Apple ကုမ္ပဏီမှ ဖောက်သည်များအားဒေါ်လာသန်း ၂၅၀ ပေးလျော်ရန် သဘောတူ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနစ်၊ မေလ ၇ ရက်။
Apple ကုမ္ပဏီက အမေရိကန်တွင် ဝယ်ယူခဲ့သော အိုင်ဖုန်း ပိုင်ရှင် အချို့ကို လျော်ကြေးပေးရန် သဘောတူခဲ့သည်။
ယင်းလျော်ကြေးပေးမှုသည် ၂၀၂၄ ခုနှစ်၊ ဇွန်လမှ ၂၀၂၅ ခုနှစ်၊ မတ်လအတွင်း အမေရိကန်နိုင်ငံ၌ iPhone 15 Pro, iPhone 15 Pro Max နှင့် iPhone 16 မော်ဒယ်အားလုံး (16, 16e, Plus, Pro, Pro Max) ဝယ်ယူခဲ့သူများနှင့် အကျုံးဝင်မည်ဖြစ်သည်။
သုံးစွဲသူတစ်ဦးလျှင် အများဆုံး ၉၅ ဒေါ်လာအထိ ရရှိနိုင်မည် ဖြစ်ပါသည်။
အမေရိကန်နည်းပညာကုမ္ပဏီကြီးဖြစ်သော Apple သည် ၎င်းတို့၏ iPhone များတွင် ပါဝင်သည့် “Apple Intelligence” AI နည်းပညာနှင့် ပတ်သက်၍ လှည့်စားကြော်ငြာခဲ့သည်ဟူသော အစုအဖွဲ့လိုက် တရားစွဲဆိုမှုအား ပြေလည်စေရန် အမေရိကန်ဒေါ်လာ ၂၅၀ သန်း ပေးလျော်ရန် အင်္ဂါနေ့တွင် သဘောတူညီခဲ့ပါသည်။
တရားစွဲဆိုသူများက Apple သည် လက်တွေ့တွင် မရှိသေးသော Siri ၏ စွမ်းဆောင်ရည်များနှင့် AI နည်းပညာများကို အလွန်အကျွံ လိမ်လည်ကြော်ငြာခဲ့သည်ဟု စွပ်စွဲထားပါသည်။
စုစုပေါင်း ဖုန်းအလုံးရေ ၃၇ သန်းခန့် လျော်ကြေးရရှိရန် အကျုံးဝင်မည်ဟု ခန့်မှန်းရသည်။