ပေါ်တူဂီ အထွေထွေသပိတ်ကြောင့် ဝန်ဆောင်မှုအများအပြား ရပ်ဆိုင်း
သတင်းနှင့် မီဒိယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်။
ပေါ်တူဂီနိုင်ငံတွင် အဓိက အလုပ်သမားသမဂ္ဂနှစ်ခု ပူးပေါင်း၍ ၁၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတစ်ဝန်း အထွေထွေသပိတ်ကြီးကို ကြာသပတေးနေ့က ပြုလုပ်ခဲ့ရာ နိုင်ငံ၏ ဝန်ဆောင်မှုလုပ်ငန်း အများအပြား ရပ်တန့်ခဲ့ရသည်။
အစဉ်အလာအားဖြင့် သဘောထားပျော့ပြောင်းသည့် UGT သမဂ္ဂနှင့် CGTP သမဂ္ဂတို့ ပူးပေါင်းပြီး သပိတ်မှောက်ခဲ့ခြင်းဖြစ်ရာ၊ ၂၀၁၃ ခုနှစ် ဥရောပဇုန် ကြွေးမြီအကျပ်အတည်းနောက်ပိုင်း ပထမဆုံးအကြိမ် သမဂ္ဂနှစ်ခု ပူးပေါင်းမှုဖြစ်သည်။
သပိတ်မှောက်မှုကြောင့် လေယာဉ်များ၊ ရထားများနှင့် လူထုသယ်ယူပို့ဆောင်ရေး လုပ်ငန်းများ အနိမ့်ဆုံးအဆင့်ဖြင့်သာ လည်ပတ်နေကြောင်း၊ စာသင်ကျောင်းများ ပိတ်ထားရပြီး ဆေးရုံများတွင် ခွဲစိတ်ကုသမှုများကိုပင် ရွှေ့ဆိုင်းခဲ့ရကြောင်း သမဂ္ဂများက ပြောသည်။
အမှိုက်သိမ်းလုပ်ငန်းများပါ ရပ်တန့်ခဲ့သည်ဟု သမဂ္ဂများက ဆိုသည်။
သပိတ်မှောက်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ဝန်ကြီးချုပ် Luís Montenegro ၏ အစိုးရက ပြဋ္ဌာန်းရန် ကြိုးပမ်းနေသော အလုပ်သမားဥပဒေ ပြုပြင်ပြောင်းလဲရေး အစီအစဉ် (Labour Reforms) များကို ဆန့်ကျင်ခြင်းဖြစ်သည်။
သမဂ္ဂများနှင့် အလုပ်သမားများက ဤဥပဒေကြမ်းပါ အချက် ၁၀၀ ကျော်သည် အလုပ်သမားအခွင့်အရေးများကို ထိပါးသည်ဟု ရှုမြင်သည်။
အဓိကအားဖြင့် အလုပ်ရှင်များကို ယာယီစာချုပ်များကို နှစ်ပေါင်းများစွာ တိုးချဲ့ခွင့်ပေးခြင်း၊ ထုတ်ပယ်ခံရသည့် အလုပ်သမားများကို ပြင်ပဝန်ဆောင်မှုကုမ္ပဏီမှ ချက်ချင်းပြန်လည်ငှားရမ်းခြင်းကို ပိတ်ပင်ထားမှုကို ဖျက်သိမ်းခြင်း၊ မတရားထုတ်ပယ်ခံရသည့် အလုပ်သမားကို မူလနေရာတွင် ပြန်လည်ခန့်ထားရမည့် စည်းမျဉ်းကို ပယ်ဖျက်ခြင်းစသည့် ပြင်ဆင်ချက်များကို အလုပ်သမားများက ပြင်းထန်စွာ ဆန့်ကျင်ကြခြင်း ဖြစ်သည်။