ပုလဲမြို့နယ်အတွင်း စစ်ကောင်စီက အရပ်သားများကို ခေါင်းဖြတ်သတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ညောင်ကုန်းကျေးရွာတွင် စစ်ကောင်စီတပ်က ပြည်သူ ၃ ဦးအား ဦးခေါင်းဖြတ်ပြီး ခြံစည်းရိုးတွင် ချိတ်စွဲထားခဲ့သည်။
စက်တင်ဘာလ ၂၆ ရက်နေ့တွင် လူမဆန်စွာ သတ်သွားခြင်းဖြစ်သည်ဟု ကျားသစ်နက် တပ်မတော်မှ ကိုဥက္ကာက ပြောသည်။
ကိုဥက္ကာက “အဲဒီရွာက မနေ့ကမနက်က ဝင်လာတယ် ဝင်လာတော့ အစောကြီးဆိုတော့ ပြေးလို့မရတော့ အဲ့မှာ မိလို့ အသတ်ခံရတယ်လို့ ယူဆတယ်။ PDF တွေ ဆိုပြီး သတ်လိုက်တာ သူတို့ကို မကြိုက်လို့ တော်လှန်နေတဲ့ သူအားလုံးရယ် အမှန်တရားဘက် ရပ်နေတဲ့ အားလုံးကို ငါနဲ့မတူ ငါ့ရန်သူ ဆိုပြီးတော့ သူတို့ကတော့ တွေ့ရင် တွေ့သလို သတ်ပစ်တာလေ။ ပြည်သူကို သူတို့ရန်သူလို့ပဲ သဘောထားပြီးတော့ သတ်ဖြတ်နေတယ်လို့ ပြောချင် ပါတယ်” ဟု ပြောသည်။
သတ်ဖြတ်ခံရသူ ၃ ဦးမှာ ကိုဝင်းအောင်၊ ကိုဟန်ပိုင်နှင့် ကိုဇင်ကို ဆိုသူတို့ဖြစ်ပြီး ဦးခေါင်း၊ ခြေ၊ လက်တို့အား အပိုင်းပိုင်း ဖြတ်တောက်ထားပြီး ခြံစည်းရိုးများတွင် ချိတ်ဆွဲထားသလို လက်ခြေများအား ဝမ်းဗိုက်တွင် ထိုးထည့်ထားကြောင်း မျက်မြင်တွေ့ခဲ့သူ ပုလဲ-ပကဖ တာဝန်ခံ က ပြောသည်။
“အခု မနက်ရောက်တော့ စစ်ခွေးတွေ ရှင်းမှ ရွာကို ရှင်းလင်းရေး တိုက်နယ် ပကဖ တွေဝင်တဲ့ အခါ အလောင်း တွေ တွေ့ရတာပါပဲ။ လုပ်ထားတာ လူမဆန်ဘူးဗျာ။ ကိုဝင်းအောင်ဆို လက်တွေဖြတ်ထားတယ်။ ဗိုက်ကို ဓားနဲ့ ခွဲထားတယ်။ ဖြတ်တဲ့ လက်ကို အဲဒီဗိုက်ထဲ ထိုးထည့်ထားတာ။ ယုတ်မာလှတာ။ လူစိတ်မရှိ ခေါင်းကိုလည်း ဖြတ်ထားတယ်။ သုံးယောက်စလုံးကိုပဲ။ အလောင်းခန္ဓာကိုယ်က မြေပေါ်မှာ ခေါင်းမရှိတော့ဘူး” ဟု ပြော သည်။
သတ်ဖြတ်ခံရသူများထဲ PDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် အရပ်သားတစ်ဦးမှာ ကံပေါက်ကျေးရွာက ဖြစ်ပြီး နောက်တစ်ဦးမှာမူ ညောင်ကုန်းရွာသား ဖြစ်သည်။
သတ်ဖြတ်သွားသည့် စစ်ကောင်စီစစ်ကြောင်းမှာ ဗိုလ်အောင်ဒင် ဦးစီးသည့် ခမရ ၇၀၃ ကျားဘီးလူး စစ်ကြောင်း ဖြစ်ပြီး စက်တင်ဘာလ ၂၅ ရက်နေ့ ညနေပိုင်း ၄ နာရီခန့်တွင် ညောင်းကုန်းကျေးရွာသို့ ဝင်နေပြီး ဒေသခံ PDF အဖွဲ့တို့နှင့် တိုက်ပွဲအနည်းငယ်ဖြစ်ခဲ့ပြီး PDF ဘက်မှ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၎င်း ပုလဲတာဝန်ရှိသူက ဆက် ပြောသည်။
“ညနေပိုင်းမှာဖြစ်တာ အချိန်က ညနေပိုင်း ၄ နာရီဝန်းကျင်လောက် ဖြစ်မယ်။ ဖြစ်ပုံက ညောင်ကုန်းကျေးရွာ မှာ နားနေတဲ့ စစ်ကြောင်းကို ရွာကထွက်သွားပြီလို့ ထင်ကြပုံရတယ်။ ညောင်းကုန်းရွာ အနောက်ဘက်နဲ့ တောင် က အဝင်မှာ လမ်းကွေ့တစ်ခုရှိတယ်။ အဲ့ဒီ လမ်းကွေ့မရောက်ခင် လေးတင် အသင့်ကင်းဝပ်နေတဲ့ စစ်ခွေးတွေ က စီးပစ်ခံရတာ။ ပစ်ခံရတော့ အားလုံးပြေးကြလွှားကြတာ ထိတဲ့လူကထိ ပြေးတဲ့လူက ပြေးရပေါ့။ အဲ့ဒီမှာ အပြင်ရောက် ချိတ်ဆက်ကြတော့ ဒီသုံးယောက်ကို ချိတ်ဆက်မရဘူး ဖြစ်နေတာ” ဟု ပြောသည်။
ယခုကဲ့သို့ လူမဆန်စွာ ခေါင်းဖြတ်သတ်ဖြတ်မှုသည် ပြည်သူများနှင့် တော်လှန်ရေးရဲဘော်များအား အကြောက် တရား ဖြစ်ပေါ်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် စစ်ရာဇဝတ်မှုကို ကျူးလွန်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ထိုသို့ ပြည်သူများအား ရက်ရက်စက်စက် လူမဆန်စွာ ခေါင်းဖြတ်သတ်သွားသော လူစိတ်မရှိသည့် စစ်ကောင်စီ တပ်အား အဆုံးတိုင် တိုက်ပွဲဝင်ကာ အမြစ်ပြုတ်တိုက်သွားမည် ဖြစ်ကြောင်း ပုလဲ-ပကဖ တာဝန်ခံက ပြော သည်။