ဟူသီသူပုန်များ စစ်ထဲပါလာ၍ ရေနံဈေး ထပ်တက် 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်။ 

အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း ယီမင်အခြေစိုက် ဟူသီ (Houthi) လက်နက်ကိုင်အဖွဲ့ ပါဝင်ပတ်သက်လာခြင်းကြောင့် နောက်ထပ် ကမ္ဘာ့ရေနံလမ်းကြောင်းများ ပိတ်ဆို့နိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ 

ဟူသီအဖွဲ့သည် ပင်လယ်နီ (Red Sea) အတွင်းရှိ အချက်အခြာကျသော သင်္ဘောလမ်းကြောင်းများ အနီးတွင် တည်ရှိနေသဖြင့် ၎င်းတို့စစ်ပွဲအတွင်း ပါဝင် လှုပ်ရှားလာမည် ဆိုပါက ရေနံစိမ်းဈေးကွက်ကို ထပ်မံ ထိခိုက်စေနိုင်သည့် အခြေအနေ ဖြစ်နေသည်။

ဟူသီအဖွဲ့ စစ်ပွဲအတွင်း ပါဝင်လာနိုင်သည့် သတင်းများကြောင့် ကမ္ဘာ့ရေနံစျေးနှုန်းသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၁၆ အထိ မြင့်တက်သွားခဲ့သည်။

အီရန်က ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) ကို ပိတ်ဆို့ထားသကဲ့သို့ ဟူသီအဖွဲ့ကလည်း ဘပ်လ်အယ်လ်မန်ဒက် (Bab al-Mandeb) ရေလက်ကြားကို ထပ်မံပိတ်ဆို့ရန် ခြိမ်းခြောက်နေသည်။ 

ဟူသီအဖွဲ့သည် အစ္စရေးနိုင်ငံသို့ ဒုံးကျည်များဖြင့် စမ်းသပ်ပစ်ခတ်ခဲ့သည့်အပြင် အမေရိကန်နှင့် အစ္စရေးတို့ကိုပါ တိုက်ခိုက်မည်ဟု ထုတ်ပြန်ကြေညာထားသည်။ 

ထို့ပြင် အမေရိကန်၏ မဟာမိတ်များဖြစ်သော ဆော်ဒီအာရေဗျနှင့် ယူအေအီးနိုင်ငံများပါ တိုက်ခိုက်ခံရနိုင်ခြေရှိသဖြင့် စစ်ပွဲပိုမိုကျယ်ပြန့်လာနိုင်သည့် အလားအလာလည်း ရှိနေသည်။ 

အီရန်ကျောထောက်နောက်ခံပြု “Axis of Resistance” အဖွဲ့ဝင်ဖြစ်သော ဟူသီအဖွဲ့ကို ၂၀၂၅ ခုနှစ်တွင် အမေရိကန်သမ္မတ ထရမ့်က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကာ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ဖူးသည်။ အပစ်အခတ် ရပ်စဲထားခဲ့သော်လည်း ယခုအခါ နှစ်ဖက်တင်းမာမှုများ တစ်ကျော့ပြန် ပြင်းထန်လာခြင်း ဖြစ်ပါသည်။