ဩစတေးလျတွင် မြေရှား သတ္တု ဒေါ်လာ ၈.၅ သန်းဖိုး ထုတ်ရန် စာချုပ်ချုပ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က အမေရိကန် ဒေါ်လာ ၈.၅ ဘီလီယံ တန်ဖိုးရှိသည့် မြေရှား သတ္တုများ ဝယ်ယူရန် ဩစတေးလျ ဝန်ကြီးချုပ် Anthony Albanese (အန်ထိုနီ အယ်လဘာနီးစ်) နှင့်စာချုပ်ချုပ်ဆို လိုက်သည်။
သမ္မတ ထရန့်သည် ဩစတေးလျ ဝန်ကြီးချုပ် အန်ထိုနီ အယ်လ်ဘာနီးစ် ကို အောက်တိုဘာ ၂၀ ရက် တနင်္လာနေ့က အိမ်ဖြူတော်တွင် လက်ခံတွေ့ဆုံပြီး သတင်းမီဒီယာများ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။
သဘောတူညီချက်အရ အမေရိကန်နှင့် ဩစတေးလျ နှစ်နိုင်ငံလုံးသည် လာမယ့် ၆ လ အတွင်း မြေရှား သတ္တု တူးဖော်ရေးနှင့် သန့်စင်ရေး လုပ်ငန်းများတွင် ဒေါ်လာ ၁ ဘီလီယံစီ ထည့်ဝင်သွားကြမည် ဖြစ်သည်။
တူးဖော်ထုတ်လုပ်ရေး စီမံကိန်းကို ဩစတေးလျ နိုင်ငံတွင် အကောင်အထည်ဖော်သွားမည် ဖြစ်သည်။
စီမံကိန်းတွင် အုပ်စု သုံးခု ပါဝင်မည်ဖြစ်ပြီး အမေရိကန်-ဩစတေးလျ ဖက်စပ်စီမံကိန်း တစ်ခု၊ ဩစတေးလျ သီးသန့် စီမံကိန်းနှင့် အမေရိကန်-ဩစတေးလျ-ဂျပန် ဖက်စပ် စီမံကိန်းတို့ ဖြစ်သည်။
ဩစတေးလျ နိုင်ငံရှိ ၈.၅ ဘီလီယံ တန်ဖိုးရှိသည့် မြေရှားသတ္တုများကို တူးဖော် သန့်စင်ကြမည် ဖြစ်သည်။
လျှပ်စစ်ကားများ၊ ဖုန်းများ၊ ကွန်ပြူတာများ စသည့် အီလက်ထရွန်းနစ်ပစ္စည်းများ၊ လေအားတာဘိုင်များ၊ ဆိုလာဆဲလ်များ၊ လစ်သီယမ် ဘက်ထရီများ၊ LCD မော်နီတာများ အစရှိသည့် ခေတ်မီနည်းပညာ ပစ္စည်းများ ထုတ်လုပ်ရာတွင် မရှိမဖြစ် လိုအပ်သည့် မြေရှား သတ္တုကို တရုတ် အပေါ်မှီခိုနေရမှုအား လျော့ချနိုင်ရန် အတွက် အမေရိကန်က ကြိုးစားနေခြင်းလည်း ဖြစ်သည်။
တရုတ်နိုင်ငံက မြေရှားသတ္တု တင်ပို့မှုကို ကန့်သတ်မှု အသစ်များ ထပ်မံ ချမှတ်လိုက်ပြီး အမေရိကန်က တရုတ်ပို့ကုန်များကို နိုဝင်ဘာလမှစ၍ ၁၀၀% အခွန်ကောက်ခံရန် ပြင်ဆင်နေသည့် အချိန်တွင် ဒီသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ခြင်းလည်း ဖြစ်သည်။