လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်တွင် ကလေး ၃၀ နီးပါး အပါအဝင် လူ ၁၀၀ ကျော် သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊  နိုဝင်ဘာလ ၆ ရက်။ 

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်တွင် ကလေး ၂၉ ဦးအပါအဝင် အရပ်သား ၁၀၈ ဦး သေဆုံးခဲ့သည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုက ၂၀၂၃ ခုနှစ် နောက်ပိုင်း ပိုများလာခဲ့ပြီး အထူးသဖြင့် အရပ်သား ပစ်မှတ်ကို ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်လာသည်ဟု CHRO အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းမာန်ဟရဲလျန် က ပြောသည်။

ဒီ‌သေဆုံးမှုတွေက ဘယ်လိုလာတယ်ဆို ဖြစ်ပေါ်လာတယ်ဆိုတဲ့ ကျနော်တို့ ကောင်းကောင်း လေ့လာသုံးသပ် တဲ့ နေရာမှာ အရပ်သားပြည်သူ သေဆုံးမှုဖြစ်စဉ် လေကြောင်းတိုက်ခိုက်မှုက မတော်တဆ သေဆုံးတာမျိုး လုံးဝမတွေ့ရဘူး၊ ဆိုတော့ ဘာသာရေး ဝတ်ပြုကိုးကွယ်မှုလုပ်တဲ့ အချိန်မှာ ပြီးရင်တော့ စာသင်ကျောင်းတွေမှာ ပြီးရင်တော့ ဆေးရုံတွေမှာ တိုက်ခိုက်တဲ့အခါမှာ အရပ်သားပြည်သူတွေ သေဆုံးတာ အများဆုံး ဖြစ်တာကို ကျနော်တို့ တွေ့ရတယ်။ ဒါတွေကို ကျနော်တို့ မှတ်တမ်းတင်မှုအရ စစ်ကောင်စီအနေနဲ့ စနစ်တကျ အရပ်သား ပြည်သူတွေကို ဦးတည်ပြီးတော့ တိုက်ခိုက်တာကို ကျနော်တို့တွေ့ရတယ်” 

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကာလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းပြည်ထဲတွင် အရပ် သားပြည်သူ ၁၀၈ ဦး သေဆုံးခဲ့ပြီး ၃၂၁ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ခြင်း ဖြစ်သည်ဟု ချင်းလူ့အခွင့်ရေးအဖွဲ့ CHRO က အောက်တိုဘာလ ၂၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထိခိုက်ဒဏ်ရာ ရရှိသူ ၂၃၁ ဦးရှိခဲ့ရာ ကလေးငယ် ၂၁ ဦး ပါဝင်သည်ဟု CHRO က ဆိုသည်။

စစ်တပ်က အာဏာသိမ်းလိုက်သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ် စက်တင်ဘာလအထိ ချင်းပြည်ထဲ တွင် လေကြောင်းတိုက်ခိုက်မှု ၅၁၅ ကြိမ် ပြုလုပ်ခဲ့ပြီး ဗုံးအလုံးရေ ၁၂၃၉ လုံးထက်မနည်း ကြဲချခဲ့သည်ဟု CHRO ၏ ထုတ်ပြန်ချက်က ဆိုသည်။

မင်းတပ်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံရမှု အများဆုံးဖြစ်ပြီး ကန်ပက်လက်၊ မတူပီ၊ ထန်တလန်မြို့နယ်တို့ က ဒုတိယအများဆုံး တိုက်ခိုက်ခံခဲ့ရသည့်အပြင် မြို့နယ် ၉ မြို့နယ်လုံးကို စစ်ကောင်စီက လေကြောင်းမှ တိုက် ခိုက်ခဲ့သည်ဟု CHRO က ဆိုသည်။

လေကြောင်းကို အဓိက အားကိုးပြီး စစ်ရေးပစ်မှတ် အရပ်သားပစ်မှတ် မခွဲခြားဘဲ တိုက်ခိုက်နေသည့်အတွက် ပြည်သူများက လေကြောင်းရန်ကို စိုးရိမ်ထိတ်လန့်နေကြသည်ဟု ဆလိုင်းမာန်ဟရဲလျန် ဆက်ပြောသည်။

ပြည်သူလူထုတွေက တစ်ခြားရန်တွေကို သူတို့အနေနဲ့ စိုးရိမ်မှု သိပ်မရှိဘူး။ ဒါပေမယ့် အခုချိန်ထိ ပြည်သူလူ ထုတွေ အနေနဲ့ လေကြောင်း တိုက်ခိုက်မှုတွေက သူတို့အတွက် အစိုးရိမ်ဆုံး တစ်ခုအနေနဲ့ ဖြစ်နေတာကို တွေ့ရ တယ်ပေါ့၊ ဥပမာ ပြောရမယ်ဆိုရင်တော့ ကျောင်းတက်နေတဲ့ ကလေးငယ်တွေ ဆိုရင်တော့ ကျောင်းမတက်နိုင် တဲ့ အနေအထားမျိုး ဖြစ်နေတယ်။ ဘာလို့လဲဆိုရင်တော့ ဟိုရွာမှာ စာသင်ကျောင်းတွေ ဗုံးကြဲတယ် ဟိုရွာမှာ ဘုရားကျောင်းတွေ ဗုံးကြဲတယ်ဆိုတဲ့ အနေထားမျိုးကို ကလေးတွေက သိနေတဲ့ အနေထားမျိုးမှာ ကျောင်း မတက်ရဲတဲ့ အခြေအနေမျိုး ဘုရားကျောင်း မတက်ရဲတဲ့ အခြေအနေမျိုး ဖြစ်နေတယ်။ သူတို့အနေနဲ့ ဘယ်ချိန် မဆို လေကြောင်းတိုက်ခိုက်မှုက လာနိုင်တယ်ဆိုတဲ့အတွေး အခေါ်အယူဆတွေက ရှိနေတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အဆောက်အအုံ အလုံးရေ ၄၇၀ ပျက်စီးခဲ့ပြီး စာသင်ကျောင်း ၂၂ ကျောင်း၊ ခရစ်ယာန် ဘုရားကျောင်း ၂၁ ကျောင်း၊ ဘုန်းကြီးကျောင်း ၅ ကျောင်းနှင့် ကျန်းမာရေး အဆောက်အအုံ ခြောက်ခု ပျက်စီးခဲ့သည်။

စစ်တပ်က အရပ်သား ပြည်သူများကို ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ တိုက်ခိုက်မှုများ လုပ်နေ ခြင်းသည် စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေခြင်း ဖြစ်သည်ဟု CHRO တာဝန်ရှိသူက ပြော သည်။

CHRO အနေဖြင့် ချင်းပြည်အတွင်းက စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုကျူးလွန်မှုများကို သက်သေများနှင့် ပြုစု ထားပြီး နိုင်ငံတကာ ဥပဒေများနှင့် အရေးယူနိုင်ရေး၊ လူထုအတွက် တရားမျှတမှုရရှိ ရေး လုပ်သွားမည်ဟု ဆိုသည်။

ချင်းပြည်နယ်တွင်း စစ်ကောင်စီ၏ တပ်စခန်း (၅၆) ခု ရှိသည့်ထဲက လက်ရှိတွင် ချင်းတော်လှန်ရေး အဖွဲ့များက စခန်းပေါင်း ၄၉ ခုကို သိမ်းယူထားနိုင်ပြီဖြစ်ပြီး ပြည်နယ်၏ ၈၀ ရာခိုင်နှုန်းကျော်ကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားပြီဟု ချင်းလူ့အခွင့်အရေးအဖွဲ့က ဆိုသည်။