နိုင်ကျဉ်းများကို သာမန် အကျဉ်းသားများနှင့် ခွဲခြား နှိပ်စက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်။ 

စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရသည့် နိုင်ငံရေး အကျဉ်းသူ/သားများမှာ သာမန် အကျဉ်းသူ/သားများ ထက် ပိုမိုဆိုးရွားစွာ နှိပ်စက်ညှင်းပန်းခံနေရသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်သားများ ကွန်ယက် (PPNM)  က ပြောသည်။

ထောင်အာဏာပိုင်များက နိုင်ငံရေး အကျဉ်းသူ/သားများ အပေါ် ဥပဒေမဲ့ လုပ်ဆောင်နေသည့် အခြေအနေ များနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်သားများ ကွန်ရက် (PPNM) ပြောရေးဆိုခွင့်ရှိသူ ကိုသိုက်ထွန်းဦးက ယခုကဲ့သို့ ပြောသည်။

အာဏာသိမ်းပြီး ချိန်မှာတော့ အဲ့ဒီ အကျဉ်းထောင်မှာရှိတဲ့ ထောင်အာဏာပိုင်တွေဟာ ထောင်တွင်းရဲ့ ဘုရင် တွေလို ဖြစ်လာတယ်။ ထောင်တွင်းမှာရှိတဲ့ အကျဉ်းသား အကျဉ်းသူနဲ့ ပတ်သက်လာရင် သူတို့ရဲ့ ပါးစပ်က ထွက်သမျှ စကားလုံးတိုင်းဟာ တစ်ထောင်လုံးရဲ့ အမိန့်လို ဖြစ်လာတယ်။ သူတို့ရဲ့ စိတ်တိုင်းကျ ဖြစ်ချင်တဲ့ အပေါ်မှာ ဥပဒေလည်း မရှိတော့တဲ့နောက် အာဏာသိမ်းလာတဲ့ အခါမှာ စစ်ကောင်စီကလည်း နိုင်ငံရေး အ ကျဉ်းသားကို ဖိနှိပ်လေ ပိုပြီးမှ သဘောကျလေ ဖြစ်တဲ့အတွက် ထောင်အာဏာပိုင်တွေဟာ စစ်ကောင်စီ အလို ကျ ဖိနှိပ်မှုတွေကို ထဲထဲဝင်ဝင်ကိုမှ လုပ်ဆောင်တာတွေကို ပြုလုပ်လာကြတယ်။

ထို့အပြင် ထောင်အာဏာပိုင်များက နိုင်ငံရေး အကျဉ်းသူ အမျိုးသမီးများ အပေါ်၌လည်း လူ့ဂုဏ်သိက္ခာနှင့် မလျော်ညီသည့် စစ်ဆေးမှုများကိုပါ ဥပဒေမဲ့ လုပ်ဆောင်နေသည်ဟု ကိုသိုက်ထွန်းဦး က ဆက်ပြောသည်။

အမျိုးသမီးတွေကို ထောင်ကနေပြီးမှ တရားရုံး ထွက်တဲ့ အချိန်မျိုးမှာနဲ့ ပြန်ရောက်ချိန်မျိုးမှာ အမျိုးသမီး တွေရဲ့ လိင်အင်္ဂါတွေကို ရှာဖွေစစ်ဆေးတာ၊ အဲ့တော့ အမျိုးသမီးချင်း စစ်ဆေးသော်ငြားလည်းပဲ တစ်ခါ တစ်ခါမှာ အဲ့ဒီဝန်ထမ်းတွေမှာ ယောက်ကျားစိတ် ခံယူထားတဲ့၊ ယောက်ကျား စိတ်ရှိတဲ့ အမျိူးသမီးတွေလည်း ရှိတယ်ပေါ့။ အဲ့တော့ သူတို့တွေက အမျိူးသမီး အချင်းချင်း စစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အမျိုးသမီး တွေရဲ့ လိင်အင်္ဂါတွေကို ရှာဖွေနှိုက်ချွတ် စစ်ဆေးတာ။ တစ်ခါ တစ်ခါမှာ အပျိုအရွယ် ကျနော်တို့ ညီမအရွယ် အမျိုးသမီးတွေ အတွက်ဆို အင်မတန်ကိုမှ ရှက်စရာကောင်းတဲ့ ကိစ္စတွေ ဖြစ်တယ်ပေါ့နော်။

စစ်အာဏာ မသိမ်းခင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ အစိုးရ,တွင် အကျဉ်းဦးစီဌာန၊ ထောင် အာဏာပိုင်များက နိုင်ငံရေး အကျဉ်းသားများအပေါ်  ဖိနှိပ်ခြင်း၊ ခေါင်းပုံဖြတ်ခြင်းတို့ကို ကျူးလွန်ပါက ရာထူးမှ လျှော့ချခံရခြင်း၊ ရာထူးမှ ထုတ်ပယ်ခံရခြင်းတို့ကြောင့် ယခုကဲ့သို့ ဆိုးရွားသော အနေအခြေ၊ ချိုးဖောက်မှုများကို လုပ်လေ့မရှိဘူးဟု PPNM က ဆိုသည်။

လက်ရှိ အကျဉ်းဦးစီဌာနက ဝန်ထမ်းများ၏ နိုင်ငံရေး အကျဉ်းသားများအပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်း ကလည်း နောက်ထပ် အဆိုးရွားဆုံး ထောင်တွင်း အခြေအနေ တစ်ခု ဖြစ်သည်ဟု ကိုသိုက်ထွန်းဦး က ပြောသည်။

လက်ရှိ အကျဉ်းထောင်တွေမှာ ရှိတဲ့ နိုင်ငံရေး အကျဉ်းသား/သူတွေက မိမိစရိတ်နဲ့ မိမိထောင်ကျ ခံနေရတယ် ဆိုတဲ့ ပုံစံမျိုးကို ဖြစ်နေတယ်ပေါ့နော်။ မိမိတို့ရဲ့ အချုပ်တံခါး ထောင်တံခါးကို ခတ်မဲ့ သော့ကအစ အကျဉ်းသား တွေရဲ့ ငွေကြေးနဲ့ပဲ ပြန်ဝယ်ပြီးမှပေါ့နော သူတို့ လုပ်နေကြတယ်။ အဲ့လိုပဲ ကျနော်တို့ ရေကန်မှာ ရေချိုးရမဲ့ ရေကအစ အကျဉ်းသားတွေရဲ့ စုပေါင်းငွေနဲ့ ဝယ်ယူကြရတယ်။ အကျဉ်းသားတွေက မိမိတို့ ထောင်ထဲမှာ နေထိုင် စားသောက်ရေးအားလုံး မိမိတို့ရဲ့  အိမ်ကပေးပို့တဲ့ ငွေကြေးနဲ့ ပါဆယ်တွေပေါ်မှာပဲ အခြေတည်ပြီးမှ ဖြတ် သန်း နေကြရတာ ဖြစ်တယ်ပေါ့နော်။

ထောင်အာဏာပိုင်များ၏ လူ့အခွင့်အရေး ချိုးဖောက်မှု လုပ်ရပ်များဖြစ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုံ လောက်စွာ မပေးခြင်း၊ အကျဉ်းထောင်ထဲမှ ဥပဒေမဲ့ ခေါ်ထုတ် သတ်ဖြတ်ခြင်းတို့ကြောင့် လွန်ခဲ့သည့် နှစ်က နိုင်ငံရေး အကျဉ်းသူ/သားပေါင်း အနည်းဆုံး ၃၆ ဦး ကျဆုံးခဲ့ရသည်ဟု ကိုသိုက်ထွန်းဦး က ပြောသည်။

လက်ရှိ အချိန်အထိ အကျဉ်းထောင်များတွင် လုံလောက်သော ကျန်းမာရေး စောင့်ရှောက်မှု မရသေးသည့် အတွက် အသက် ဆုံးရှုံးခဲ့ရသော နိုင်ငံရေး အကျဉ်းသူ/သား ၁၀၁ ဦး ရှိသည်ဟု PPNM က ဆိုသည်။

ဓါတ်ပုံ – Crd (အကျဉ်းစီးဌာနမှ ဝန်ထမ်းများ)