အင်းလေးတွင် ရေတက်နှုန်း အဆမတန် မြင့်တက်၊ ဖောင်တော်ဦးဘုရား ရင်ပြင်အထိ ရေဝင်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်။
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် ရေတက်နှုန်း အဆမတန် မြင့်တက်နေပြီး ဖောင် တော်ဦးဘုရား ရင်ပြင်အထိ ရေဝင်ရောက်လာပြီဟု ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လအတွင်း ရေတက်နှုန်းမှာ စိုးရိမ်ရေမှတ် မရှိသော်လည်း စက်တင်ဘာလ ပထမပတ်ထဲ ဝင် ရောက်လာသည့် အချိန်တွင် ရေတက်နှုန်းမှာ ယခင်ထက် ၃ ဆပိုလာခဲ့ခြင်း ဖြစ်သည်။
ဖောင်တော်ဦးဘုရားနှင့် မြောက်ဘက်ကပ်လျက်ရှိ သာလေးကျေးရွာသားတစ်ဦးက “အင်းလေးဆိုတာ ရေရှိမှ သွားလို့လာလို့ အဆင်ပြေတယ်ဆိုပေမယ့် ရေများသွားရင်လည်း ဒုက္ခရောက်တယ်။ အိမ်တွေရေမြုပ်၊ တစ်ချို့ နေရာတွေက ကုန်းလည်း မပီပြင်၊ ရေဆိုလည်း မဟုတ်ပြန်ဘူး။ နားလည်အောင် ပြောရရင်တော့ ရေတက်လာ တော့ လမ်းတွေမြုပ်တယ်။ သွားလို့ မရတော့ဘူး။ အဲဒီလမ်းတွေကို လှေနဲ့ သွားဖို့ဆိုတာလည်း ရေက ခြေသလုံး လောက်ပဲရှိတော့ လှော်လို့ မရပြန်ဘူး” ဟု ပြောသည်။
လက်ရှိအနေအထားအရ ဖောင်တော်ဦးဘုရား ရင်ပြင်ရှိ နတ်မင်းကြီး ၄ ပါးရုပ်ထု၊ ဖောင်တော်ဦး ဘုရားဈေး (၅ ရက်တစ်ဈေးနေရာ)၊ ဘုရားတောင်ဘက် ဈေးဆိုင်ခန်းများနှင့် ကရဝိတ်အဆောင်အထိ ရေများဝင်ရောက်နေပြီး ပျံကျ ဈေးဆိုင်ခန်းများမှာ ပိတ်ထားရသည်မှာ ၃ ရက်ခန့် ရှိပြီဟု ဆိုကြသည်။
ရေတက်ရသည့် အကြောင်းအရင်းမှာ မိုးဗြဲဆည်မှ စစ်ကောင်စီတပ်များ ရေကာတာ ဖောက်ချမှုကြောင့် အင်းလေးကန် အတွင်းသို့ စီးဝင်လာခြင်း၊ စစ်မှုထမ်း ဥပဒေကြောင့် လူငယ်များ ထွက်ပြေးနေရသဖြင့် လယ်ယာ လုပ်ကိုင်သူ လျော့နည်းလာပြီး လယ်ရေမသွင်းနိုင်ခြင်း၊ မိုးရက်ဆက် ရွာသွန်းခြင်း စသည့် အကြောင်းအရာများ ကြောင့် ဖြစ်သည်ဟု ဆိုကြသည်။
ဖောင်တော်ဦးဘုရား တောင်ဖက်ကပ်လျက် ရွာကြီးရှေ့ကျေးရွာတွင် နေထိုင်သူ တစ်ဦးက “တစ်ချို့အိမ်ဆို အောက်ထပ်လုံးလုံး မြုပ်ပြီလေ။ တစ်ထပ်ပဲရှိတဲ့ တဲအိမ်တွေက ဘုန်းကြီးကျောင်းတွေ ပေါင်းနေကြတာပေါ့။ တစ်ချို့ကျတော့လည်း ဆွေမျိုးတွေနဲ့ ပေါင်းနေကြပေါ့။ ရေကတော့ ထပ်တက်ဦးမှာပဲ။ မိုးကနေ့တိုင်း ရွာနေ တာ” ဟု ပြောသည်။
ရေကြီးရေလျှံ ဖြစ်နေမှုကြောင့် အင်းလေးကန်ပတ်လမ်း အရှေ့လမ်းနှင့် အနောက်လမ်း ၂ လမ်းလုံးမှာ သွားလာ ၍ မရတော့ဘဲ ကုန်းလမ်း အသုံးပြုသူများက ရေလမ်းဖြင့်သာ သွားလာနေရသည်ဟု ဆိုသည်။
အင်းဒေသတွင် ၂၀၀၅ ခုနှစ် စံချိန်တင် ရေကြီးခဲ့စဉ်က ဖောင်တော်ဦးဘုရား ရင်ပြင်နှင့် စာသင်ကျောင်းများ အထိ ရေများဝင်ရောက်ခဲ့ပြီး လက်ရှိ အနေအထားရ လာမည့် ၃ ရက်ဝန်းကျင်ခန့်တွင် ထိုစံချန်အား ကျော်လွန်နိုင်သည် ဟု ဒေသခံများက ခန့်မှန်းထားသည်။