စစ်ကောင်စီ ရွေးကောက်ပွဲ အမျိုးသမီး တက်ကြွသူများ အယုံအကြည်မရှိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်။
လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပုံစံမျိုးစုံနှင့် ကျူးလွန်နေသည့် စစ်ကောင်စီက တရားမျှတသော ရွေးကောက်ပွဲ ကျင်းပမည်ဆိုသည်မှာ ယုံကြည်နိုင်စရာ မရှိသလို ယခင် နိုင်ငံရေး နည်းလမ်းဟောင်းနှင့် ပြည်သူများကို ပြန်ပြီး လှည့်စားနေခြင်း ဖြစ်သည်ဟု အမျိုးသမီး တက်ကြွလှုပ်ရှားသူများက ပြောသည်။
The Space အဖွဲ့က နန့်မေသဉ္ဇာ က စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲအပေါ် ယခုကဲ့သို့ သုံးသပ် ပြောဆို သည်။
“တရားမျှတပြီးတော့မှ လွတ်လပ်တဲ့ ရွေးကောက်ပွဲတစ်ခုကို ဖန်တီးပါမယ်ဆိုတဲ့ ကတိကဝတ်မျိုးဟာ နိုင်ငံရေး နည်းလမ်းဟောင်းတွေ အရမ်းဖြစ် တယ်လို့ ကျမအနေနဲ့ဆိုရင် ထင်ပါတယ်။ ဘာလို့လဲဆိုတော့ အရင် အဆက် ဆက်မှာလည်း ကျမတို့ ၂၀၀၈ ရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အပါအဝင် တခြားသော အရှေ့အရှေ့ ခေတ်အဆက် ဆက်က နိုင်ငံရေးတွေကလည်း ဒီလိုမျိုး အခင်းအကျင်းအဟောင်းတွေကိုပဲ ကျမတို့ကို ပြန်ပြီးတော့ မိတ်ဆက် ပေးတယ်။ ပြီးသွားလို့ရှိရင် အခင်းအကျင်း အဟောင်းတွေကပဲ အရင်တုန်းက နိုင်ငံရေး အနာတွေကို ပိုပြီးတော့ မှ ပိုဆွပေးတယ်ပေါ့နော။ ဆိုတော့ နိုင်ငံရေး အခင်းအကျင်းကလည်း အခုနက အဟောင်းကြီးကိုပဲ ပြန်သုံးတဲ့ အခါမှာ နင်တို့ ခံခဲ့ရတဲ့ ဒီနိုင်ငံရေး အခင်းအကျင်းမှာပဲ နင်တို့ ပြန်ကျရှုံးအောင် ပြန်လုပ်မယ်ဆိုတဲ့ အခုနက အကွက်ပေါ့နော်။”
မြန်မာ့အမျိုးသမီးသမဂ္ဂ BWU က မကြာသေးမီက ကျင်းပပြုလုပ်ခဲ့တဲ့ “လက်ရှိ နိုင်ငံရေး၊ စစ်ရေး ခြေလှမ်းများ ၏ လားရာ” ဆိုသည့် စကားဝိုင်းတွင် အမျိုးသမီး တက်ကြွလှုပ်ရှားသူများက ပြောဆိုသွားကြခြင်း ဖြစ်သည်။
စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲမှာ တရားမျှတမှု ရှိမှာ မဟုတ်သလို ပြည်သူများ လိုလားနေကြသည့် ငြိမ်းချမ်းရေးကလည်း အဆိုပါ ရွေးကောက်ပွဲကနေ ရရှိမှာ မဟုတ်ဘူးဟု အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB ၏ စည်းရုံးရေးနှင့် နိုင်ငံရေးရှေ့ဆောင် ကိုယ်စားလှယ် နော်ဆဲဆဲက ပြောသည်။
“ဆိုတော့ ဒီလိုပဲ ဒီရွေးကောက်ပွဲကတော့ အတုအယောင်လည်း ဖြစ်သလို တရားမျှတမှုလည်း ရှိမှာ မဟုတ် သလို အတင်းအဓမ္မ ပြုလုပ်စေမယ့် ရွေးကောက်ပွဲလည်း ဖြစ်တယ်ပေါ့နော်။”
စစ်ကောင်စီက ၎င်းတို့ ရင်ဆိုင်နေရသည့် စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး အကြပ်အတည်းများကို နိုင်ငံရေး ထွက်ပေါက် တစ်ခုအနေဖြင့် ရွေးကောက်ပွဲကို မဖြစ်မနေ လုပ်ဆောင်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်ဟု အမျိုးသမီး တက်ကြွလှုပ်ရှား သူများက သုံးသပ်ပြောဆိုသည်။
အဆိုပါ အနေအထား အောက်ကနေ ဖြစ်လာမည့် ရွေးကောက်ပွဲကို တားဆီးဖို့လိုသည်ဟု မွန်အမျိုး သမီးအဖွဲ့ MWO ဥက္ကဋ္ဌ မိကွန်ချမ်းနွန် က ပြောသည်။
“ဒီရွေးကောက်ပွဲ လုပ်ခြင်းအားဖြင့် ကျမတို့ နိုင်ငံရဲ့ ပိုမို ဆိုးရွားစေတယ်ဆိုတာကိုလည်း ကျမတို့က သူတို့ သိ အောင်လို့ ကျမတို့က ထပ်ပြောရမယ်။ ပြီးလို့ဆိုရင် ကျမတို့ နိုင်ငံမှာ တကယ်တမ်းလိုအပ်နေတဲ့ ဒီ ငြိမ်းချမ်း ရေးပေါ့နော။ ကျမတို့ အခုဆွေးနွေးနေကြတဲ့ ဒီ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်ကို တည်ထောင်ဖို့ ဆိုတာက ဒီစကစကလုပ်တဲ့ ရွေးကောက်ပွဲကနေတစ်ဆင့် ကျမတို့ လုပ်ဆောင်နိုင်မှာ မဟုတ်ဘူး ဆိုတာကိုလည်း ကျမတို့ အဲဒါကို သိအောင် ပြောရမယ်။”
စစ်ကောင်စီက လာမည့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် ရွေးကောက်ပွဲ ပြုလုပ်ရန်အတွက် ပြင်ဆင်မှုများ ပြုလုပ်နေ ပြီ ဖြစ်သည်။
စစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေး ပါတီများနှင့် ဩဂုတ်လ ၂၄ ရက်နေ့က တွေ့ ဆုံခဲ့သည့်အပြင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းကိုမူ အောက်တိုဘာထဲတွင် ကောက်ယူခဲ့ သည်။