မြန်မာ၊ ထိုင်း အပါအဝင် နိုင်ငံ ၇၅ နိုင်ငံအတွက် အမေရိကန်အခြေချနေထိုင်ခွင့်ဗီဇာ (Immigrant Visa) ဆိုင်းငံ့

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၁၅ ရက်။ 

အမေရိကန်ပြည်ထောင်စုသည် မြန်မာ၊ ထိုင်း၊ လာအိုနှင့် ကမ္ဘောဒီးယားအပါအဝင် နိုင်ငံပေါင်း ၇၅ နိုင်ငံမှ လျှောက်ထားသူများအတွက် အခြေချနေထိုင်ခွင့်ဗီဇာ (Immigrant Visa) ထုတ်ပေးခြင်းကို ယခုလ ၂၁ ရက်နေ့မှစ၍ ရက်အကန့်အသတ်မရှိ ဆိုင်းငံ့လိုက်ကြောင်း ကြေညာခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အဆိုအရ အမေရိကန်သို့ ရောက်ရှိလာပြီးနောက် အစိုးရ၏ လူမှုထောက်ပံ့ကြေးများအပေါ် မှီခိုနေထိုင်မည့် အလားအလာရှိသူများကို တားဆီးနိုင်ရန် ဗီဇာလုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်နေခြင်းဖြစ်သည်။ 

အဆိုပါ ဆိုင်းငံ့မှုစာရင်းတွင် ရုရှား၊ အာဖဂန်နစ္စတန်နှင့် အီရန်တို့ကဲ့သို့ နိုင်ငံများ ပါဝင်သော်လည်း တရုတ်နှင့် အိန္ဒိယနိုင်ငံတို့မှာမူ ပါဝင်ခြင်းမရှိပေ။

၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် ကမ္ဘာတဝှမ်းရှိ အမေရိကန် ကောင်စစ်ဝန် ရုံးများသို့ ပေးပို့ခဲ့သည့် အမေရိကန် အစိုးရ၏ ညွှန်ကြားချက်ထဲတွင် လျှောက်ထားသူသည် အစိုးရ၏ အထောက်အပံ့များကို ရယူမည့်သူဟု ယူဆမိပါက ဗီဇာ ငြင်းပယ်ရန် ညွှန်ကြားထားခဲ့သည်။ 

အခု ဆိုင်းငံ့ထားသည့် အခြေချ ဗီဇာဆိုသည်မှာ အမေရိကန်နိုင်ငံတွင် သွားရောက်နေထိုင်ခွင့်ရှိမည့် ဗီဇာအမျိုးအစားများကို ဆိုလိုခြင်း ဖြစ်ပြီး အလည်အပတ် ဗီဇာများ မပါဝင်ပါ။