ထိုင်ဝမ်အရေး၊ အမေရိကန်က တရုတ်ကို စစ်ရှုံးနိုင်သည်ဟု လျို့ဝှက် စာတမ်း ထွက်ပေါ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်။
အင်္ဂလန်အခြေစိုက် တယ်လီဂရပ်ဖ် သတင်းစာ၏ ဖော်ပြချက်အရ၊ အမေရိကန်အစိုးရ၏ ထိပ်တန်းလျှို့ဝှက် စစ်တမ်းတစ်ခုတွင် ထိုင်ဝမ်အရေးကြောင့် တရုတ်နိုင်ငံနှင့် စစ်ပွဲဖြစ်ပွားပါက တရုတ်စစ်တပ်က အမေရိကန် စစ်တပ်ကို အနိုင်ယူဖွယ်ရှိကြောင်း သတိပေးထားသည်။
“Overmatch Brief” (အလွန်အကျွံ သာလွန်မှု အစီရင်ခံစာ) ဟု အမည်ပေးထားသည့် ၎င်းလျှို့ဝှက်စာရွက်စာတမ်းက ထိုင်ဝမ်တွင် စစ်ပွဲဖြစ်ပွားပါက အမေရိကန်သည် စစ်ပွဲတိုင်း၌ ရှုံးနိမ့်နိုင်ကြောင်း သတိပေးထားသည်။
ကုန်ကျစရိတ်ကြီးမားပြီး နည်းပညာရှုပ်ထွေးသော လက်နက်စနစ်များကို အမေရိကန်က အလွန်အမင်း မှီခိုနေရချိန်တွင် တရုတ်နိုင်ငံကမူ ဈေးသက်သာသော လက်နက်နှင့် စနစ်များကို အရေအတွက် အမြောက်အများ ထုတ်လုပ်နိုင်မည်ဟု ဖော်ပြထားသည်။
ထို့အပြင် တရုတ်နိုင်ငံသည် အမေရိကန်၏ နည်းဗျူဟာတိုင်းအတွက် အရန်စနစ်များကို အထပ်ထပ် ပြင်ဆင်ထားသည်ဟုလည်း ဆိုသည်။
ဒေါ်လာ ၁၃ ဘီလီယံတန်ဖိုးရှိသော အမေရိကန်၏ အဆင့်မြင့်ဆုံး လေယာဉ်တင်သင်္ဘော USS Gerald R Ford သည် စစ်ရေးလေ့ကျင့်ခန်းများတွင် အကြိမ်ပေါင်းများစွာ ဖျက်ဆီးခံရလေ့ရှိကြောင်း၊ အဘယ်ကြောင့်ဆိုသော် တရုတ်၏ မြန်နှုန်းမြင့် ဒီဇယ်-လျှပ်စစ် ရေငုပ်သင်္ဘောများနှင့် အသံထက် ငါးဆ ပိုမြန်သော ဒုံးကျည် ၆၀၀ ခန့်၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမည်မဟုတ်ကြောင်း အစီရင်ခံစာက ဖော်ပြသည်။
ထိုင်ဝမ်နှင့် ပတ်သက်သည့် စစ်ရေးလေ့ကျင့်မှုများတွင် ပါဝင်ခဲ့သူ Eric Gomez က အပြီးသတ်ရလဒ်ကို ပြောနိုင်ခြင်းမရှိသော်လည်း စစ်ရေးလေ့ကျင့်မှုများ၌ အမေရိကန်သည် သင်္ဘောများ၊ F-35 အပါအဝင် ပဉ္စမမျိုးဆက် တိုက်လေယာဉ်များ၊ ဖျက်သင်္ဘောများနှင့် ရေငုပ်သင်္ဘောများ အပါအဝင် ကြီးမားသော ဆုံးရှုံးမှုများ ကြုံတွေ့ရကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
မကြာသေးမီကလည်း တရုတ်သည် အသံထက် ရှစ်ဆ ပိုမြန်သည်ဟု ခန့်မှန်းရသည့် YJ-17 သင်္ဘောဖျက်ဒုံးကျည်များကို ထုတ်ဖော်ပြသခဲ့သည်။