ဖားဆောင်းအနီးတွင် စစ်လေယာဉ် ပျက်တွေ့

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက်။ 

စစ်ကောင်စီက တိုက်လေယာဉ်တစ်စီး ပျောက်ဆုံးနေကြောင်း ထုတ်ပြန်လာချိန်၌ ကရင်နီပြည်၊ ဖားဆောင်းမြို့ နယ်ထဲ ပျက်ကျခဲ့သည့် စစ်လေယာဉ်ဓါတ်ပုံများကို ကရင်နီတော်လှန်ရေး တပ်ပေါင်းစုက ထုတ်ပြလိုက်သည်။

ဖားဆောင်းမြို့အနီးတွင် စစ်ကောင်စီ ပျက်ကျထားသည့် လေယာဉ်ကိုယ်ထည်နှင့် လေယာဉ်မှူး ရုပ်အလောင်း ၂ လောင်းကို တွေ့ရှိခဲ့သည်ဟု မြေပြင်တပ်ဖွဲ့ဝင်များက အတည်ပြု ပြောဆိုသည်။

ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF ၏ ဗဟိုသတင်းနှင့် ပြန်ကြားရေးမှ စောတာအယ်စိုးက  “ဖားဆောင်းမြို့ကို မနက် ၁ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီက လေယာဉ် လေးစီးလောက်နဲ့ လာရောက် ပြီးတော့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လေကြောင်းရန်ကို တန်ပြန် တိုက် ခိုက်တဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်ကြောင့် စစ်ကောင်စီရဲ့ လေယာဉ်လေးစင်းထဲက ဂျက်လေယာဉ် တစ်စင်း ပျက်ကျခဲ့တာဖြစ်ပါတယ်။ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပစ်ချလိုက်တာ ဖြစ်ပါတယ်” ဟု ပြော သည်။

တိုက်ခိုက်ရေး လေယာဉ်တစ်စီးမှာ ဇူလိုင်လ ၁ ရက်နေ့ ညပိုင်းက ခရီးဝေး လေ့ကျင့်ပျံသန်းနေချိန် နေပြည် တော်၏ အရှေ့တောင်ဘက် ၁၃၀ ကီလိုမီတာအကွာ၌ ရေဒါမြင်ကွင်းမှ ပျောက်သွားသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ဆက်သွယ်မှု ပြတ်တောက်သွားသော နေရာအနီးတ၀ိုက်ကို ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ လွှတ်နိုင်ရေး လုပ်ဆောင်နေသော်လည်း ရာသီဥတုဆိုးဝါးနေသည်ဟု စစ်ကောင်စီက ဆိုသည်။

ဖားဆောင်းနှင့် ဘော်လခဲမြို့နယ်တို့တွင် စစ်ရေးလှုပ်ရှားနေသည့် ကရင်နီ တော်လှန်ရေး တပ်ဖွဲ့ဝင် တစ်ဦးက ဒီလ ၁ ရက်နေ့တုန်းက ဖားဆောင်းနားမှာ လာဝဲပြီး အသံပျောက်သွားတယ်။ ကြားထဲမှာ မြေပြင်က ပြန်ပစ်တာတွေလည်း ရှိတယ်။ ထိလား၊ မထိလားဆိုတာတော့ ကျနော်တို့လည်း မသိရဘူး။ ပြောချင်တာက လေယာဉ်ပျက်ကျတာ မှန်တယ်။ ကျနော်တို့ ပစ်ချတာလား။ သူ့ဟာသူ စက်ချို့ယွင်းတာလား ဆိုတာတော့ မောင်းတဲ့သူပဲ သေချာသိမယ်ဟု ပြောသည်။

ထို့နောက် ဇူလိုင်လ ၃ ရက်နေ့၊ နံနက်ပိုင်း၌ ဖားဆောင်းမြို့အနီး သံလွင်မြစ်ကမ်းဘေးတွင် ပျက်စီးနေသည့် FTC 2000 G အမျိုးအစား တိုက်လေယာဉ် ကိုယ်ထည်များကို မီးခိုးလုံးများဖြင့် တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

လေယာဉ်ပျက်ကျမှုနှင့် ပတ်သက်၍ ကရင်နီ ဒုစစ်ဦးစီးချုပ် မာဝီကလည်း ၎င်း၏ လူမှုကွန်ယက်စာမျက်နှာ၌ ကရင်နီမှာ ဖြစ်သည်။ ကရင်နီ စစ်သည်တော်များ၏ လက်ချက် ဖြစ်သည် ဟု ရေးသားကာ ဓါတ်ပုံများနှင့် တကွ ဖော်ပြထားသည်။

ပျက်ကျသည့် FTC  2000 G အမျိုးအစား တိုက်လေယာဉ်မှာ တရုတ်နိုင်ငံထုတ် ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၈ သန်းမှ ၁၀ သန်းကြား (မြန်မာငွေ ၃၀ ဘီလျံကျော်) တန်ဖိုးရှိသည်ဟု နိုင်ငံတကာ စစ်ရေးသတင်း ဖော်ပြချက် များအရ သိရသည်။

ဖားဆောင်းနှင့် ဘော်လခဲမြို့နယ်တို့တွင် စစ်ရေးလှုပ်ရှားနေသည့် တပ်ဖွဲ့ဝင်က ဂျက်ဖိုက်တာ တစ်စီးလုံး တန်း ပြီး ပျက်ကျဖို့ဆိုရင် FN-6 နဲ့ ပစ်မှပဲ ရမှပါ။ အဲ့ဒါက ဒေါ်လာသန်းချီတန်တွေဆိုတော့ ဝယ်ဖို့လည်း ခက်ပါ တယ်။ ကျနော်တို့မှာ ရှိတဲ့ လက်နက်တွေကတော့ ပွိုင့် ၅၊ ပွိုင့် ၅ တွေက ဒီလောက်အဆင့် မမီသေးပါဘူး ဟု ဆက်ပြောသည်။

ဖားဆောင်းမြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်းများကို ကရင်နီ တော်လှန်ရေး အင်အားစုများက ဇွန်လ ၂၅ ရက်နေ့မှ စတင်၍ ယနေ့အချိန်ထိ ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်မှ တန်ပြန်လေကြောင်း အသုံးပြုလာ ခြင်း ဖြစ်သည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် စတင်ခဲ့သည့် တစ်လေးလုံး စစ်ဆင်ရေး ကာလများအတွင်း ဖားဆောင်း မြို့ရှိ စစ်ကောင်စီလက်အောက်ခံ တပ်ရင်းအများစုကို ကရင်နီတော်လှန်ရေး အင်အားစုများက သိမ်းယူနိုင်ခဲ့ သော်လည်း ခလရ ၁၃၄၊ ၁၃၅ စခန်းများ ကျန်ရှိခဲ့သည်ဟု ဆိုသည်။

လက်ရှိတွင်  ခလရ ၁၃၄ စခန်းအား အောင်မြင်စွာ သိမ်းယူပြီး ဖြစ်ရာ လက်ကျန် စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှာ ခလရ ၁၃၅ သို့ သွားရောက် ပေါင်းစည်းထားသည်ဟု မြေပြင်အရင်းအမြစ်များက ပြောဆိုသည်။