ဘုတ်ပြင်းတွင် လက်နက်ကြီးကြောင့် ရွာသားတစ်ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်။

ဘုတ်ပြင်းမြို့နယ်တွင် စစ်ကောင်စီဘက်က ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကြောင့် ချောင်းမွန်ငါး ရွာသား တစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရွာသားများက ပြောသည်။

ဘုတ်ပြင်းမြို့နယ်၊ ချောင်းမွန်ငါးကျေးရွာ အနီးရှိ KNLA စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီဘက်က စတင် တိုက်ခိုက်ခဲ့သောကြောင့် စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၈ နာရီခန့်က နှစ်ဖက်ကြားတိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့ကာကွယ်ရေး တပ်မတော် ကော့သောင်းခရိုင် အမှတ် (၁) တပ်ရင်း၊ တပ်ခွဲ (၂) ၏ ယာယီတပ်ခွဲမှူးက “စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ချောင်းမွန်ဂိတ်ဘက်ကို စစ်ကြောင်းထိုး လာတာကြောင့် အင်အား ပြန်ခွဲ ထုတ်တဲ့ သဘောနဲ့ လေညာစစ်ဆေးရေးဂိတ်ကို ပြန်သွားတိုက်တာပါ” ဟု ပြောသည်။

စစ်ကောင်စီ၏ လေညာကျေးရွာ အခြေစိုက် ခမရ – ၅၆၁ တပ်ရင်းမှ တပ်ဖွဲ့ဝင် ၉၀ ခန့်က ကင်းပုန်းဝပ်၍ စောင့်ကြို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု နာရီဝက်ခန့်ကြာခဲ့သည်။

ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ ဘက်ကလည်း လေညာတံတားကြီးရှိ စစ်ကောင်စီ စစ်ဆေးဂိတ်ကို စက်တင်ဘာလ ၃ ရက်နေ့၊ နံနက် ၁၁ နာရီခွဲ အချိန်ခန့်က ပြန်လည်သွားရောက် တိုက်ခိုက်ခဲ့သေးသည်။

လေညာတံတား စစ်ကောင်စီဂိတ်ကို ချောင်းမွန်ငါးကျေးရွာဘက်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၃၀ ခန့် ပြန် ရောက်လာချိန် ထိုနေ့ ညနေ ၄ နာရီတွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များဘက်က တပ်ပြန်ဆုတ်ခဲ့ ကြသည်။

ထိတွေ့တိုက်ပွဲများ အတွင်း စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှု ရှိ မရှိကိုမူ အတည်ပြု စုံစမ်းနေဆဲ ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များဘက်မှ တပ်ဖွဲ့ဝင်တစ်ဦး အနည်းငယ် ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သည်။

လေညာကျေးရွာ စစ်ကောင်စီ စစ်ဆေးရေးဂိတ်သို့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ ရောက်ချိန်မှ စပြီး

ခမရ – ၅၆၀ တပ်ရင်းအတွင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ဂိတ်အနီးနားဝန်းကျင်ရှိ ကွမ်းခြံ များထဲကို လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲခဲ့သည်ဟု လေညာရွာသားများက ပြောသည်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကွမ်းခြံလုပ်သား အသက် ၁၇ နှစ်အရွယ် မောင်ဟိန်းမြတ်သူ သေဆုံးခဲ့ပြီး ၂ ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။ ဒဏ်ရာရရှိသူ နှစ်ဦးကို ပြည်ကြီးမဏ္ဍိုင် ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ရသည်။

လက်ရှိတွင် စစ်ကောင်စီဘက်မှ ချောင်းမွန်ငါးကျေးရွာ ဘက်သို့ ဆက်လက် စစ်ကြောင်းထိုးနေပြီး လေညာ တံတား စစ်ဆေးရေးဂိတ်တွင် အစစ်အဆေး တင်းကြပ်မှုများရှိနေသည်ဟု ရွာသားတစ်ဦးက ဆိုသည်။

ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲများကို KNLA တပ်ရင်း – ၂၀၃ ၏ တပ်ခွဲ (၃)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် ကော့သောင်းခရိုင် အမှတ် (၁) တပ်ရင်း တပ်ခွဲ (၁) နှင့် တပ်ခွဲ (၂)၊ ဘုတ်ပြင်းမြို့နယ် ပကဖ နှင့် Flying Star Force တို့ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြသည်။