အောင်ပန်း-ရွာငံ ကားလမ်းပိုင်း ရေလျှံ

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်။ 

အောင်ပန်း – ရွာငံ ကားလမ်းပိုင်းတွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေသောကြောင့် ကုန်စည်စီးဆင်းမှု နှောင့်နှေးသွား မည်ကို စိုးရိမ်နေရကြသည်။

ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ အောင်ပန်း – ရွာငံ ကားလမ်းပိုင်းတွင် ဩဂုတ်လ ဒုတိယပတ်က စပြီး ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်ဟု ယာဉ်မောင်းများက ပြောသည်။ 

မြိုင်ကျေးရွာတွင် နေထိုင်သည့် ယာဉ်မောင်း တစ်ဦးက ဆိုးဆိုးဝါးဝါးပဲ ကုန်ကားတောင် မရတော့ဘူး။ ရွာငံ ဒေသခံတွေက ဒီလမ်းပဲ အားကိုးနေရတာ။ နေ့တိုင်းကုန်စည် အဝင်အထွက်က ဒီလမ်းပဲ အားကိုးနေရတာ။ ကုန်သည်ထိရင် ဝန်ထမ်း၊ ကားသမား အကုန်ထိတယ် ဟု ပြောသည်။

ယခုရက် သတ္တပတ်အတွင်း မိုးနေ့စဉ်ရက်ဆက် ရွာသွန်းမှုကြောင့် ဩဂုတ်လ ၁၂ ရက်နေ့၊ နံနက်ပိုင်းတွင် ရွာငံမြို့ တောင်ဘက်၊ မြိုင်ကျေးရွာ တောင်ဘက်လမ်းတစ်လျှောက်ရှိ  စကုန်ချောင်းမှ တောင်ကျရေများ လျှံကျလာပြီး ပြည်ထောင်စု လမ်းမကြီးပေါ်တွင် ၄ ပေအထက် ရေကြီးရေလျှံ ဖြစ်ပေါ်နေသည်။

လတ်တလော မိုးရွာသွန်းမှု အခြေအနေအရ လမ်းပိုင်းနေရာတွင် ရေပြန်ကျရန် ၅ ရက်ခန့် စောင့်ဆိုင်းရမည် ဖြစ် ပြီး မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများမှ ဝင်လာသည့် ကားများနှင့် ရွာငံမှ ထွက်ခွါမည့် ကားများမှာ တန်းစီ စောင့်ဆိုင်းနေရသည်ဟု ယာဉ်မောင်းများကသည်။

ထို့အပြင် အချို့ယာဉ်လိုင်းများမှာ ယာဉ်ထွက်ချိန်အား နောက်အပတ်သို့ ရွှေ့ဆိုင်းထားသည်ဖြစ်ရာ အရေးပေါ် ကျန်းမာရေးကိစ္စဖြင့် သွားလာရသည့် လူမမာများနှင့် ပြင်ဦးလွင်ဘက်မှ ဝင်လာကြသည့် စစ်ဘေးရှောင်များ အတွက် အချိန်နှင့် ငွေကြေးနစ်နာဆုံးရှုံးမှုများ ကြုံနေရသည်ဟု ဆိုသည်။ 

ရွာငံမြို့တွင် နေထိုင်သည့် လုပ်ငန်းရှင် တစ်ဦးက မိုင်တိုင် ၅၇/၆ – ၅၇/၇ ကြားမှာ တော်တော်ဆိုးတာ။ ပြည်သူ တွေက ရေဘေးလည်း ကြောက်ရ စစ်ဘေးလည်း ကြောက်ရနဲ့။ ဘာနဲ့ လုပ်ကိုင်စားရတော့မလဲ။ နိုင်ငံရေး မကောင်းတော့ ဘယ်သူမှလည်း လာမရှင်းပေးရဲ ထပ်မတက်လာတာပဲ ကျေးဇူးတင်ရမလိုလို ဟု ပြောသည်။

မြန်မာနိုင်ငံအလယ်ပိုင်းနှင့် ရှမ်းပြည်နယ် တောင်ပိုင်းတို့ကို ဆက်သွယ်ထားသည့် လမ်းအနေဖြင့် မတ္ထီလာ – သာစည် – ယင်းမာပင် – ကလောလမ်းနှင့် အောင်ပန်း – ရွာငံ – ဟံမြင့်မိုရ် – ကျောက်ဆည်လမ်း ဟူ၍ ၂ လမ်း ရှိသည်ဟု ယာဉ်မောင်းများက ဆိုကြသည်။

သို့သော် ရွာငံ ကားလမ်းပိုင်းမှာ ဖြတ်လမ်းဖြစ်၍ အချိန်နှင့် ဓါတ်ဆီ အကုန်အကျ များစွာ သက်သာသည်ဖြစ်ရာ အဝေးပြေးကားအသေး (အန်စာတုံး) နှင့် ကုန်ကား၊ တွဲကားများ ပိုမို အသုံးပြုကြသည်ဟု ကုန်သည်ကြီးများက ပြောသည်။