အစားအစာနှင့် ဆေးဝါးလိုအပ်နေ လွိုင်ကော် အကျဉ်းထောင်တွင် ရောဂါ ဖြစ်ပွားသူ ဦးရေ မြင့်တက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ မေလ ၁ ရက်။
တစ်လေးလုံး စစ်ဆင်ရေးနောက်ပိုင်း ကရင်နီပြည် လွိုင်ကော်အကျဥ်းထောင်မှ ကျဉ်းသားများ အစားအသောက် အပြင် ဆေးဝါးလိုအပ်မှုများ ရှိနေသည်ဟု အကျဉ်းသားအရေး ဆောင်ရွက်နေသူများက ပြောသည်။
တစ်လေးလုံး စစ်ဆင်ရေးနောက်ပိုင်း ထောင်ဝင်စာတွေ့ခွင့် အခွင့်အလမ်းမှာ ယခင်ကထက်ပိုခက်ခဲသွားပြီး စားနပ်ရိက္ခာများ ပို့ပေးရာတွင်လည်း အကျဉ်းသားများထံ မရောက်ဘဲ ထောင်အာဏာပိုင်များ၊ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ယူထားခဲ့သည်ဟု ဆိုသည်။
ကရင်နီ နိုင်ငံရေး အကျဉ်းသား အစည်းအရုံး (KPPA) ပြန်ကြားရေး တာဝန်ခံ ကိုဇင်လင်းထက်က “စားနပ်ရိက္ခာ အခက်အခဲ ကြုံရဆဲပေါ့။ ကျနော်တို့က ဒီကြားထဲ ထောင်တွင်း အကျဉ်းသားတွေကို စားနပ်ရိက္ခာ ပို့ပေးတယ် ပေါ့နော်။ ဒါပေမယ့် ကြားထဲမှာ စစ်တပ်က ဖြတ်ယူလိုက်တယ်။ အဲ့လိုမျိုးတွေ ကြုံနေရတယ်ဆိုတော့ ထောင် ထဲမှာ ရှိနေတဲ့ လူတွေအတွက် အကူအညီတွေက မရောက်ပဲ ဖြစ်နေတာပေါ့” ဟု ပြောသည်။
လက်ရှိ လွိုင်ကော် အကျဥ်းထောင်၏ အခြေအနေမှာ ပြန်လွတ်လာသော အကျဥ်းသားများ၏ ပြောပြချက်အရ အစားသောက်နှင့် ဆေးဝါး ခက်ခဲ ပြတ်လပ်မှုများနှင့် ရင်ဆိုင်နေကြရသည်ဟု KPPA ပြောရေးဆိုခွင့်ရှိသူ ကိုထားဖိုးက ပြောသည်။
“နောက်ဆုံးအခြေနေနဲ့ ပတ်သက်ပြီး ကြားသိရတာပေါ့နော် စားရေးသောက်ရေးပိုင်းမှာ လုံးဝ အဆင်မပြေ တော့ဘူးလို့တော့ ပြောတယ်ပေါ့နော်။ သူတို့စားရတဲ့ ဆန်တွေ ဆိုတာကလည်း သဲတွေ ကျောက်တွေနဲ့ ရောနေ တော့ မချက်ခင်မှာ သူတို့ သေသေချာချာ ဖယ်ရှားရတယ်။ ငါးပိကျတော့ ဒီနောက်ပိုင်းမှာ အစိမ်းလိုက် ကျွေးတယ်ပေါ့နော၊ ကျန်းမာရေးပိုင်းမှာ ဆိုရင် ဆေးဝါးတွေ မရှိတော့ဘူး။ ပြီးတော့ဖျားနာတဲ့ အချိန်မှာလည်း ဆရာဝန်တွေ ကြည့်ရှုစောင့်ရှောက်ခြင်း မရှိတော့ဘူးလို့ ကြားသိရတယ်ဗျ။”
လတ်တလောတွင် လွတ်ရက်စေ့ပြီ ဖြစ်သော အကျဉ်းသား ၃၈ ဦး ဧပြီလ ၁ ရက်နေ့တွင် လွတ်မြောက်လာခဲ့ပြီး နိုင်ငံရေး အကျဉ်းသာ ၁၃ ဦး ပါဝင်သည်ဟု ကရင်နီ နိုင်ငံရေး အကျဥ်းသားများ အစည်းအရုံး KPPA တာဝန်ရှိသူများက ပြောသည်။
အဆိုပါ နိုင်ငံရေး အကျဉ်းသား ၁၃ ဦးထဲတွင် အမျိုးသမီး ၄ ဦးနှင့် အမျိုးသား ၉ ဦး ပါဝင်သည်။
ယခုပြန်လည် လွတ်မြောက်လာသော အကျဥ်းသား ၃၈ ဦး သည် ကြိုတင်အသိပေး အကြောင်းကြားထား ခြင်းမျိုး မရှိဘဲ လွိုင်ကော်အကျဥ်းထောင်မှ လွတ်ပေးခဲ့ခြင်းဖြစ်သည်ဟု KPPA ပြောရေးဆိုခွင့်ရှိသူ ကိုထားဖိုးက ဆက် ပြောသည်။
“ကြိုတင်ပြီးတော့ အသိမပေးဘူးပေါ့နော်။ အဲ့ဒီလွတ်မယ့်ရက် ည ၁၂ နာရီလောက်မှာ သူတို့လွတ်လိုက်တာပေါ့ သေချာစီစဥ်ထားတဲ့ အနေအထားမျိုး မဟုတ်ဘဲနဲ့ ခေါ်ထုတ်သွားတယ်။ ပြီးရင်အဲ့ကနေ မြို့မရဲစခန်းမှာ သူတို့ သွားပြီး ချခဲ့တယ်ပေါ့နော်။ မြို့မရဲစခန်းရောက်တဲ့ အချိန်မှာ မနက် ၂ နာရီလောက် ရှိနေပြီ။ အဲ့ဒီအချိန်မှာမှ ကိုယ့်ရဲ့ အဆက်အသွယ်တွေနဲ့ကိုယ်ဆက်သွယ်ပြီး မိမိနေရပ်ကိုပြန်ကြရတာပေါ့။”
တစ်လေးလုံးစစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း လွိုင်ကော်အကျဥ်းထောင်အတွင်း အကျဥ်းသားစုစုပေါင်း ၅၀၀ ကျော်ရှိနေပြီး ဖေဖေါ်ဝါရီလ ၅ ရက်နေ့တွင် နိုင်ငံရေး အကျဥ်းသားများ အပါအဝင် အကျဉ်းသား ၆၅ ဦးကို ပထမ အကြိမ် လွတ်ပေးခဲ့သည်။
ယခု ဒုတိယအကြိမ်၌ လွတ်ရက်စေ့အကျဥ်းသား ၃၈ ဦး အပါအဝင် တစ်လေးလုံး စစ်ဆင်ရေး နောက်ပိုင်း လွိုင်ကော်အကျဥ်းထောင်အတွင်းမှ အကျဉ်းသား စုစုပေါင်း ၁၀၃ ဦး ပြန်လည် လွတ်မြောက်လာခဲ့ပြီး အကျဥ်း ထောင်အတွင်း၌ နောက်ထပ် အကျဥ်းသား အယောက် ၄၀၀ နီးပါး ကျန်ရှိနေသေးသည်ဟု KPPA တာဝန်ရှိသူက ပြောသည်။
လွိုင်ကော် အကျဥ်းထောင်အတွင်း၌ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရ၍ ကျန်ရှိနေသော နိုင်ငံရေး အကျဥ်း သားတစ်ဦး၏ မိခင်ကလည်း လွတ်ရက် မစေ့သေးသော သူမ၏သား ပြန်လည် လွတ်မြောက်လာရေး မျှော်လင့် နေသည်။
“အဒေါ်လည်းမျှော်လင့်နေတာ။ သားထွက်လာမယ့်အရေးကိုမျှော်လင့်နေတာ။ နေ့စဥ်နဲ့အမျှပဲပေါ့နော်။ ပါလာ မလား ပါလာမလား သူများထွက်လာတိုင်းလိုက်မေးနေရတာ အမောပဲ။စိတ်ပူတာတော့အများကြီးပဲ။ စားရ သောက်ရရဲ့လား နေကောင်းရဲ့လား သူဘယ်အချိန် လွတ်လာမလဲဆိုတာ မျှော်နေတာလေ။”
လက်ရှိ လွိုင်ကော်မြို့အတွင်း၌ ပြည်နယ်ရဲတပ်ဖွဲ့ရုံးနှင့် လွိုင်ကော်တက္ကသိုလ် အပါအဝင် စစ်ကောင်စီ၏ အဓိက ကျသော နေရာ ၁၂ နေရာကို ကရင်နီတော်လှန်ရေး ပူးပေါင်းအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ထားပြီး ဆက်လက် ထိန်းချုပ်ထားသည်။
ထို့အပြင် အကျဉ်းထောင်၏ အနီးတစ်ဝိုက်ကိုလည်း တော်လှန်ရေးတပ်များမှ ဆက်လက် ထိန်းချုပ်ထားဆဲ ဖြစ် သည်ဟု ကရင်နီတော်လှန်ရေး စစ်ရင်းသတင်း အရင်းအမြစ်များက ပြောသည်။
လွိုင်ကော်မြို့ အကျဉ်းထောင်တွင် စစ်ကောင်စီ လက်အောက်ခံ အကျဉ်းဦးစီးဌာနမှ ရိက္ခာ လျှော့ချ လိုက်ပြီး နောက် ရောဂါဖြစ်ပွားသူ အရေအတွက် အယောက် ၂၀ ကျော်ရှိလာသည်ဟု ထောင်နှင့်နီးစပ်သူများက ပြော သည်။
၂၀၂၃ ခုနှစ် ဩဂုတ်လကတည်းက ထောင်ဝင်စာ ပိတ်ခံထားရသည့်အပြင် ထောင်တွင်း ရိက္ခာလည်း လျှော့ချ လိုက်သည်ဖြစ်ရာ အာဟာရချို့တဲ့ပြီး ဝမ်းရောဂါ၊ လေဖြတ်ရောဂါ၊ နာတာရှည်ရောဂါများ ဖြစ်ပွားနေကြသည်ဟု ဆိုသည်။
ကရင်နီနိုင်ငံရေး အကျဉ်းသား အစည်းအရုံး (KPPA) ပြန်ကြားရေး တာဝန်ခံ ကိုထားဖိုးက “သာမန်ဆိုရင်တော့ မနက်ပိုင်းကို ဆီနဲ့ဆနွင်းနဲ့ ကြော်ပေးတယ်ပေါ့နော်။ မနက်တိုင်း ထမင်းကြော်ပုံစံ။ နေ့လည်ပိုင်း ဆိုရင် ထမင်း ကို ပဲဟင်းပျစ်ပျစ်နှစ်နှစ်လေး ကျွေးတယ်ပေါ့နော်။ ညနေပိုင်းဆိုရင်လည်း ဟင်းရည်လေးတွေပါမယ်၊ ငပိရည် လေးတွေပါမယ်၊ လုံလောက်တဲ့ ထမင်းတွေကိုပေးတယ်။ ပြီးရင် တစ်ပတ်ကို ၃ – ၄ ကြိမ်လောက် အသား ဘယ် လောက်ရာခိုင်နှုန်း ကျွေးရမယ်ဆိုတာ ရှိတယ်ပေါ့နော်။ အသားက စကေးလို့ခေါ်တယ်။ သာမန်ဆိုရင် တော့ လူ ၁ ယောက် စားမကုန်နိုင်တဲ့ အရွယ်အစားရှိတယ်” ဟု ပြောသည်။
သို့သော် နောက်ပိုင်းတွင် အသားမှာ လုံးဝမကျွေးတော့သည့် အဆင့်ရောက်သွားသည်ဟု ကိုထားဖိုးက ဆက် ပြောသည်။
“နောက်ပိုင်း တဖြည်းဖြည်း သေး သေး သွားတယ်ပေါ့။ နောက်ပိုင်း မရှိတော့တဲ့အထိ ဖြစ်သွားတယ်။ အခုချိန် မှာ ဒါတွေက လုံးဝလုပ်ပေးလို့မရတဲ့ အခြေအနေပေါ့ နော်။ ၁၀ ယောက် ၁ ဖွဲ့မှာ ငပိရည် ၁ ဇွန်းလောက်ရရင် တောင်မှ ဟင်းကောင်းပြီလို့ ပြောကြတဲ့အခြေအနေ ရှိတာပေါ့နော်။”
အကျဉ်းသားများမှာ အာဟာရချို့တဲ့မှုကြောင့် ရောဂါဖြစ်ပွားနေကြသည့်အပြင် ဆေးပစ္စည်း မလုံလောက်မှုနှင့် ဆရာဝန်မှလည်း ကျန်းမာရေး စောင့်ရှောက်မှု မပေးသောကြောင့် ထောင်ဝင်စာဖြတ်ထားသည့် ၆ လကျော် အတွင်း ကိုယ့်ကိုယ် အဆုံးစီရင်သူနှင့် ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၆ ဦးခန့်ရှိပြီဟု ဆိုသည်။
ယခင် ထောင်ဝင်စာ မပိတ်ခင် ကာလများတွင်လည်း နိုင်ငံရေး အကျည်းသား (နိုင်ကျဉ်း) မိသားစုဝင်များမှ ပို့ဆောင်သည့် ထောင်ဝင်စာများအား စစ်ကောင်စီနှင့် အကျဉ်းဦးစီးဌာနက ကြားဖြတ်ယူခဲ့သောကြောင့် အကျဉ်း သားများထံ ရိက္ခာမရောက်ခဲ့ဘူးဟုလည်း ဆိုသည်။
လတ်တလောတွင် ထောင်တွင်း အကျဉ်းသားများ အားလုံး နီးပါးမှာ လူ့အခွင့်အရေး ချိုးဖောက်မှုဒဏ်ကို ခံနေရသော်လည်း နိုင်ကျဉ်းများအပေါ် ပြုမူဆက်ဆံပုံမှာ ပိုမိုဆိုးရွားနိုင်သည်ဟု နိုင်ကျဉ်းဟောင်း ကိုထားဖိုးက ဆက်ပြောသည်။
“လက်ရှိ အခြေအနေကတော့ အကျဥ်းသားတိုင်း ပါဝင်တယ်လို့ သုံးလို့ရတယ်။ သို့ပေမဲ့ နည်းနည်း ကွဲပြားတဲ့ အခြေအနေ တစ်ခုတော့ ရှိနိုင်တယ်။ ဘယ်လိုလဲဆိုတော့ နိုင်ငံရေးအကျဥ်းသားအများစုက သူတို့ ဆီမှာ ခံယူ ချက်ရှိတယ်။ ယုံကြည်ချက်ရှိတဲ့အတွက် သူတို့ရတာပဲသူတို့ ယူတာပေါ့နော်. သူတို့ အကျဥ်းသားတွေက တချို့ သော နည်းလမ်းတွေနဲ့ သူတို့ အခွင့်အရေးပိုပြီးတော့ ပိုယူတတ်ကြတယ်။ အဲ့လိုမျိုး အကျဥ်းသား ၂ ခုကြားမှာ တော့ ကွဲပြားလိမ့်မယ်။ တချို့သောပုဒ်မ အကျဥ်းသားတွေက ဘယ်လိုနည်းလမ်းတွေနဲ့ သူတို့မှာ အခွင့်အရေး တွေ ပိုရနိုင်လဲဆိုတာ အမြဲတမ်း ရှာဖွေပြီးတော့ အသုံးပြုနေလိမ့်မယ်။ သို့ပေမယ့် နိုင်ငံရေး အကျဥ်းသားတွေ က ဒါမျိုး မလုပ်ဘူး။ သူတို့ကို ပေးသလောက်သာ သူတို့ယူတယ်။ ဥပဒေအတိုင်းပဲ သူတို့ နေထိုင်ကြတယ်။ အဲ့ဒီ အတွက် အကျဥ်းသား အများစုက အနေဆင်းရဲ အစားဆင်းရဲကြတယ်။”
စစ်အာဏာသိမ်းကာလ အစပိုင်းကတည်းက စတင်ပြီး လက်ရှိအချိန်အထိ လွိုင်ကော် နိုင်ကျဉ်းများအား အမျိုးသားညီညွတ်ရေး အစိုးရ (NUG)နှင့် ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC)တို့မှ တစ်စုံ တစ်ရာ ကူညီထောက်ပံ့ခြင်းမျိုး မရှိခဲ့ဖူးဘူးဟု ဆိုသည်။
ထို့ကြောင့် နိုင်ငံရေး ဦးဆောင်သည့် အဖွဲ့အစည်းများမှ ဦးဆောင်ဖြေရှင်းပေးစေလိုပြီး ယခုကဲသို့ စစ်ရေး အကဲ ဆတ်သည့် ကာလတွင်လည်း နှစ်ဖက်အဖွဲ့အစည်းများအတွက် ကြားခံညှိနှိုင်းမည့် နိုင်ငံတကာ အဖွဲ့အစည်းများ ပေါ်လာမှသာ အကျဉ်းသားများအတွက် အဆင်ပြေမည်ဟု KPPA တာဝန်ရှိသူများက ပြောသည်။
လွိုင်ကော်ထောင်တွင် အကျဉ်းသားပေါင်း အယောက် ၄၀၀ ကျော်ရှိပြီး လွတ်ရက်စေ့ရန် ကျန်ရှိနေသေးသည့် နိုင်ကျဉ်းပေါင်း ၁၁၀ ကျော် ပါဝင်သည်ဟု အကျဉ်းဦးစီးဌာနှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။
လက်ရှိတွင် လွိုင်ကော်အကျဉ်းထောင်ထဲ၌ ရှိနေသည့် နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသား အားလုံးအတွက် အကျဉ်းထောင်ထဲ၌ ကျန်းမာရေး၊ စားဝတ်နေရေးတို့၌ ခက်ခဲမှုများနှင့် ရင်ဆိုင်နေရသည်ဟု (KPPA) က ဆိုသည်။