စားဝတ်နေရေး အခက်နှင့် စိတ်ဖိစီးမှုဒဏ်ကိုပါ ခံနေရသော အနန်းကွင်း စစ်ရှောင်များ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁ ရက်။
“တိုက်ပွဲကြောင့် လူမသိသူမသိ သေဆုံးရတာတွေလည်း အများကြီးရှိတယ်။ ဒေသခံ ၄၀၀၀ နီးပါး ထွက်ပြေး နေကြရတာ။ စားဝတ်နေရေးကိစ္စ အဆင်မပြေတာကတော့ ထားလိုက်တော့ အခုက ပြည်သူတွေက စိတ်ပိုင်းဆိုင်ရာပါ ထိကုန်ပြီ။ ကြာလာတော့ စိတ်ဓါတ်ကျတာတွေ ဖြစ်လာကြတယ်” ဟု စစ်ရှောင်များအား အကူအညီပေးနေသူ တစ်ဦးက ပြောသည်။
အနန်းကွင်းကျေးရွာရှိ စစ်ကောင်စီ၏ အနန်းကွင်း စစ်ဗျူဟာစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA နှင့် ပူးပေါင်းတပ်ဖွဲ့ များ ပိတ်ဆို့တိုက်ခိုက်နေသည့် အတွက် စခန်းလက်မလွှတ်ရရေး လေကြောင်းမှ နေ့ရော ညပါ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်နေသည်။
ဘေးလွှတ်နိုင်မည်ဟု ထင်သည့် နေရာများတွင် တိမ်းရှောင်နေကြသော စစ်ရှောင်ပြည်သူများမှာ လေယာဉ်သံ ကြောင့် စိုးရိမ်ထိတ်လန့်စွာ အသက်ရှင်နေကြရသည်။
တောတောင်များထဲတွင် စစ်ရှောင်နေကြရသည့် ပြည်သူများမှာ စားနပ်ရိက္ခာ အခက်အခဲအပြင် လေယာဉ် ဗုံးကြဲမှုကနေ လွှတ်ရေး ကြိုးစားနေကြရသည်။
အလားတူ မော်လမြိုင်၊ သံဖြူဇရပ်၊ မုဒုံ အစရှိသည့် ဒေသများဘက်သို့ ပြောင်းရွှေ့ နေထိုင်ကြသူများလည်း ရှိနေပြီး ၎င်းတို့ကလည်း စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီ လိုအပ်လျှက်ရှိသည်။
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ထွက်ပြေး တိမ်းရှောင် နေကြသည့် ထောင်နှင့်ချီသော ဒေသခံ ပြည်သူများ စားဝတ်နေရေး အခက်အခဲ ဖြစ်နေကြသည် ဟု မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM) က ပြောသည်။
အနန်းကွင်း ကျေးရွာတွင် ဖြစ်ပွားသည့် တိုက်ပွဲကြောင့် အနီးဝန်းကျင်ရှိ ကျေးရွာများ ဖြစ်သည့် တညင်၊ ဖာယာ၊ ပန်းအောင်၊ ပုတော၊ ရက်ဖော၊ ကကသစ်နှင့် ခွန်နဝါ စသည့်ကျေးရွာများအပါအဝင် ရွာပေါင်း ၁၀ ရွာက ဒေသခံ များ ထွက်ပြေး တိမ်းရှောင် နေကြရသည်ဟု (HURFOM) က ဆိုသည်။
လုံခြုံသည့် နေရာများသို့ အိုးအိမ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်သွားကြသည့် ဒေသခံ ဦးရေ (၄,၀၀၀) ကျော် ရှိနေ သည်ဟု မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM) မှ ပြောရေးဆိုခွင့်ရှိသူ နိုင်အဲမွန် က ဆိုသည်။
“ကျနော်တို့ မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်းရဲ့ ပစ်မှတ်ဧရိယာ တစ်ခွင်လုံး ဖြစ်တာ ရှိတယ်။ ဒီလို ထွက်ပြေး တိမ်းရှောင်လာရတဲ့ အချိန်ကာလလည်း ကြာပြီ။ ကြာပြီဆိုတာ ပြီးခဲ့တဲ့ ၄ – ၅ လလောက် ကတည်း က ဆက်တိုက် ဆိုသလိုပဲ နေရာစွန့်ခွာ ထွက်ပြေးမှုတွေ ဖြစ်လာတယ်။ အဲ့ဒီ ၃ – ၄ ထောင်က ပေါ့နော်။ တစ်ရွာ တည်း တစ်နေရာတည်း မဟုတ်ဘူး။ အဲ့ဒီဒေသမှာ ရှိနေတဲ့ နေလို့ကို မရတော့တဲ့ အိမ်ထောင်စုတွေ ဒေသခံ ပြည်သူတွေကနေ ပြီးတော့မှ ထွက်ပြေးလာရတဲ့ အရေအတွက် ဖြစ်တယ်နော်။ တစ်ချိန်တည်းမှာ ၃ – ၄ ထောင် မရှိဘူး။ နည်းနည်းချင်း၊ နည်းနည်းချင်း ထွက်ပြေးလာတာနဲ့ အခုက သုံးလေးထောင် ဖြစ်သွားတာပေါ့လေ။”
လက်ရှိတွင် နေရပ်စွန့်ခွာ ထွက်ပြေးသွားကြရသည့် ဒေသခံအများစုမှာ မော်လမြိုင်၊ သံဖြူဇရပ်၊ မုဒုံမြို့နယ်၊ အနီးနားကျေးရွာများရှိ ဆွေမျိုးအိမ်များနှင့် ပိုမို ဘေးကင်းလုံခြုံသည့် နေရာဒေသများသို့ သွားရောက် ခိုလှုံနေကြ ပြီး နေထိုင်စားသောက်ရေးသာမက အဖက်ဖက်တွင် အကူအညီများ အရေးပေါ်လိုအပ်နေသည်ဟု နိုင်အဲမွန်က ဆက်ပြောသည်။
“အဓိက စားနပ်ရိက္ခာလို့ ပြောတဲ့အခါမှာ ဆန်ပေါ့။ ထမင်းဖြစ်ဖို့ ဆန် အထူး လိုအပ်တယ်။ နောက်တစ်ခါ ကုန်ခြောက်တွေဖြစ်တဲ့ ပဲတို့၊ ပြောင်းတို့နော။ နောက်တစ်ခုက အာလူးလိုမျိုး အရံသင့် ခူးခပ် စားသောက် နိုင်တဲ့ ကုန်ခြောက်တွေလိုတယ်။ နောက်တစ်ခါ သောက်သုံးရေ။ သောက်သုံးရေကလည်း တကယ်တမ်းဆိုသူက ဒီတိုင်းပဲ သောက်လာ ကြတယ်။ ဘာဖြစ်လာကြလဲဆို ဝမ်းရောဂါကဲ့သို့ သော တစ်ခြားကူစက်ရောဂါ နောက် အရေပြား ရောဂါကဲ့သို့သော ကိစ္စရပ်တွေ ဖြစ်တဲ့ ဟာမျိုး ဖြစ်လာတယ်။ နောက်ပိုင်းကြ အဲ့ဒီသောက်သုံးရေ သန့်မရသည့်တိုင် သန့်ရှင်းအောင် လုပ်နိုင်မယ့် ဆေးတို့ဘာတို့ လိုတာပေါ့။”
စစ်ဘေးရှောင်များအား အကူအညီပေးနေသည့် နယ်မြေခံ အဖွဲ့အစည်းများနှင့် ပြင်ပမှ လာရောက် ကူညီ ပေးသည့် အလှူရှင် အဖွဲ့အစည်းများ အနေဖြင့်လည်း လုံးခြုံရေးဆိုင်ရာ ခက်ခဲမှု အမျိုးမျိုးကြောင့် လာရောက် ကူညီနိုင်ရန် အခက်အခဲဖြစ်နေကြသည် ဟု မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM) က ပြောသည်။
နိုင်အဲမွန်က “အခုဆိုလို့ရှိရင် ၄နှစ် နီးပါးလောက် ဖြစ်တော့မယ်နော။ ပြည်သူကနေ ပြည်သူကို ကူညီတဲ့ အစီအစဉ်တွေကလည်း အရှိန်အဟုန်တွေ ကျလာတယ်။ ဘာလို့ဆိုတော့ resource တွေကလည်း တစ်နေရာနဲ့ တစ်နေရာ မရောက်နိုင်ဘူး။ မျှဝေတဲ့ ဟာလည်း ကုန်ခမ်း နေပြီ။ ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ဒီလောက် အလုံး အရင်း ကြီးကြီးမားမား လိုအပ်မှု အရေအတွက် မြင့်မြင့်မားမားနဲ့ ဒီလိုမျိုး နှစ်ကြာရှည်လာတဲ့ ပဋိပက္ခ ဖြစ်လို့ ရှိလို့ရှိရင် ဒီ union Materia ကိစ္စက ခက်ခဲလာတာ အမှန်ပဲ။ အခုနှစ်ဆို တာ ၄ နှစ်မြောက် တော်တော် ခက်ခဲလာ တယ်။ ကျနော်မြင်တာ ပြည်သူကနေ ပြည်သူ မကူညီနိုင်တော့ဘူး” ဟု ပြောသည်။
ထွက်ပြေး တိမ်းရှောင်သွားကြရသည့် ဒေသခံ (၉၀) ရာခိုင်နှုန်းကျော်သည် စစ်တပ်၏ လေကြောင်း တိုက်ခိုက် မှုများ၊ ပြည်သူများရှိရာ နေရာများသို့ ဦးတည်၍ လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်မှုနှင့် ဒရုန်းဖြင့် ထပ်မံ ပစ်မှတ် ထား တိုက်ခိုက်နေမှုတို့ကြောင့် အိုးအိမ်စွန့်ခွာပြီး ထွက်ပြေး နေကြရသည်မှာ ယနေ့အချိန်ထိ ဖြစ်သည်ဟု နိုင်အဲမွန်က ပြောသည်။
လက်ရှိတွင် စစ်ကောင်စီသည် အဆိုပါဒေသအတွင်း ဆက်သွယ်ရေး ကွန်ရက်များကို ဖြတ်တောက်ထားပြီး ဒေသခံများ၏ သွားလာလှုပ်ရှားမှုကိုလည်း ကန့်သတ်ထားသည်ဟု (HURFOM) က ဆိုသည်။
အနန်းကွင်း တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင် နေကြသည့် ဒေသခံ ပြည်သူများသည် စိုးရိမ်ကြောက်လန့် မှုနှင့် စိတ်ဖိစီးမှုများကို ခံစားနေရသည်ဟု အကူအညီပေးနေသူများက ပြောသည်။
အနန်းကွင်း တိုက်ပွဲကြောင့် ထွက်ပြေး တိမ်းရှောင်နေကြရသည့် ဒေသခံပြည်သူများထဲမှ ကလေးသူငယ်များ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများသည် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု အများဆုံး ခံစားနေကြရသည် ဟု မွန်ပြည်လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM) ပြောရေးဆိုခွင့်ရှိသူ နိုင်အဲမွန်က ပြောသည်။
၎င်းက “ကလေးသူငယ်တွေ အများစုနဲ့ သက်ကြီးရွယ်အိုတွေမှာ အာဟာရချို့တဲ့ ပြတ်လပ်တာတို့ စိတ်ဖိစီးမှု ကြောင့် ဖြစ်လာတဲ့ ရောဂါတို့ ဥပမာ အမျိုးသမီးတွေမှာဆိုရင် စိတ်ဖိစီးမှုဖြစ်တဲ့ ဟာတွေက ပိုများလာတယ်။ ကလေးတွေမှာ ဆိုလို့ရှိရင် သိသာတယ်။ သူတို့ စိုးရိမ်ကြောက်လန့်မှုတွေ ဖြစ်လာတာ၊ သူတို့ ဘဝတစ်သက်တာ မှာ တစ်ခါမှ မမြင်ဖူး မကြားဖူးတဲ့ အသံတို့ မြင်ကွင်းတို့ကို တောက်လျှောက် မြင်တွေ့ရတဲ့ အခါ Secondary trauma တွေ ဖြစ်လာတဲ့ အရိပ်လက္ခဏာတွေ ရှိလာတယ်” ဟု ပြောသည်။
ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA နှင့် ပူးပေါင်းတပ်များက အနန်းကွင်းကျေးရွာရှိ စစ်ကောင်စီတပ်၏ အနန်းကွင်းဗျူဟာကုန်းကို ဩဂုတ်လမှစတင်၍ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်ရှိ အချိန်အထိ တိုက်ပွဲ ပြင်းထန်စွာ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်၍ ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင် နေရဆဲ ဖြစ်သည်။
ထွက်ပြေးတိမ်းရှောင်နေရသည့် ကာလကြာလာသည်နှင့်အမျှ ဒေသခံများသည် စိတ်ပိုင်းဆိုင်ရာအပြင် ရုပ်ပိုင်း ဆိုင်ရာ ထိခိုက်မှုများကိုလည်း ကြုံတွေ့ခံစားနေရသည်ဟု ဆိုသည်။
ထို့ကြောင့် လက်ရှိ မြေပြင် အခြေအနေများအရ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေကြရသည့် ဒေသခံ ပြည်သူများအတွက် ကူညီပံ့ပိုးမှုများကို ယခင်ကထက် ပိုပြီးလုပ်ဆောင်ပေးရန် အထူးလိုအပ်သည်ဟု နိုင်အဲမွန် က ပြောသည်။
“ကုသပြုစုဖို့၊ တစ်ခြား ငတ်မွတ်ခေါင်းပါးမှု ကိစ္စတွေကို သက်သာရာ ရဖို့ဆိုတာက အများကြီး လုပ်ရမှာ ရှိ တယ်။ လောလောဆယ်ကတော့ စားနပ်ရိက္ခာ လိုတယ်။ နောက်တစ်ခုက ဆေးဝါးတစ်ချို့ လိုတယ်။ အရင်တုန်း ကလိုမျိုး ဆိုရင် အိုးအိမ် စွန့်ခွာပြီး ဥယာဉ်ခြံထဲမှာ ဒါမှမဟုတ် တောထဲမှာ နေလို့ ရသေးတယ်။ အခုက အဲ့ဒီ နေရာမျိုးတွေ မှာတောင်မှ စကစရှိတဲ့ နေရာတွေ တော်တော်များများမှာ သူက မှိုင်းထောင်ထားတဲ့ ဟာမျိုးတွေ ရှိတယ်။ ဆိုမိုင်းထောင်တာက ၃-၄ ကြိမ်လောက် ပေါက်ကွဲနေပြီးတဲ့ နောက်ပိုင်း ပြည်သူတွေက သိပ်ပြီးတော့ မသွားလာ ရဲတော့ဘူး။ အဲ့ဒီ အခြေအနေတွေ သွားရှိနေတယ်။ နေရာထိုင်ခင်းကြတော့ ကိုယ့်အချင်းချင်းမှာ ဖက် ရှိရင် ဖက်၊ ဝါးရှိရင် ဝါး၊ သစ်ရှိရင် သစ်၊ နေရာတစ်ခုကို ရောက်လို့ ရှိရင်တော့ ဝိုင်းပြီး ကူကြတာ တွေ့ရတယ်။”
စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်ပွားလာသည့် စစ်ရေးပဋိပက္ခများကြောင့် ကရင်ပြည် အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး တော်တော်များများက ပြည်သူများသည် စစ်ဘေးလွတ်ရာ ဒေသများသို့ ထွက်ပြေး တိမ်းရှောင် ခဲ့ကြရသည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများနှင့် မီးရှို့ဖျက်ဆီး မှုတို့ကြောင့် ၎င်းတို့၏ နေအိမ်များ ထိမှန်ပျက်စီးခဲ့ရပြီး မိသားစု ဝမ်းရေးအတွက် လုပ်ကိုင်စားသောက်ရသည့် အသက်မွေးဝမ်းကြောင်း ဆိုင်ရာ လုပ်ငန်းများနှင့် အငန်းအတာများလည်း ရပ်ဆိုင်းသွားခဲ့ရသည်။
ထို့အပြင် ဒေသအတွင်းက မြေပြင်တိုက်ပွဲများနှင့် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက် ကြီး ပစ်ခတ်မှုများနှင့် စစ်ကြောင်းထိုး ဝင်ရောက်လာမှုတို့ကြောင့် မကြာခဏ နေရာပြောင်း ထွက်ပြေးတိမ်း ရှောင်ရခြင်း၊ နေထိုင်စား သောက်ရန် ခက်ခဲလာခြင်း၊ ကျန်းမာရေး၊ ပညာရေး ဆိုင်ရာ ပြဿနာများကို ကြုံတွေ့ လာခဲ့ကြသည်။
အဆိုပါ အခြေအနေများကြောင့် စစ်ဘေးရှောင်များသည် နေ့စဉ်နှင့် အမျှ ကြောက်လန့်စိတ်နှင့် နေနေရခြင်း၊ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးအတွက် စိုးရိမ်ပူပန်မှုများ တစ်စတစ်စ ပိုတိုးလာခြင်းတို့ကြောင့် အိပ်၍ မရခြင်း၊ စိတ်မငြိမ်မသက်ဖြစ်ခြင်း စသည့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုများကို ခံစားနေရသည်ဟု စစ်ဘေး ရှောင်များ နှင့် ၎င်းတို့ကို အကူအညီပေးသူများက ပြောသည်။