ဖယ်ခုံ-စနိုက်ဒေသ လမ်းပျက်စီး၊ ကုန်ပစ္စည်းသယ်ယူရေး အခက်တွေ့

သတင်းနှင့် မီဒီယာ ကွန်ရက်။
စက်တင်ဘာလ ၆ ရက်၊ ၂၀၂၄ ခုနှစ်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ စနိုက်ဒေသမှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လမ်းများပျက် သွားပြီး ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေးအပြင် အခြားသော ကျန်းမာရေးဆိုင်ရာ အခက်အခဲများလည်း ကြုံနေကြရသည်။

လမ်းမကြီးနှင့် ၃ မိုင် နီးပါးဝေးသော စနိုက်ခေါင်းစံကျေးရွာမှာ စစ်ဘေးရှောင်နေသည့် ဦးဖိလစ်က မိုးများပြီး လမ်းများပျက် သွားသောကြောင့် အရေးပေါ်လူနာများကို ဆေးရုံ၊ ဆေးခန်း ပို့ဆောင်ရာမ၌ ကြုံနေရသည့် အခြေအနေများနှင့် ပတ်သက်၍ ယခုကဲ့သို့ ပြောသည်။

“ကားငယ်တွေက သွားလားလို့ မရတော့ဘူး။ ဆိုင်ကယ်တွေလည်း သွားလာရတာ ခက်တယ်။ အဲ့ခါကြ အရေးပေါ် လူနာတွေ ဖျားနာတဲ့ ကျလေးတွေ ဖျားနာတဲ့လူနာတွေရှိတယ် အရေးပေါ် လူနာတွေဆိုရင် ဆေးခန်း ဆေးရုံ သွားပို့ဖို့ ဆေးရုံဆေးခန်းလည်း ဝေးတယ်ပေါ့နော်။ ဝေးတယ်ဆိုတော့ သွားပို့ဖို့ က အင်မတန်မှ ခက်ခဲ တယ်။ စနိုက်ဆိုလို့ရှင် တစ်ရွာ နှစ်ရွာရှိတယ် ပေါ့နော။ ဟိုဘက် လန်းတောင့်ဆိုတဲ့ ရွာဆို ပိုဆိုးသေးတယ်။ အရေးပေါ်လူနာဆိုရင် လူနဲ့ တစ်ဆင့် လူနဲ့ ထမ်းထမ်းပြီးတော့ ကားရောက်နိုင်တဲ့ နေရာဆိုလို့ရှိရင် ကားနဲ့တစ်ခါ ပြန်ပို့ရတယ်ပေါ့နော်။”  

စနိုက်ဒေသတွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လမ်းများပျက်စီး သွားပြီး စားနပ်ရိက္ခာ ကုန်ပစ္စည်း သယ် ယူရေးအပြင် အရေးပေါ် လူနာများကို ဆေးရုံဆေးခန်းသို့ ပို့ရာ၌ အခက်အခဲများ ရှိနေသည်ဟု စစ်ရှောင်များနှင့် ဒေသခံများက ပြောသည်။

ဦးဖိလစ်က “နောက်ထပ် အခက်အခဲတွေကြတော့ တစ်ခါတစ်လေ နယ်လှည့် ပြီးတော့ ဆေးဝါးကုသပေးတဲ့ အဖွဲ့တွေ သွားရေးလာရေး တွေ ခက်ခဲတယ်။ နောက်ပြီးတော့ ပြည်သူလူထုတွေ စစ်ဘေးရှောင်တွေကရော အကုန်လုံး ဒေသခံ လူထုတွေရော စားသောက်ဖို့အတွက် ကုန်ပစ္စည်းတွေ ဝယ်ယူဖို့ သယ်ယူဖို့ ခက်ခဲတယ်။ ကျန်းမာရေး၊ ပညာရေး၊ စားဝတ်နေရေး အရေးပေါ်တဲ့ အရာအားလုံးက ဝင်ထွက်သွားလာဖို့ ခက်ခဲ တယ်ပေါ့ နော” ဟု ပြောသည်။

လမ်းများ ပျက်စီးသွားသည့်အတွက် လမ်းပန်းဆက်သွယ်ရေး ပိုမို ခက်ခဲနေပြီး ကုန်ပစ္စည်းများ သယ်ယူ ပို့ဆောင်ရန်လည်း ခက်ခဲနေကြသည့်အပြင် နေထိုင်စားသောက်ရေး အတွက်ပါ အခက်အခဲ ဖြစ်နေကြသည်။

စစ်ဘေးရှောင်တစ်ဦးက “ဒီဆိုင်ကယ်တောင်မှ ယောက်ကျားလေးတောင် ကုန်ပစ္စည်းများများ သယ်လို့ မရဘူး။ ပစ္စည်း နည်းနည်းလေးပဲ တင်ပြီးတော့ စီးနိုင်တဲ့ အခြေအနေမှာ ရှိတယ်ပေါ့နော်“ ဟု ပြောသည်။

ထို့အပြင် စနိုက်ခေါင်းစံကျေးရွာ၌ ရာသီတုပ်ကွေးနှင့် ဝမ်ပျက်ဝမ်းလျှော ရောဂါပါ ဖြစ်ပွားသည့်အတွက် ကလေးငယ်များ ဖျားနာနေပြီး ကျောင်းမတက်နိုင်သောကြောင့် စာသင်ကျောင်းကိုလည်း ဩဂုတ်လ နောက်ဆုံး ပတ်၌ တစ်ပတ်လုံး ပိတ်ထားခဲ့ရသည်ဟု စစ်ရှောင်များက ပြောသည်။

အဆိုပါ စနိုက်ခေါင်းစံကျေးရွာတွင် နယ်လှည့် ဆေးကုသပေးနေသည့် အဖွဲ့က တစ်လ တစ်ကြိမ် လာရောက် ကုသပေးခြင်းမျိုးတော့ ရှိသည်ဟု စစ်ဘေးရှောင်များက ဆိုသည်။