဖမ်းတယ်” လို့ ဦးဗညားက ပြောပါတယ်။

၂၀၂၃ ခုနှစ်မှာပဲ ကရင်နီစစ်ရှောင် ၃သောင်းကျော် တိုးလာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ က ပြောပါတယ်။ စစ်ရှောင်ပမာဏက လျှော့ကျသွားဖို့ လုံးဝမရှိဘူးလို့ ဆိုပါတယ်။

လူဦးရေ နည်းတဲ့ပြည်နယ်ထဲ လူအသေအပျောက်က ရာခိုင်နှုန်းနဲ့ တွက်ဆပါက အရမ်းမြင့်နေကြောင်း၊ ပြည်နယ် အတွင်းရှိ ကျေးရွာပေါင်း ၅၀၀ နီးပါးထဲက ၁၀၀ ကျော် လုံးဝပျက်စီးသွားပြီဖြစ်လို့ ကရင်နီပြည်နယ်ဟာ တခြား ပြည်နယ်နဲ့တိုင်းတွေထက်စာရင် အန္တရာယ်အများဆုံးပြည်နယ် ဖြစ်နေတယ်လို့ ကူညီပေးနေသူတွေက ဆိုပါတယ်။

ကရင်နီလူမှုအသင်းအဖွဲ့များ ကွန်ရက်ရဲ့ ဇူလိုင်လ ၂ ရက်နေ့ ထုတ်ပြန်ချက်အရ ၂၀၂၁ ဖေဖော်ဝါရီလကနေ ၂၀၂၃ ဇူလိုင်လ ၂ ရက်နေ့အထိ ကရင်နီပြည်နယ်ထဲ အရပ်သား သတ်ဖြတ်ခံရမှုက အယောက် ၄၀၀ ရှိပြီဖြစ်ပြီး ၃၅၅ ယောက်ကတော့ စစ်ကောင်စီရဲ့ ဖမ်းဆီးမှုကို ခံထားရပါတယ်။

လူဦးရေ ၄၃၄ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပြီး လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ၊ ရှားတော၊ ဖား ဆောင်းနဲ့ ဖယ်ခုံမြို့နယ်တို့ထဲ ဘာသာရေး အဆောက်အအုံတွေ အပါအဝင် နေအိမ် အလုံးရေ ၁၂၃၉ လုံး ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

ကရင်နီပြည်နယ်ရဲ့ တောင်ဘက်ခြမ်းကိုတော့ ခုခံတော်လှန်ရေး အင်အားစုတွေက ထိန်းချုပ်ထားနိုင်ပြီ ဖြစ်လို့ စစ်တပ်က အဲ့ဒီဒေသတွေဘက်ကို လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး/ငယ်တွေနဲ့ ပစ်ခတ်မှုတွေကြောင့် ဇွန် လ ၁၉ ရက်နေ့ကနေ ဇူလိုင်လ ၂ ရက်နေ့အထိ အရပ်သား ၁၄ ဦး သေဆုံးပြီး ၆ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များ ကွန်ရက်က ထုတ်ပြန်ထားပါတယ်။

ဒေါနိုးကူး စစ်ရှောင်စခန်းကနေ ထိုင်းဘက်ခြမ်းကို ဇူလိုင်လ တတိယပတ်က ရောက်လာတဲ့ စစ်ရှောင် ဒေါ်လှလှ ဝင်းကတော့ အခုလို ပြောပြပါတယ်။

“ပြေးစရာမြေလည်း မရှိတော့ဘူး။ ဂိတ်ဆုံးပြီ။ ကျမတို့ ဘဝရှေ့ အဆက်ဆက်က လူကြီးတွေ လည်း ပြေးခဲ့ပြီးပြီ။ ကျမတို့ဘဝလည်း ပြေးခဲ့တယ်။ ကျမတို့ နိုင်ငံတကာကို တောင်းဆိုချင်တာကတော့ ကျမ တို့ သားသမီးတွေကိုလည်း ထပ်မပြေးစေချင်ဘူး။ ကောင်းကောင်းမွန်မွန်ပဲ နေခိုင်းစေချင်တယ်။ ဘယ်လောက် ပဲ ဒုက္ခရောက် ရောက် ကိုယ့်အိမ်မှာပဲ ပြန်နေချင်တယ်ပေါ့နော။ ဘယ်လောက်ပဲ ဆင်းရဲဆင်းရဲပေါ့နော ကိုယ့် အိမ် အစုတ်လေးနဲ့လည်း နေပျော်တယ်ပေါ့နော်။ ကိုယ့်နိုင်ငံကိုပဲ ပြန်နေချင်တယ်ပေါ့ ဒါလေးကို ကူညီပေးစေ ချင်တယ်”