ကရင်နီ စစ်ရှောင်များ လေကြောင်းတိုက်ခိုက်လာမည်ကို စိုးရိမ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်။
ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီ စစ်ဘေးရှောင် စခန်းနေရာများတွင် စစ်ကောင်စီတပ်က ဒရုန်းနှင့် ကင်းထောက် လေယာဉ်ပျံသန်းမှုများကို ဆက်တိုက် လုပ်လာနေသည့်အတွက် လေကြောင်းတိုက်ခိုက်မှု ရှိလာမည်ကို စစ်ဘေး ရှောင်များ စိုးရိမ်နေကြသည်။
ဒရုန်းနှင့် ကင်းထောက်လေယာဉ် ပျံသန်းမှုကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၇ ရက်နေ့မှ စတင်ကာ ယနေ့အချိန်ထိ ဆက်တိုက် လုပ်လာနေသည်ဟု ကရင်နီ လူမှုအသင်းအဖွဲ့များ ကွန်ယက် KCSN က တာဝန်ရှိသူ က ပြောသည်။
KCSN ညှိနှိုင်းရေးမှူး ခူးကိုရယ်က “သူတို့ထပ်ပြေးဖို့ နေရာ မရှိတော့ဘူးလေနော်။ ထိုင်းဘက်ကိုလည်း သူတို့ ကူးလို့ မရဘူး။ ကူးလာမယ်ဆိုရင်လည်း အနည်းဆုံး တစ်ပတ်လောက်ပဲ ခွင့်ပြုထားတယ်ပေါ့နော်။ အဲ့လိုမျိုး အခြေအနေ ရောက်တော့ သူတို့ကံတရားကိုပဲ မှီခိုပြီးတော့ ကြိုးစားပြီးတော့ နေ နေကြတယ်။ စိုးရိမ်တာက တစ်ပိုင်း၊ ရွေးချယ်ခွင့် မရှိတာက တစ်ပိုင်းပေါ့နော်” ဟု ပြောသည်။
ထိုင်း – ကရင်နီ နယ်စပ်ရှိ ဒေါနိုးကူး စစ်ဘေးရှောင်စခန်းတွင် နိုဝင်ဘာလ ပထမပတ်ကစပြီး စစ်ကောင်စီက လေယာဉ်အပြင် ဒရုန်းများဖြင့်ပါ ညအချိန် ကင်းထောက်လှမ်းမှုများကို လုပ်လာသည်ဟု စစ်ရှောင်များက ဆိုသည်။
ထို့ကြောင့် ထွက်ပြေးတိမ်းရှောင်လာသူများ ရှိလာနေသည်ဟု အမှတ် ၁ ကရင်နီ ဒုက္ခသည် စခန်းတွင် နေထိုင် သော အမျိုးသမီးတစ်ဦး က နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ပြောသည်။
“အရင် တစ်ရက်နှစ်ရက်လောက်ကတော့ လေယာဉ်တွေ လာတာ ဒီကနေ ကြားတယ်။ စိုးရိမ်ပြီးတော့ ပြည် တွင်း ပြန်ဖို့ လုပ်တဲ့သူတွေလည်း ရှိတယ်။ စခန်းထဲ လာနေကြတဲ့သူတွေက ပိုများတယ်ပေါ့။ အသစ် ထပ်ရောက်လာတဲ့ သူတွေလည်း လာကြတာပဲ။”
ထိုင်း – ကရင်နီ နယ်စပ်ရှိ ဒေါနိုးကူး စစ်ရှောင်စခန်းတွင် လူဦးရေ စုစုပေါင်း ၃၀၀၀ ခန့် နေထိုင်သည်။
လက်ရှိ ဒေါနိုးကူးစစ်ရှောင်စခန်းမှ စစ်ရှောင်ပြည်သူများသည် ဘေးလွှတ်နိုင်မည့် နေရာသို့ ရွှေ့ပြောင်း နေထိုင်သူများ ရှိသကဲ့သို့ အသစ် ထပ်မံဝင် ရောက်လာသော စစ်ဘေးရှောင်များလည်း အမြဲလိုလို ရှိနေသဖြင့် စစ်ဘေးရှောင်ဦးရေမှာ လျှော့ကျသွားခြင်းမျိုး မရှိဘူးဟု အဆိုပါ စစ်ရှောင် အမျိုးသမီးက ပြောသည်။
ဒေါနိုးကူး စစ်ရှောင်စခန်းသည် စစ်ကောင်စီတပ်၏ လေကြောင်းသာမက လက်နက်ကြီးပါ လက်လှမ်းမှီနိုင်သော နေရာတွင် ရှိနေသောကြောင့် လုံခြုံရေး အာမခံချက် မရှိသဖြင့် စစ်ဘေးရှောင်များ ပိုမို စိုးရိမ်ထိတ်လန့် နေကြခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လထဲတွင်လည်း ဒေါနိုးကူး စစ်ရှောင်စခန်း အနီးသို့ စစ်ကောင်စီ၏ ကင်းထောက် လေယာဉ်များနှင့် တိုက်လေယာဉ်များ အနီးကပ် ပျံသန်းမှုများ လုပ်ခဲ့ပြီးနောက် ဇူလိုင်လ ၁၂ ရက်နေ့ ည သန်းခေါင် အချိန်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ထိုတိုက်ခိုက်မှုအတွင်း လူထိခိုက်သေဆုံးမှုများ ရှိခဲ့သည့်အတွက် စစ်ဘေးရှောင်များသည် ထိုင်း ဘက်ခြမ်းတွင် ၃ ကြိမ် ဝင်ရောက် ခိုလှုံခဲ့ကြရသည်။
ကရင်နီ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးရေးအဖွဲ့ KHAI ၏ နိုဝင်ဘာလ ၁၀ ရက်နေ့ စာရင်းအရ ထိုင်း-ကရင်နီ နယ်စပ်နှင့် နီးစပ်သော ရှားတောနှင့် မယ်စဲ့မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်း ၁၈ ခု တွင် လူဦးရေ တစ်သောင်းနီးပါးရှိနေသည်ဟု သိရသည်။