နိုင်ကျဉ်းသူများနှင့် လူငယ်ပြုပြင်ရေး စခန်းမှ အမျိုးသမီးများ အခွင့်အရေး ချိုးဖောက်ခံနေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၀ ရက်။
ပုဒ်မအမျိုးမျိုးတပ်က ဖမ်းဆီးခံထားရသည့် နိုင်ငံရေး အကျဉ်းသူများကို အကျဉ်းထောင်များ၊ အချုပ်ခန်းများနှင့် စစ်ကြောရေးနေရာတို့တွင် လူမဆန်အောင် နှိပ်စက်ခံနေရသည့်အပြင် မုဒိမ်းကျင့်ခံရသည့် ဖြစ်စဉ်များ ရှိနေသည်။
အကျဉ်းထောင်များထဲတွင် နိုင်ကျဉ်းသူမျးကို လူ့ဂုဏ်သိက္ခာနှင့် အညီမထားဘဲ ကျွန်ကဲ့သို့ သဘောထားပြီး နည်းမျိုးစုံနှင့် ဖိနှိပ်ထားသည်ဟု နိုင်ကျဉ်းဟောင်းများနှင့် နိုင်ကျဉ်းအရေး လုပ်နေသူများက ပြောသည်။
အကျဉ်းဦးစီးဌာန လက်အောက်ရှိ အကျဉ်းထောင် အသီးသီးတွင် အမျိုးသမီးနိုင်ကျဥ်းများ လူ့အခွင့်အရေး ချိုးဖောက်ခံနေရသည်ဟု နိုင်ကျဉ်းအရေး လုပ်ဆောင်နေသူများက ပြောသည်။
စစ်ကောင်စီ လက်အောက်ခံ အကျဥ်းဦးစီးဌာနမှ မေလ ၂၂ ရက်နေ့တွင် ထောင်ဝင်စာပို့သူများအား မိသားစုဝင် များသာ ခွင့်ပြုတော့မည်ဟု သတ်မှတ်ပြီးနောက် နိုင်ကျဥ်းများအပေါ် ထောင်တွင်းအခြေအနေ ပိုတင်းကြပ် လာသည်ဟု ထောင်နှင့်နီးစပ်သူများက ပြောသည်။
နိုင်ကျဥ်းများအနက် အမျိုးသမီး နိုင်ကျဥ်းများအား တိုက်ပိတ်ခြင်း၊ ရိက္ခာလျှော့ချခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကား ခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နေသည့်အပြင် ကျန်းမာရေး စောင့်ရှောက်မှုများလည်း ပိတ်ပင်ထားသည်ဟု ဆိုသည်။
နိုင်ငံရေး အကျဉ်းသူများအဖွဲ့ WOPP ပြန်ကြားရေး တာဝန်ခံ မဇင်မေသက်က “အပြင်ကနေ ပြန်ဝင်ပြီ ဆိုရင် ပဲဖြစ်ဖြစ်၊ အထဲမှာပဲဖြစ်ဖြစ်ပေါ့နော် menstruation လာတဲ့အချိန်တွေ ဆိုလို့ရှိရင်လည်း ရုံးပြန် အနေအထား ဆိုလို့ရှိရင်လည်း ဒီလိုအခြေအနေမျိုး ဖြစ်နေပါတယ် ပြောတာတောင် မရဘဲနဲ့ အကျဥ်းသူတွေအားလုံး တခြား သော အကျဥ်းသူတွေရှေ့မှာလည်း ချွတ်ပြခိုင်းတာတို့ အဲ့လိုမျိုး ဖိနှိပ်မှုတွေ ရှိနေပါတယ်” ဟု ပြောသည်။
လတ်တလောတွင် အင်းစိန်၊ ဒိုက်ဦး၊ သာယာဝတီ၊ ရမည်းသင်း၊ မြင်းခြံ၊ ကျိုက်မရော၊ ထားဝယ်၊ အိုးဘို စသည် အကျဉ်းထောင်များ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်နေသည့် ထောင် ၁၀ ခုခန့် ရှိပြီး ယင်းထောင်များ အနက် အိုးဘိုထောင်မှာ အရက်စက်ဆုံးဖြစ်သည်ဟု နိုင်ကျဥ်းဟောင်းများ၏ ပြောပြချက်အရ သိရသည်။
အိုးဘိုထောင်တွင် ဆန္ဒပြသည့် နိုင်ကျဉ်းသူများအား လျှပ်စစ်ကျင်စက်၊ နံပါတ်တုတ်၊ ဝါးရင်းတုတ်၊ သံတုတ်များ ဖြင့် သွေးထွက်သံယို ဖြစ်သည်အထိ ရိုက်နှက်ကြပြီး ဒဏ်ရာရသူများအား ဆေးကုသခွင့် မပေးသည့်အပြင် အစာရေစာဖြတ်ခြင်း၊ တိုက်ပိတ်ခြင်း စသည့် လုပ်ရပ်များ ကျူးလွန်နေခြင်း ဖြစ်သည်။
မဇင်မေသက်က “အမျိုးသမီး လစဥ်သုံးပစ္စည်းဆိုရင်တော့ အပြင်ကနေတော့ ထည့်ပေးလို့တော့ ရတယ်ပေါ့ နော်။ အဲ့ဒီအပိုင်းကိုလည်း ကျမတို့က ကြိုးစားပြီးတော့ ထည့်ပေးနေတယ်၊ ဒီလိင်ပိုင်းဆိုင်ရာ ခွဲခြားမှုကတော့ အထဲ ထဲမှာ ဖိနှိပ်ခံရတာပေါ့နော်၊ ကျန်းမာရေး မကောင်းလို့ ဆေးခန်းသွားတာပဲဖြစ်ဖြစ်၊ တစ်နေရာကနေ တစ် နေရာ သွားတာပဲဖြစ်ဖြစ်၊ ထောင်ဝန်ထမ်း အမျိုးသမီးတွေ ကိုယ်တိုင်ကပေါ့နော် နှိုက်နှိုက်ချွတ်ချွတ် အစစ်ခံရ တာတွေ ရှိတယ်။ တခါတလေကျရင် menstruation ဖြစ်နေလို့ အဆင်မပြေဘူး ပြောတဲ့ကြားထဲကနေပြီး တော့ တခြားသော အကျဥ်းသူတွေရဲ့ရှေ့မှာ ချွတ်ပြခိုင်းတာတွေလည်း ရှိတယ်။ အနှိုက်ခံရတာမျိုးတွေလည်း ကြုံတွေ့ရတယ်” ဟု ပြောသည်။
လတ်တလောတွင် မိသားစုဝင်များက ပေးပို့လိုက်သည့် ထောင်ဝင်စာများအားလည်း အဆင့်ဆင့် စစ်ဆေးမှုများ ရှိနေပြီး တစ်ဆင့်ချင်းစီတိုင်းတွင် သိမ်းဆည်းခံရသည်များ ကြုံနေရသည့်အပြင် ရောက်သည့် ထောင်ဝင်စာများ မှာလည်း ၃ ပုံတစ်ပုံခန့်သာ ရှိသည်ဟု ဆိုသည်။
ထို့အပြင် စီရင်ချက် မချသေးသည့် နိုင်ကျဉ်းသူများအား ရုံးထုတ်ချိန်တွင်လည်း ၎င်းတို့၏ ရှေ့နေများကို ဖိအား ပေး ခြိမ်းခြောက်၍ မေးခွန်းနှင့် အဖြေများ ကန့်သတ်ခြင်း၊ သေနတ်ဖြင့် ထုတ်ချိန်ခြင်းများလည်း ကြုံနေရသည် ဟု နိုင်ကျဥ်းဟောင်းများက ပြောသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းတဲ့ရက်စပြီး မေလ ၂၇ ရက်နေ့ အထိ ဖမ်းဆီးခံထားရသည့် နိုင်ငံရေး အကျဉ်းသားပေါင်း ၂၆,၇၄၇ ဦးရှိပြီး ၎င်းတို့အနက် ၂၀,၄၉၉ ဦးမှာ ဖမ်းဆီးထိန်းသိမ်း ခံထားရဆဲ ဖြစ် သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
အကျဉ်းထောင်တွင်းက နိုင်ငံရေး အကျဉ်းသူများသာ အခွင့်အရေး ချိုးဖောက်ခံနေရခြင်း မဟုတ်ဘဲ လူငယ်ပြု ပြင်ရေး စခန်းများက အမျိုးသမီးငယ်များလည်း လူ့အခွင့်အရေး ချိုးဖောက်ခံနေကြရသည်။
မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူငယ်ပြုပြင်ရေး စခန်းများတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော အသက် မပြည့်သေး သည့် အမျိုးသမီးငယ်များ လူ့အခွင့်အရေး ချိုးဖောက်ခံနေရသည်ဟု အကျဉ်းကျ ခံနေရသူများ၏ မိသားစုဝင် များနှင့် နိုင်ငံရေး အကျဉ်းသားအရေး စောင့်ကြည့်နေသူများက ပြောသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ယက် (PPNM) ၏ လတ်တလော လေ့လာစောင့်ကြည့်မှု အရ ရန်ကုန်တိုင်းရှိ ဗဟန်း အမျိုးသမီး သင်တန်းကျောင်း၊ ကော့မှူး အမျိုးသမီး သင်တန်းကျောင်းနှင့် ပုသိမ်ကြီး အမျိုးသမီး လူငယ်သင်တန်းကျောင်းတို့မှာ အမျိုးသမီးငယ်များကို ထိန်းသိမ်းထားရာ အခွင့်အရေး ချိုးဖောက် ခံရမှုများ ရှိနေသည်ဟု ဆိုသည်။
PPNM ဦးဆောင် ကော်မတီဝင် တစ်ဦးဖြစ်သူ ကိုသိုက်ထွန်းဦးက “ကျနော်တို့ ကိုယ်တိုင်ကလည်း အကျဥ်းသား ဟောင်းတွေ ဖြစ်တဲ့အတွက် အကျဥ်းထောင်တွေ အတွင်းမှာ ဖြစ်ပျက်နေတဲ့ အချက်အလက်တွေကို ရရှိအောင် ကြိုးစားပုံတွေကို ပြောပြလို့မရပေမယ့် သတင်းတွေကိုတော့ သတင်းခိုင်မာမှု အနည်းဆုံး ၈၀ ရာခိုင်နှုန်းပေါ်မှာ အခြေတည်လို့ရမယ့် အချက်အလက်တွေကို သာလျှင် ထုတ်ပြန်တာ ဖြစ်ပါတယ်ဗျ။ သတင်း အတည်ပြုနိုင်တာ ကတော့ အဖွဲ့အစည်းအနေနဲ့ ထုတ်ပြန်တာ ဖြစ်တဲ့အတွက်ကြောင့် အဖွဲ့အစည်းအနေနဲ့ အတည်ပြုနိုင်တာလို့ ပြောရပါလိမ့်မယ်” ဟု ပြောသည်။
ဗဟန်း အမျိုးသမီး ထိန်းသိမ်းရေးကျောင်းတွင် အသုံးပြုသော ရေချိုးခန်းနှင့် အိမ်သာတို့၌ စောင့်ကြည့်ရန် CCTV များ တပ်ဆင်ထားခြင်းကြောင့် လိင်ပိုင်းဆိုင်ရာဖိနှိပ်မှုနှင့် အရှက်ရစေမှုများ ခံစားနေရသည့်အပြင် စိတ်ပိုင်းဆိုင် ရာနှင့် ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုများကို ခံစားနေရသည်ဟု ဆိုကြသည်။
ထို့အပြင် အပေါ့၊ အလေး သွားလာခွင့်ကိုလည်း သတ်မှတ်ချိန်အတွင်း၌ပဲ သွားလာခွင့်ရပြီး ကျန်သည့်အချိန်များ တွင် အပေါ့၊ အလေး သွားသူများကို တုတ်နှင့်ရိုက်ခြင်း၊ ထင်းခွဲခိုင်းခြင်း၊ မြက်ပေါက်ခိုင်းခြင်း စသည့် ပြစ်ဒဏ် များကို ပေးလေ့ရှိသည်ဟု ကိုသိုက်ထွန်းဦးက ဆက်ပြောသည်။
“မတရား ဖမ်းဆီးထိန်းသိမ်းခံနေရသော ကလေးငယ်တွေအနေနဲ့ သူတို့ကို သင့်တင့်မျှတသော အစား အသောက်နဲ့ လုံလောက်သော စောင့်ရှောက်မှုမျိုး မရှိဘူးဆိုရင် ဒီကလေးငယ်တွေအနေနဲ့ မိသားစုနဲ့ဝေးတဲ့ ရပ်ဝန်းတစ်ခုမှာ အသက်အရွယ်နဲ့မမျှတဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ခံစားမှုတွေကိုပါ ခံစားနေရတာ ဖြစ် တယ်။ ဒါကြောင့်မို့လို့လည်း ကျနော်တို့အနေနဲ့ အကျဥ်းထောင်တွေ အတွင်းမှာ နိုင်ငံရေးပုဒ်မနဲ့ သူတို့ ထိန်းသိမ်း ထားတဲ့ ကလေးငယ်တွေက ဆိုးသွမ်းလူငယ်တွေ မဟုတ်တဲ့အတွက် အပြစ်ပေးစရာ ဘာအကြောင်းမှ မရှိဘူး ပေါ့နော်၊ မိသားစု ရင်ခွင်မှာပဲ ကလေးငယ်တွေကို နွေးနွေးထွေးထွေးနဲ့ ရှိနေဖို့အတွက် ပြန်လည် ပို့ဆောင်ပေးဖို့ ပြောချင်ပါတယ်။”
ကော့မှူးအမျိုးသမီး ထိန်းသိမ်းရေးစခန်းတွင်လည်း အပျိုဖော်ဝင်ခါစ အမျိုးသမီးငယ်အချို့ကို အမျိုးသမီး လစဥ် သုံး ပစ္စည်းများ လုံလောက်စွာ ထောက်ပံ့ပေးခြင်း မရှိဘူးဟု ဆိုသည်။
ထောင်တွင်း စစ်ဆေးချိန်များ၌လည်း အကျဥ်းဦးစီးဌာန ဝန်ထမ်းများနှင့် ပတ်သက်သည့် အမျိုးသား သူငယ်ချင်း များအပြင် ၎င်းတို့၏ မိသားစုဝင်များပါ မကြာခဏ ဝင်ရောက်လေ့ရှိခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုမျိုး ခံစားနေကြရသည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူအချို့က ပြောသည်။
ပုသိမ်ကြီး အမျိုးသမီး သင်တန်းကျောင်းတွင်မူ နယ်ဝေးက မိသားစုဝင်များက ပါဆယ်မပို့ပေးနိုင်သည့် အကျဉ်း သူများကို အကျဉ်းဦးစီးဌာနက ပဲဟင်းနှင့် ထမင်းကိုပဲ နေ့စဉ် ကျွေးနေပြီး အထက်လူကြီးများ စောင့်ကြည့်သည့် ရက်များ၌သာ ကြက်ဥဟင်း စီစဉ်ပေးသည်ဟု ဆိုသည်။
အဆိုပါ သင်တန်းကျောင်း ၃ ကျောင်းတွင် ထိန်းသိမ်းခံထားရသည့် အမျိုးသမီးငယ်များမှာ အဟာရ လုံလုံ လောက်လောက် မရကြသလို ပွေး၊ ဝဲ၊ ယားနာများ ဖြစ်နေကြပြီး လုံလောက်သော ဆေးကုသခွင့်လည်း မရကြ ဘူးဟု အကျဉ်းသူ မိသားစုဝင်များက ပြောသည်။
မြန်မာနိုင်ငံ၏ ၁၉၉၃ ခုနှစ် ကလေးသူငယ်ဥပဒေတွင် ပြစ်မှုကျူးလွန်ချိန်၌ အသက် ၁၆ နှစ် မပြည့်သေးသည့် ကလေးငယ်များနှင့် အသက် ၁၈ နှစ် အောက် အကာအကွယ် လိုအပ်နေသည့် လူငယ်များ (မူးယစ်ဆေးစွဲသူများ၊ မိဘ သို့မဟုတ် အုပ်ထိန်းသူ မရှိသောသူများနှင့် လမ်းပေါ်နေ ကလေးများ အပါအဝင်) ကို လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လက်အောက်ရှိ လူငယ်သင်တန်းကျောင်း ၁၀ ခု အနက်မှ တစ်ခုသို့ ပို့ဆောင်ရမည် ဖြစ်ကြောင်း ပြဌာန်း ထားသည်။
အဆိုပါ ကျောင်း ၁၀ ကျောင်း အနက် ၃ ကျောင်းမှာ မိန်းကလေးများ အတွက်ဖြစ်ပြီး ၄ ကျောင်းမှာ ကာကွယ် စောင့်ရှောက်မှု လိုအပ်သော လူငယ်များ အတွက်ဖြစ်သဖြင့် ရာဇဝတ်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခြင်းခံရသော လူငယ် ယောက်ကျားလေးများကို ကျန် ကျောင်း ၃ ကျောင်းကသာ လက်ခံသည်။
ထိုကျောင်းများထဲက ငှက်အော်စမ်း သင်တန်းကျောင်းက အကြီးဆုံး ဖြစ်ပြီး၊ မန္တလေးရှိ ကျောင်းမှာ ဒုတိယနှင့် မော်လမြိုင်ကျောင်းမှာမူ အငယ်ဆုံး လူဦးရေ အနည်းဆုံး လက်ခံသည့်နေရာ ဖြစ်သည်ဟု ဆိုသည်။