ပုသိမ် ဖောင်တော်ဦး စေတီ ဂေါပက ဥက္ကဌအား ရပ်ကွက် ပြည်သူများက ကန့်ကွက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်။

ပုသိမ်မြို့ရှိ သမိုင်းဝင်စေတီ ဖြစ်‌သော လေးကျွန်းမာန်အောင် ဖေါင်တော်ဦးစေတီ၏ ဘုရားဂေါပက ဥက္ကဋ္ဌအဖြစ် ကိုယ်ကျိုးရှာ အမြတ်ထုတ်သည့် အုပ်ချုပ်ရေးမှူးဟောင်းကို ခန့်ထားခြင်းအား လက်မခံ ဆန့်ကျင်ကန့်ကွက်ထား သည်ဟု ရပ်ကွက်နေပြည်သူများက ပြောသည်။

အများဆန္ဒအရ ဖြုတ်ချခံထားရသည့် အမှတ် ၁၂ ရပ်ကွက် အုပ်ချုပ်မှူးဟောင်း ဦးစိုးမြင့်နှင့် ရာအိမ်မှူးများကို ဂေါပက အဖွဲ့တွင် မထည့်ရန် ရပ်ကွက် အုပ်ချုပ်မှူးအသစ် နှင့် စစ်ကောင်စီ၏ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ထံ ဒေသခံ ပြည်သူများက စုပေါင်းပြီး တင်ပြခဲ့ကြသည်။

“အဲ့ဒီလူ အုပ်ချုပ်ရေးမှူး ဖြစ်တုန်းက ပြည်သူကို ဒုက္ခအမျိုးမျိုးပေးတယ်။ သမာသမတ် မကျဘူးလေ။ ကျောင်းနဲ့ လမ်းဘေးဈေးသည် မကျန် အခွန်မျိုးစုံကောက်တယ် ကိုယ်ကျိုးရှာတဲ့သူ ရပ်ရွာထဲ ဒုက္ခပေးတဲ့သူမို့ ဘယ်လိုမှ ကြည်ညို လေးစားစရာ မရှိလို့ လက်မခံနိုင်တာ” ဟု အသက် ၄၅ နှစ်အရွယ် ရပ်ကွက်သားတစ်ဦးက ပြော သည်။

စက်တင်ဘာ ၂၃ ရက်နေ့က ရပ်ကွက် အုပ်ချုပ်မှူးအသစ် နှင့် စစ်ကောင်စီ၏ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ထံ ဒေသခံ ပြည်သူများ စုပေါင်း၍ တင်ပြတောင်းဆိုထားခြင်း ဖြစ်သည်။

ရပ်ကွက်အတွင်းက ကျောင်း၌တက်သည့် ကျောင်းသားများနှင့် လမ်းဘေးဈေးသည်ပါ မကျန် ငွေအတင်း ကောက်ခံခြင်း၊ မမှန်သတင်းများ ပေးနေခြင်းတို့ကြောင့် ဒေသခံများက တိုင်ကြားသဖြင့် ဦးစိုးမြင့်ကို အမှတ် ၁၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး အဖြစ်မှ ပြီးခဲ့သော စက်တင်ဘာ ၁၅ ရက်နေ့က ဖြုတ်ချခံထားရသူ ဖြစ်သည်။

ဦးစိုးမြင့် အုပ်ချုပ်ရေးမှူး ဖြစ်ခဲ့စဉ်ကာလက လယ်မြေနှစ်ဧက နှင့် လေးကျွန်မာန်အောင် ဘုရားပရဝဏ် အတွင်း က အရိပ်ရသစ်ပင်များကို ခုတ်လှဲရောင်းချပြီး ကိုယ်ကျိုးအတွက် သုံးခဲ့သည်ဟု ရပ်မိရပ်ဖများက ပြောသည်။

မြို့နယ် သံဃာမဟာနာယကအဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေးအဖွဲ့ မှ တာဝန်ရှိသူများက တံစိုးလက်ဆောင်ယူပြီး မူလဂေါပကအဖွဲ့ကို ဖယ်ရှားကာ ဦးစိုးမြင့်နှင့်အတူ အုပ်ချုပ်ရေးအဖွဲ့က အဖြုတ်ခံလိုက်ရသည့် ကိုယ်ကျင့်တရား နှင့် စာရိတ္တ မကောင်းသော ရာအိမ်မှူးအချို့ကို ဘုရားလူကြီးအဖြစ် ခန့်ပေးလိုက်ခြင်း ဖြစ်သည်ဟု ဒေသခံ အချို့ က‌ ပြောသည်။

အသက် ၇၅ နှစ်အရွယ် ရပ်မိရပ်ဖတစ်ဦးက “စိုးမြင့်က သူကိုယ်သူ ကြံ့ခိုင်ရေး စည်းရုံး‌ရေးမှူး မဟုတ်ဘဲနဲ့ ဟုတ် ပါတယ် လိမ်ပြီး အုပ်ချုပ်ရေးမှူး ဖြစ်ဖို့ ထွေ အုပ်ကို ၁၆ သိန်းထိုးပေးပြီး အုပ်ကြီးဖြစ်လာတာ။ သူက ရပ်ကွက် အတွက် ဘာတစ်ခုမှကောင်းတာ မလုပ်ခဲ့ဘူး” ဟု ‌‌ပြောသည်။

အုပ်ချုပ်ရေးမှူး‌ဟောင်း ဦးစိုးမြင့်သည် အသက် ၇၀ ဝန်းကျင်ရှိပြီး ယခင်က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီဝင် ဖြစ်ခဲ့သော်လည်း ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီ မဲအောင်နိုင်ရေးအတွက် ပါဝင်ခဲ့သူ ဖြစ်ကာ ရပ်ကွက်ဖွံ့ဖြိုးရေး လယ်မြေ ၂ ဧကကျော်ကို အိမ်ယာကွက်များရိုက်ပြီး ရောင်းချခဲ့ခြင်းကြောင့် ရပ်ဖိရပ်ဖများက သက်ဆိုင်ရာကို တိုင်ကြားခံခဲ့ရသူ ဖြစ်သည်။

မူလကရှိနေ‌သော ဂေါပကအဖွဲ့အား သက်တန်းကျော်နေခြင်းကြောင့် ဖျက်သိမ်းပြီး အုပ်ကြီးဟောင်း ဦးစိုးမြင့် ဥက္ကဋ္ဌ အဖြစ်ပါဝင်သော လက်ရှိ ဂေါပကအဖွဲ့ကို ယာယီဖွဲ့စည်းကာ တစ်လအကြာတွင် ဂေါပကအဖွဲ့ အသစ်ကို ရွေးချယ်‌ပေးမည်ဟု မြို့နယ် အုပ်ချုပ်ရေးမှူး ဦးယောမင်းထွန်းက ကတိပေးထား‌‌ကြောင်း ဂေါပက အဖွဲ့ဝင် ဟောင်းများက ပြောသည်။

ဦးစိုးမြင့်သည် စစ်တပ်က အာဏာသိမ်းပြီးနောက် အမှတ် ၁၂ ရပ်ကွက်မှ ဒုတိယမြောက် စစ်ကောင်စီခန့် အုပ် ချုပ်ရေးမှူးဖြစ်ပြီး ၂၀၂၃ ဧပြီလ မှ စတင်ခန့်ထားခံရပြီး စက်တင်ဘာလ ၁၅ ရက်နေ့တွင် အများက ဆန့်ကျင် ကန့်ကွက်သဖြင့် တာဝန်မှ ထုတ်ပယ်ခံခဲ့ရသည်။