အမေရိကန်၊ ဖိလစ်ပိုင်၊ ဂျပန်နှင့် ကနေဒါ တပ်ဖွဲ့များ စစ်လေ့ကျင့်မှုကြီး ပြုလုပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၁၃ ရက်။ 

သမ္မတ ထရန့်၏ ပီကင်းခရီးစဉ်မတိုင်မီလေးတွင် အမေရိကန်၊ ဖိလစ်ပိုင်၊ ဂျပန်နှင့် ကနေဒါနိုင်ငံတို့သည် ယခုနှစ်အတွင်း အကြီးမားဆုံးသော Balikatan 2026 ပူးပေါင်းစစ်ရေးလေ့ကျင့်မှုကို ဖိလစ်ပိုင်နိုင်ငံ၊ မြောက်ပိုင်းလူဇုန်ကမ်းလွန်တွင် ကျည်အစစ်များအသုံးပြုကာ ပြုလုပ်ခဲ့သည်။

MARSTRIKE ဟု အမည်ပေးထားသည့် ၎င်းလေ့ကျင့်ခန်းတွင် မဟာမိတ် လေးနိုင်ငံမှ ခေတ်မီအာရုံခံကိရိယာများ၊ ဒုံးကျည်စနစ်များနှင့် တိုက်လေယာဉ်များကို အသုံးပြု၍ ပင်လယ်ပြင်ရှိ ရန်သူ့ပစ်မှတ်များကို စုပေါင်းချေမှုန်းသည့် စွမ်းရည်ကို စမ်းသပ်ခဲ့ကြသည်။ 

လေ့ကျင့်မှုအတွင်း ဖိလစ်ပိုင်ရေတပ်သင်္ဘောဟောင်းနှစ်စင်းကို ဂျပန်၏ Type-88 သင်္ဘောဖျက်ဒုံးကျည်၊ အမေရိကန်၏ HIMARS ဒုံးပစ်စင်များနှင့် ဖိလစ်ပိုင်လေတပ်၏ တိုက်လေယာဉ်များက ပစ်ခတ်နှစ်မြှုပ်ခဲ့သည်။ 

ဤစစ်ရေးလေ့ကျင့်မှုသည် အင်ဒို-ပစိဖိတ်ဒေသ လွတ်လပ်ပြီး ပွင့်လင်းစေရေးအတွက် မဟာမိတ်များ၏ ခိုင်မာသည့် ရပ်တည်ချက်ကို ပြသလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။