လွတ်ရက်စေ့သော ထားဝယ်ကျောင်းသား သမဂ္ဂ ဥက္ကဌနှင့် နိုင်ကျဉ်း အချို့ ပြန်လွတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်။

ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုအောင်ဝေယံကျော် အပါအဝင် နိုင်ငံရေး အကျဥ်း သား ၁၄ ဦး လွတ်ရက်စေ့ပြီး အောက်တိုဘာလဆန်းတွင် ပြန်လည် လွတ်မြောက်လာခဲ့သည်ဟု လွတ်မြောက်လာသည့် နိုင်ငံရေးအကျဥ်းသားတစ်ဦးက ပြောသည်။

လွတ်မြောက်ခဲ့သူများမှာ ထားဝယ်ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုအောင်ဝေယံကျော်၊ ကိုသုတတင်စိုး
(ခ) မောင်တူး၊ ကိုအောင်သူရဇော်၊ ကိုရဲထွန်း၊ ကိုဝေယံထက်၊ ကိုကျော်မင်းဦး၊ ကိုဇင်မြတ်ဦး၊ ကိုကိုလင်းနိုင်၊ ကိုဝင်းလတ်ထွေး၊ ကိုဥက္ကာရှိုင်းအောင်နှင့် ကိုဝေယံဌေးတို့ ဖြစ်ကြကြောင်း ထားဝယ်နိုင်ငံရေး အကျဉ်းသားများ ကွန်ရက် – DPPN မှ ထုတ်ပြန်ထားသည်။

“ထောင်စည်းကမ်းလိုက်နာတဲ့ အကျဥ်းသားအားလုံး ခံစားခွင့်ရှိတဲ့ သုံးပုံတစ်ပုံလျော့ရက်နဲ့ လွတ်လာတာပါ၊ လေးနှစ်မှာရတဲ့ လျှော့ရက်စေ့တဲ့နေ့က တနင်္ဂနွေနေ့ ဖြစ်နေလို့ ရှေ့တစ်ရက်တိုးပြီး တနင်္လာနေ့ကြမှ လွှတ်ပေး လိုက်တာ” ဟု လွတ်မြောက်လာသူ နိုင်ငံရေးအကျဥ်းသား တစ်ဦးက ပြောသည်။

၎င်းတို့အား အောက်တိုဘာလ ၂ ရက်နေ့၊ နံနက်ပိုင်းက လွှတ်ပေးလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများမှာ လျှော့ရက်ဖြင့် လွတ်ရက်စေ့ကာ ပြန်လည်လွတ်မြောက် လာခြင်းဖြစ်ပြီး နိုင်ငံတော် အကြည်အညို ပျက်စေမှု ပုဒ်မ ၅၀၅-က ဖြင့် ထောင်ဒဏ် ၃ နှစ်၊ လက်နက်အမှု ပုဒ်မ ၁၉-စ ဖြင့် ထောင်ဒဏ် ၁ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၄ နှစ် အမိန့်ချမှတ်ခံထားရသူများ ဖြစ်ကြသည်။

နိုင်ငံရေးအကျဥ်းသား ၁၄ ဦးအပြင် မူးယစ်ဆေးဝါးအမှုဖြင့် ပြစ်ဒဏ်ကျခံနေရသည့် အကျဥ်းသား ၅ ဦးလည်း လွတ်ရက်စေ့ကာ ပြန်လည်လွတ်မြောက်လာပြီး ထိုအထဲတွင် အမျိုးသမီးနှစ်ဦး ပါဝင်ကြောင်း အထက်ပါ နိုင်ငံ ရေးအကျဉ်းသားက ပြောသည်။

ကိုအောင်ဝေယံကျော် အပါအဝင် ၉ ဦး ကို ၂၀၂၁ ခုနစ်၊ မတ်လ ၁၈ ရက်နေ့က ထားဝယ်မြို့၊ ဝဲကျွန်းရပ်ကွက်ရှိ နေအိမ်တွင် စစ်ကောင်စီတပ်မှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

လက်ရှိ ထားဝယ်အကျဥ်းထောင်အတွင်း အကျဥ်းသား စုစုပေါင်း တစ်ထောင်ဝန်းကျင်ခန့် ရှိနေပြီး နိုင်ငံရေး အကျဉ်းသား အယောက် ၄၀၀ နီးပါးရှိနေကြောင်း ထားဝယ်နိုင်ငံရေး အကျဥ်းသားများ ကွန်ယက် – DPPN ၏ စာရင်းများတွင် ဖော်ပြထားသည်။