နာဂဒေသတွင် ကျောင်းသူ ကျောင်းသားများ၏ ငွေများယူ၍ ဆရာမ ထွက်ပြေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်။

နာဂဒေသ၊ နန်းယွန်းမြို့တွင် ကျောင်းသူ၊သားများအတွက် ဘော်ဒါဆောင်လာဖွင့်သည့် ဆရာမ ဒေါ်မီမီခိုင်ဆိုသူ မှာ ကျောင်းသူ/သားများက အပ်နှံထားသည့် ငွေများ၊ အဆောင်ကြေးနှင့် ကျူရှင်အတွက်အပ်ထားသည့် ငွေများ ကို ယူပြီးထွက်ပြေးသွားသည်။

အဆိုပါ ဆရာမဒေါ်မီမီခိုင် ယူသွားသည့် ငွေမှာ ကျပ်သိန်း ၆၀ ကျော်ဖြစ်သည်ဟု ၎င်းဘော်ဒါဆောင်၏ တာဝန်ခံ က ပြောသည်။

“၉ ရက်နေ့က လေယာဉ်လက်မှတ် ဖြတ်ပြီးသွားလိုက်တာ။ မိဘတွေက ကျူရှင်ခတွေလည်း ဆရာမကိုဘဲ အပ် ထားတာ၊ တခြားအပ်ထားတဲ့ ပိုက်ဆံကော၊ ပစ္စည်းတွေတော့ ဘာမှမယူသွားဘူး။ ၂ ရက်လောက်ကြာတော့ ဖုန်း ဆက်တော့ မကိုင်ဘူး။ ဖုန်းကလည်း ထပ်ခါထပ်ခါ ဆက်တယ်။ ၃ ရက်လောက် ဆက်တယ်။ မရောက်လာဘူး။ ကလေးတွေရဲ့ ပိုက်ဆံကော ၆၀ ကျော်တော့ပါသွားတယ်” ဟု ပြောသည်။

၎င်းအဆောင်အမည်မှာ အိုခိုဒိုမီ ဘော်ဒါဆောင် ဖြစ်ပြီး စက်တင်ဘာလ ၈ ရက်နေ့တွင် နာဂဒေသ လဟယ်မြို့သို့ ခဏသွားမည်ဟုဆိုကာ ခန္တီးမြို့ လေယာဉ်ဖြင့် မန္တလေးဘက်သို့ ထွက်ပြေးသွားကြောင်း ဘော်ဒါဆောင် တာဝန်ခံ က ဆက်ပြောသည်။

ဒေါ်မီမီခိုင်သည် အသက် ၅၀ ကျော်အရွယ် မှတ်ပုံတင်အမှတ် ၁၂/မဂဒ (နိုင်) ၀၅၄၈၅၆ ကိုင်ဆောင်သူ ဖြစ်ပြီး တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကမြောကြီးကျေးရွာမှ ဖြစ်သည်ဟု ဆိုသည်။

ဒေါ်မီမီခိုင်သည် နာဂဒေသ နန်းယွန်းမြို့နယ်တွင် ၂၀၂၁ ခုနှစ်မှ စတင်ကာ ဘော်ဒါဆောင်များ၌ စာသင်ပေးနေ သည့် ဆရာမ ဖြစ်သည်။

သူမသည် ကျောင်းသူ/သားများ၏ အဆောင်ဝင်ကြေးနှင့် ကျူရှင်ခတို့အား အလွဲသုံးစားလုပ်ခဲ့သလို အဆောင် ပိုင်ရှင်အား ငွေအပြည့်မအပ်သည့် အချိန်များလည်း ရှိခဲ့ကြောင်း ဘော်ဒါဆောင် တာဝန်ခံက ဆိုသည်။

အိုခိုဒိုမီ ဘော်ဒါဆောင် တာဝန်ခံက “ကျူရှင်ခကလည်း တစ်ဝက်ပဲ ရောက် ရောက်လာတယ်။ ကျန်တဲ့ပိုက်ဆံ က သူက သုံး သုံးလိုက်တာ။ ကျန်တဲ့ ပိုက်ဆံကို ဒီ ၉ လပိုင်းကုန်ရင် ပေးရမယ်။ ၁၀ လပိုင်း ကျရင် ထုတ်ပစ် လိုက်ဖို့ ပြောထားတာ” ဟု ပြောသည်။

နန်းယွန်းမြို့တွင် စစ်အာဏာသိမ်းပြီးနောက်တွင်လည်း ပုံမှန် အစိုးရ စာသင်ကျောင်းများ ဖွင့်လှစ်နေပြီး ၎င်းဘော် ဒါဆောင်တွင် ကျောင်းသူ ကျောင်းသား အယောက် ၇၀ ကျော် နေထိုင်ပြီး ပညာသင်ကြားနေခြင်းဖြစ်သည်။

နာဂဒေသ၊ နန်းယွန်းမြို့နယ်တွင် အထက်တန်းကျောင်း ၄ ကျောင်းရှိပြီး ၂၀၂၃ ခုနှစ်၌ တက္ကသိုလ်ဝင်စာမေးပွဲ အောင်သူ ၇၃ ယောက်ရှိခဲ့သည်။‌