လမ်းပိတ်သဖြင့် မန္တလေး- ရွှေဘို- မြစ်ကြီးနား ယာဉ်များ အခက်ကြုံ 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၅ ရက်။ 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ ဝင်ရောက်သည့် အဓိက လမ်းမကြီးများအား ၂ ဖက် လက်နက်ကိုင်တပ်များမှ ပိတ်ဆို့ထားသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

ဇွန်လ ဒုတိယအပတ်မှ စတင်၍ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ အနီးတစ်ဝိုက်နေရာများတွင် တိုက်ပွဲများ ပြင်းထန် လာသဖြင့်  မန္တလေး – ရွှေဘိုကားလမ်းပေါ်ရှိ ဆားတောင်မြို့အဝင် ရုံးပင်ကန်ကျေးရွာမှ စပြီး ယာဉ်များ သွားလာ ခွင့်ကို ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားသဖြင့် အခက်ကြုံနေကြရသည်။ 

မြစ်ကြီးနားမြို့ခံ ယာဉ်မောင်းတစ်ဦးက အခု ရွှေဘိုက ထွက်တဲ့ကားတွေတော့ မိုးညှင်း၊ ဇီးကုန်း၊ စံပယ်၊ နံ့သာ အဲလောက်ထိပဲ ရတယ်။ အရာတော် – ထီးဆောင်း လမ်းပိုင်းကတော့ အမှတ် ၃ လမ်းပိုင်းကနေ သွားလို့ရတယ်။ ကွင်းလမ်းပေါ့။ လမ်း ပိတ်တော့ အချိန်ပိုကြာတယ်။ ဆီပိုကုန်တယ်။ ဈေးလည်းကြီးတော့ တော်ရုံသေရေး၊ ရှင်ရေးမှမဟုတ်ရင် ဘယ်သူမှ မသွားကြတော့ဘူး။ ခရီးသည် အရမ်းခက်တယ် ဟု ပြောသည်။

မန္တလေး – ရွှေဘို – မြစ်ကြီးနား လမ်းပိုင်း၌ အတက်ကားများကို ဆားတောင်၌ ပိတ်ဆို့ထားပြီး အဆင်းကားများ ကို ရွှေဘိုမှ စတင်၍ သွားခွင့် မပြုတော့သဖြင့် ကွင်းလမ်းများမှ ခက်ခဲစွာ သွားလာနေရသည်ဟု ဆိုသည်။

လက်ရှိ သွားလာနေရသည့် ကွင်းလမ်း၌ မိုးရက်ဆက် ရွာသွန်းသဖြင့် လမ်းပိုင်းအချို့ ရေကျော်နေခြင်း၊ ရွှံ့နွံ့ ဗွက်အိုင်များ ထူထပ်ခြင်း၊ တိုက်ပွဲများ ဖြစ်ပွားလျှင် ရက်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်း စသည့် အခက်အခဲများ ရင်ဆိုင်နေရခြင်း ဖြစ်သည်။

မြစ်ကြီးနားမြို့တွင်းရှိ အွန်လိုင်း ဈေးသည်တစ်ဦးက ခါတိုင်း ၁၄ နာရီလောက်ရှိတဲ့ ခရီးကို အခုက တစ်ပတ် လောက်ကြာနေတယ်။ ကားတွေဆို တစ်ရက်တစ်ရက် ပိတ်တာ အစီး ၂၀၀ နီးပါးလောက် ရှိတာ။ တချို့က လည်း လမ်းရောက်မှ ပြန်လှည့်ချင်တာ လှည့်မရတော့ ကားတွေပိတ်ပြီး ဟွန်းတွေတီး၊ ရန်တွေဖြစ်။ ပစ္စည်းက အဝင် နည်းတော့ ကုန်ဈေးနှုန်းကတက်နဲ့ ဘာလုပ်စားရမလဲတောင် မသိတော့ဘူးဟု ပြောသည်။

လတ်တလောတွင် မြစ်ကြီးနားမြို့၌ ဆန်ကြမ်းတစ်အိတ် ကျပ် ၂ သိန်းနီးပါး၊ စားသုံးဆီ တစ်ပိဿာလျှင် ကျပ် ၂ သောင်း နီးပါးဖြင့် ဝယ်ယူနေရပြီး မန္တလေး – ရွှေဘို – မြစ်ကြီးနား လမ်းပိုင်းအား ပြန်လည်ဖွင့်လှစ်ပေးရန် မြို့ခံများနှင့် ယာဉ်လိုင်းများက မျှော်လင့်နေကြသည်။

အလားတူ ဖားကန့် – ကာမိုင်း – မိုးကောင်း – မြစ်ကြီးနား လမ်းနှင့် ဖားကန့် – မိုးညှင်း – အင်းတော်ကြီး -ဝှေ ခါ လမ်းကိုလည်း မကြာခဏ ပိတ်လိုက်၊ ဖွင့်လိုက် အနေအထားများ ဖြစ်နေသဖြင့် မိုးတွင်းကာလ ကုန်စည်များ ဝင်ရောက်မှု နည်းပါးလာပြီး ကုန်ဈေးနှုန်း မြင့်တက်နေကြသည်ဟု ယာဉ်လိုင်း တာဝန်ရှိသူများက ဆိုကြသည်။