သံလွင်တိုင်းမ် အယ်ဒီတာချုပ်နေအိမ် စစ်ကောင်စီက ချိပ်ပိတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်။
မြန်မာနိုင်ငံ တောင်ပိုင်းဒေသများထဲမှ သတင်းများကို အဓိက ရေးသားနေသည့် သံလွင်တိုင်းမ် သတင်းဌာန၏ အယ်ဒီတာချုပ် နေအိမ်ကို စစ်ကောင်စီက ချိပ်ပိတ်လိုက်သည်။
အကြမ်းဖက် အဖွဲ့များနှင့် ဆက်စပ်မှုရှိနေသည်ဆိုသော အကြောင်းပြချက်နှင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ သံလွင်တိုင်းမ်သတင်းဌာန အယ်ဒီတာချုပ် ဦးကိုကိုဇော်၏ အိမ်ကို စစ်ကောင်စီက အောက်တိုဘာ ၂၅ ရက်နေ့မှာ လာရောက်ချိပ်ပိတ်သွားသည်ဟု မိသားစုဝင်များက ပြောသည်။
အောက်တိုဘာ ၂၅ ရက်၊ နေ့လည်ပိုင်းတွင် ကား ၇ စီးနှင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာပြီး အိမ်ကို ချိပ်ပိတ် သွားခဲ့ခြင်း ဖြစ်သည်ဟု သံလွင်တိုင်းမ် သတင်းဌာန အယ်ဒီတာချုပ် ဦးကိုကိုဇော်က ပြောသည်။
“မော်လမြိုင်မြို့၊ ထားဝယ်စုရပ်က နေအိမ်ကို ကား ၇ စီးနဲ့ ရောက်လာတယ်။ အိမ်နားရောက်မှ သူတို့ ယူနီ ဖောင်းလဲပြီးတော့ ကားတွေကို လမ်းထိပ်နှစ်ဖက်လုံးကို ပိတ်ပြီးတော့ အိမ်ကိုတော့ ချိပ်ပိတ်ခဲ့ပါတယ်။ ချိပ် ပိတ်တဲ့အချိန်မှာ အိမ်သားတွေ တစ်ယောက်မှ မရှိတော့ဘူးပေါ့နော်။ ဘာကြောင့် မရှိတော့တာလဲဆိုတော့ ၂၀၂၁ ခုနှစ်၊ မတ်လဆန်းကတည်းကပေါ့နော် ကျနော့်ကို လိုက်ဖမ်းတယ်။ ပြီးသွားတော့ ကျနော့်ရဲ့ သားတွေကို လိုက် ဖမ်းတယ်။ မမိတော့ မိသားစုကို ပြဿနာရှာတယ်။ ပြဿနာရှာတော့ မိသားစုကလည်း မနေရဲတော့ဘဲနဲ့ အဲ့ချိန် ကတည်းက ဧပြီလ ၇ ရက်နေ့မှာ အိမ်ကိုပိတ်ပြီးတော့ မိသားစုအားလုံး တစ်ကွဲတစ်ပြားစီ ထွက်ပြေးခဲ့ရတယ် ပေါ့နော်။”
ဦးကိုကိုဇော်ရဲ့ ဖခင်ဖြစ်သူဟာလည်း နိုင်ငံရေးသမားတစ်ယောက် ဖြစ်တာကြောင့် ၁၉၉၇ ခုနှစ်ကလည်း မိသားစု ရဲ့ လုပ်ငန်းဖြစ်တဲ့ မြို့လယ်ပုံနှိပ်တိုက် ချိပ်ပိတ်ခံရပြီးနောက် ပိုင်ဆိုင်မှုတွေ အသိမ်းခံခဲ့ရပါတယ်။ ဖခင်ဖြစ်သူ လည်း ထောင်ဒဏ် ခြောက်နှစ်ချမှတ်ခံခဲ့ရသလို သူ့ကိုယ်တိုင်လည်း ထောင်ကျခဲ့တယ်လို့ ဦးကိုကိုဇော်က ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းစကတည်းက ဦးကိုကိုဇော်၏ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရှာဖွေစစ်ဆေးမှု များ လုပ်ခဲ့သည့်အတွက် ထိုအချိန်ကတည်းက ရှောင်တိမ်းခဲ့ရပြီး သံလွင်တိုင်းမ်သတင်းဌာနရုံးကိုမူ ၂၀၂၁ ခုနှစ် ဇွန်လတွင် ဝင်ရောက်စီးနင်းခြင်း ခံခဲ့ရသည်။ ထို့ကြောင့် သတင်းဌာန အဖွဲ့ဝင်အားလုံးသည် တိမ်းရှောင်ခဲ့ကြရ သည်။
စစ်ကောင်စီအနေဖြင့် သံလွင်တိုင်းမ် သတင်းဌာနကို ဆက်လက်ပြီး အလုပ်မလုပ်နိုင်အောင် နည်းအမျိုးမျိုးသုံး၍ ပိတ်ပင်ဖို့ ကြိုးစားနေသော်လည်း အာဏာသိမ်းလိုက်သည့် နေ့မှ ယနေ့အချိန်ထိ သတင်းထုတ်လွှင့်မှုများကို မရပ်တန့်သွားအောင် ကြိုးစားနေသည်ဟု ဆက်ပြောသည်။
ဦးကိုကိုဇော်က “ဒီလိုမျိုး ဖိနှိပ်မှု၊ အကြမ်းဖက်မှု၊ နှောင့်ယှက်မှုတွေ ခံနေရသော်လည်းပဲ ကျနော်တို့ရဲ့ ဆောင် ရွက်ရမယ့် တာဝန်တွေကို အာဏာသိမ်းစကနေ ယနေ့အထိ ဒုက္ခမျိုးစုံ၊ အခက်အခဲမျိုးစုံ ကြားထဲကနေ လူထုရဲ့ သတင်းသိပိုင် ခွင့်အတွက် စဉ်ဆက်မပြတ် ဆောင်ရွက်နေပါတယ်ပေါ့နော်။ နယ်စပ်ရောက်လာတဲ့ အချိန်မှာ လည်း နယ်စပ်မှာ ကျနော်တို့လုပ်တယ်။ အဲ့ဒီကနေ ယနေ့ထက်တိုင် ကျနော်တို့ စဉ်ဆက်မပြတ် သတင်းလုပ်ငန်း တွေနဲ့ လူထု သတင်းအမှန် သိပိုင်ခွင့်တွေကို ကျနော်တို့ ဆောင်ရွက်နေတုန်းပဲ ဖြစ်ပါတယ်” ဟု ပြောသည်။
သံလွင်တိုင်းမ် သတင်းဌာနက မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသတို့တွင် ဖြစ်ပေါ်နေသည့် စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အကြမ်းဖက်မှုများနှင့် နေ့စဉ်သတင်းများကို တင်ဆက်ပေးနေခြင်း ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မေလ ၁ ရက်နေ့ထုတ် ကြေညာချက်အရ အာဏာသိမ်းကာလ သုံးနှစ်ကျော်ကာလတွင်း ဒီမိုကရေစီအရေး လှုပ်ရှားသူများနှင့် ပြည်သူ ၉၃၄ ယောက် ပိုင်ဆိုင်သည့် နိုင်ငံတစ်ဝန်းက အိမ်၊ ကျောင်း၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံနှင့် စီးပွားရေး လုပ်ငန်း စုစုပေါင်း (၁,၁၅၉) ခုကို စစ်တပ်က ချိပ်ပိတ်သိမ်းဆည်းထားသည်။