အီဘိုလာ လူနာ အလောင်းမရသဖြင့် လူအုပ်က လူနာဆောင်ကို မီးရှို့
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၂၂ ရက်။
ဒီမိုကရက်တစ်သမ္မတနိုင်ငံ ကွန်ဂို (DR Congo) အရှေ့ပိုင်း၊ အီဘိုလာ (Ebola) ဗိုင်းရပ်စ် ကူးစက်မှုဗဟိုချက်ရှိ ဆေးရုံတစ်ခုတွင် အီဘိုလာဖြင့် သေဆုံးသည်ဟု ယူဆရသော လူငယ်တစ်ဦး၏ ရုပ်အလောင်းအား သင်္ဂြိုဟ်ရန် ယူဆောင်ခွင့်ကို အာဏာပိုင်များက တားမြစ်ခဲ့ပြီးနောက်၊ မကျေနပ်သည့် လူအုပ်စုက ဆေးရုံဝင်းအတွင်းရှိ သီးသန့်ခွဲထားရာ လူနာဆောင်တဲများကို မီးရှို့ဖျက်ဆီးမှု ဖြစ်ပွားခဲ့ကြောင်း ဘီဘီစီ သတင်းတွင် ဖော်ပြထားသည်။
အီတူရီ (Ituri) ပြည်နယ်၊ ဘူနီယာ (Bunia) မြို့အနီးရှိ ရမ်ပါရာ (Rwampara) အထွေထွေရောဂါကု ဆေးရုံတွင် အဆိုပါ ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ လူအုပ်စုအား လူစုခွဲရန် ရဲတပ်ဖွဲ့က သတိပေးသေနတ်ပစ်ဖောက်ခဲ့ရသည်။
ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတစ်ဦး ခဲဖြင့်ပေါက်ခံရသဖြင့် ဒဏ်ရာရရှိခဲ့ပြီးနောက် အခြေအနေကို ထိန်းသိမ်းရန် ဆေးရုံအတွင်းရှိ ဆေးဘက်ဝန်ထမ်းများအား စစ်တပ်၏ အကာအကွယ်အောက်တွင် ထားရှိခဲ့ရသည်။
ဒေသခံနိုင်ငံရေးသမားတစ်ဦး၏ ပြောကြားချက်အရ အဆိုပါလူအုပ်စုသည် အီဘိုလာဗိုင်းရပ်စ် ရှိနေသည်ကို မယုံကြည်ကြဘဲ၊ အစိုးရမဟုတ်သောအဖွဲ့အစည်း (NGO) များနှင့် ဆေးရုံများက ပိုက်ဆံရရှိရန်အတွက် လုပ်ကြံဖန်တီးထားခြင်းဖြစ်သည်ဟု ယူဆနေကြသည်ဟု ဆိုသည်။
အဆိုပါ မီးရှို့မှုကြောင့် အထူးသီးသန့်လူနာဆောင်တဲ နှစ်ခုနှင့် သင်္ဂြိုဟ်ရန် ပြင်ဆင်ထားသည့် ရုပ်အလောင်းတစ်ခု မီးလောင်ပျက်ဆီးခဲ့သည်။
၎င်းတဲများအတွင်း ကုသမှုခံယူနေသည့် အီဘိုလာလူနာ ခြောက်ဦးမှာ ဆေးရုံအတွင်းသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြသဖြင့် လက်ရှိတွင် ၎င်းတို့အား ဆေးရုံ၌ ဆက်လက်စောင့်ရှောက်ထားကြောင်း Alima ဆေးဘက်ဆိုင်ရာ ပရဟိတအဖွဲ့က အတည်ပြုခဲ့သည်။
အီဘိုလာ ကူးစက်ရောဂါ ကြောင့် ကွန်ဂို အမျိုးသားဘောလုံးအဖွဲ့ချုပ်သည် မြို့တော်ကင်ရှာဆာ (Kinshasa) တွင် ပြုလုပ်မည့် ကမ္ဘာ့ဖလားအကြို လေ့ကျင့်ရေးစခန်းကို ဖျက်သိမ်းခဲ့ရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ယခုအခြေအနေကို “နိုင်ငံတကာအဆင့် စိုးရိမ်ရသည့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ” ဟု ကြေညာထားသော်လည်း ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ (Pandemic) အဆင့်အထိ မရောက်ရှိသေးကြောင်း ဆိုသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက်အရ သံသယဖြစ်ဖွယ်လူနာ ၆၀၀ အနက် ၁၃၉ ဦး သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။
သို့သော်လည်း ကွန်ဂိုကျန်းမာရေးဝန်ကြီး Samuel Roger Kamba ၏ ပြောကြားချက်အရ သေဆုံးသူ ၁၅၉ ဦးအထိ ရှိလာပြီဖြစ်သည်ဟု ဆိုသည်။
ဤအတောအတွင်း အိမ်နီးချင်း ယူဂန်ဒါ (Uganda) နိုင်ငံတွင်လည်း အီဘိုလာလူနာ နှစ်ဦးကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် ယူဂန်ဒါအာဏာပိုင်များက ကွန်ဂိုနှင့် နယ်စပ်ဖြတ်ကျော်ပြေးဆွဲနေသည့် လေကြောင်းလိုင်းများ၊ ဘတ်စ်ကားများနှင့် အများပြည်သူသယ်ယူပို့ဆောင်ရေး လုပ်ငန်းများအားလုံးကို ယာယီပိတ်ပင်ထားပြီး၊ နယ်စပ်မြစ်အတွင်း ခရီးသည်တင်ကူးတို့သင်္ဘောများ သွားလာခွင့်ကိုလည်း ကန့်သတ်လိုက်သည်။
ယခုတစ်ကြိမ် ကူးစက်မှုသည် လက်ရှိအချိန်အထိ ကာကွယ်ဆေး မပေါ်သေးသည့် ရှားပါးဗိုင်းရပ်စ်မျိုးစိတ်ဖြစ်သော Bundibugyo ကြောင့်ဖြစ်ပြီး၊ ကာကွယ်ဆေး ထွက်ရှိလာရန် ၉ လခန့်အထိ ကြာမြင့်နိုင်ကြောင်း WHO က သတိပေးထားသည်။
တပြိုင်နက်တည်းမှာပင် ကွန်ဂိုအရှေ့ပိုင်းရှိ M23 သူပုန်အဖွဲ့က ၎င်းတို့ထိန်းချုပ်ရာ တောင်ကီဗူး (South Kivu) ပြည်နယ်တွင် ကူးစက်မှုဗဟိုချက်မှ ကီလိုမီတာ ရာပေါင်းများစွာ ကွာဝေးသည့် ကီဆန်ဂါနီ (Kisangani) မြို့မှ လာရောက်သူ အသက် ၂၈ နှစ်အရွယ် လူငယ်တစ်ဦး အီဘိုလာရောဂါဖြင့် ပထမဆုံး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် အဆိုပါ လက်နက်ကိုင်သူပုန် ထိန်းချုပ်ရာနယ်မြေများသို့ နိုင်ငံတကာ ကျန်းမာရေးအဖွဲ့အစည်းများ ဝင်ရောက်ကူညီနိုင်ရေးအတွက် စိုးရိမ်မှုများ မြင့်တက်လျက်ရှိကြောင်း သိရသည်။