ပြည်သူ့စစ် ဖမ်းဆီးခံရသူ မိသားစုနှင့် အဆက်အသွယ်မရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်။
PDF နှင့် ဆက်စပ်မှုဖြင့် ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသွားသူတစ်ဦး အဆက်သွယ် မရသေးသောကြောင့် မိသားစု ဝင်များက စိုးရိမ်နေကြသည်။
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားမြို့အနီးတွင် ဖမ်းဆီးခံရသည့် အမျိုးသား တစ်ဦးမှာ မိသားစုဝင် များနှင့် ရက်ပေါင်း ၂၀ ကျော်ကြာသည်အထိ အဆက်သွယ်မရသေးဘူးဟု နီးစပ်သူများက ပြောသည်။
လွယ်လုံကျေးရွာတွင် နေထိုင်သူ တစ်ဦးက “ဖမ်းတယ်ဆိုရင် သူ့ကို ဘယ်မှာ ဖမ်းထားတယ်။ ဘယ်လို စီစဉ်ပေး တယ်။ အသက်ရှင်နေသေးတယ် ဆိုရင်လည်း ရှင်တယ်ပေါ့။ သေရင်လည်း သေတယ်ပေါ့။ အနည်းဆုံးတော့ တစ်ခုခု လုပ်ပေးရတာပေါ့လေ” ဟု ပြောသည်။
စံကားမြို့အနီးရှိ လွယ်လုံကျေးရွာ စစ်ဆေးရေးဂိတ်တွင် ဇူလိုင်လ ၂၁ ရက်နေ့က ၎င်း (ဖမ်းဆီးခံရသူ) အပါအဝင် အမျိုးသား ၇ ကို PDF နှင့် ဆက်စပ်သည်ဟု ဆိုကာ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA) က စွပ်စွဲဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ဖမ်းဆီးခံရသူ အများစုမှာ အသက် ၂၀ ပတ်ချာလည် ဝန်းကျင် အရွယ်များဖြစ်ပြီး လူငယ် ၆ ဦးကို ဩဂုတ်လ ၈ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သော်လည်း အသက်အကြီးဆုံးဖြစ်သည့် အသက် ၆၀ နှစ်အရွယ် ဦးဆောင် ဆိုသူအား ဆက်လက် ထိန်းသိမ်းထားခြင်း ဖြစ်သည်ဟု ဆိုသည်။
ဇူလိုင် ၁၇ ရက်နေ့မှ စတင်၍ လွယ်လုံကျေးရွာ စစ်ဆေးရေးဂိတ်တွင် PNA အဖွဲ့ နှင့် ကရင်နီတော်လှန်ရေး အင်အားစုများ အကြား တိုက်ပွဲ ပြင်းထန်ခဲ့ရာ ဦးဆောင် ဆိုသူမှာ စစ်ဘေးတိမ်းရှောင်နေစဉ် ဖမ်းဆီးခံလိုက်ရ ခြင်း ဖြစ်သည်။
ပုဂ္ဂိုလ်ရေးအရ နီးစပ်သူ တစ်ဦးက “အကြောင်းမရှိ အကြောင်းရှာ ဖမ်းတယ်ပဲ ပြောရမှာပေါ့။ ဦးဆောင်က အေး ဆေးသမား။ အသက်ကလည်း ကြီးပြီလေ။ ပအိုဝ်းရွာဖက်တွေဆို သိတဲ့အတိုင်း အသက်ကြီးရင် အေးဆေးပဲ နေကြတာ။ သူတို့က နိုင်ငံရေးတွေ စိတ်မဝင်စားကြဘူး” ဟု ပြောသည်။
ထို့အပြင် အရပ်သား ၇ ဦးအား ဖမ်းဆီးခဲ့သည့်ရက်၌ လွယ်လုံကျေးရွာရှိ တန်းဖိုးကြီး ထိုင်းနိုင်ငံထုတ် Honda အမျိုးအစား ဆိုင်ကယ် ၂၈ စီးကိုလည်း PNA အဖွဲ့က အဓမ္မ သိမ်းဆည်းသွားခဲ့ပြီး တပ်ဖွဲ့ဝင် တစ်ဦး တစ်စီးနှုန်း စီ ဖြင့် စစ်ဘက်ရေးရာတွင် အသုံးပြုနေကြသည်ဟု ဆိုကြသည်။
ဇူလိုင်လ ၁၇ ရက်နေ့တွင် လွယ်လုံစစ်ဆေးရေးဂိတ် တိုက်ပွဲဖြစ်ပွားသည့် တိုက်ပွဲတွင် PNA အဖွဲ့ဝင် ၁၀ ဦးကျော် သေဆုံးခဲ့ပြီး၊ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့သည်ဟု သတင်းမီဒီယာများတွင် ဖော်ပြခဲ့ကြ သည်။
ဓါတ်ပုံ – လွယ်ဆောင်ဂိတ် တိုက်ခိုက်ခံရစဉ် (ပုံဟောင်း)