မတည်ငြိမ်နိုင်သေးသည့် မူဆယ်-မန္တလေး ကုန်သွယ်ရေးလမ်းမကြီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၃၁ ရက်။

အားမီရေးသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုများနောက်ပိုင်း စစ်ရေး အခြေအနေများ အောက်တွင် လှုပ်ရှားပြောင်းလဲမှု ရေစီးကြောင်းအတွင်း မျောပါနေရသည့် အရာများထဲတွင် မန္တလေး-မူဆယ် ပြည်ထောင်စု လမ်းမကြီးလည်း ပါဝင်သည်။ 

လမ်းမကြီးတလျောက် မြို့ကြီးများမှာ ဟိုအဖွဲ့အောက်ရောက်၊ ဒီအဖွဲ့အောက်ရောက် ဖြစ်နေသလို လမ်းပိုင်းများမှာလည်း ပိတ်လိုက်ဖွင့်လိုက်နှင့် အဓိက ထိခိုက်နစ်နာသူများထဲတွင် ဒေသခံ များနှင့် ကားသမားများ ပါဝင်ကြသည်။ 

မူဆယ်လမ်းကြောင်းမှ ကုန်တင်ယာဉ်မောင်းတစ်ဦးက တရုတ်ပြည်ထဲက ကားကြီးတွေက ကုန်တင်ပြီး မြန်မာပြည်ထဲအထိ တိုက်ရိုက်မောင်းဝင်လာကြတော့ ကျနော်တို့ ပြည်တွင်းကားသမားတွေမှာ အလုပ်က လုံးဝမရှိတော့ဘူး။ ကားတွေ ရပ်ထားရတာ ကြာတော့ ဝမ်းစာရေးအတွက် ကားတွေကို စျေးလျှော့ပြီး ထုတ်ရောင်းနေရတဲ့အထိ ဒုက္ခရောက်ကုန်ကြပြီဗျာ။ ဟု ပြောသည်။

+++ သွေဖည်မရသည့် သွေးလွှတ်ကြောနှင့် အာဏာစက်ဝန်း +++

ရှမ်းပြည်မြောက်ပိုင်း၏ တောင်တန်းကြီးများကို ဖြတ်သန်းဖောက်လုပ်ထားသည့် မူဆယ်-မန္တလေး ပြည်ထောင်စု လမ်းမကြီးသည် မြန်မာနိုင်ငံ၏ စီးပွားရေးအဆောက်အအုံတွင် ရိုးရိုးလမ်းမကြီးတစ်ခုမျှသာ မဟုတ်ပေ။ 

၎င်းသည် တစ်နိုင်ငံလုံး၏ ကုန်းလမ်းကုန်သွယ်မှု ပမာဏ အများဆုံးစီးဆင်းရာ၊ နိုင်ငံတော်အတွက် ဘီလီယံနှင့် ချီသည့် နိုင်ငံခြားဝင်ငွေ ရှာဖွေပေးရာနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံ စီးပွားရေးဆက်ဆံမှု၏ အဓိကအကျဆုံး အသက်ရှူပေါက်ကြီး ဖြစ်သည်။ 

မန္တလေးမြို့မှ စတင်ကာ ပြင်ဦးလွင်၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်တို့ကို ဖြတ်သန်း၍ တရုတ်နယ်စပ် မူဆယ်မြို့အထိ မိုင်ပေါင်း ၂၈၀ ကျော် ရှည်လျားသည့် ဤလမ်းမကြီးသည် ခေတ်အဆက်ဆက် မြန်မာ့နိုင်ငံရေး၊ စစ်ရေးနှင့် စီးပွားရေး ရေစီးကြောင်းများ၏ ဗဟိုချက်မတွင် တည်ရှိနေခဲ့သည်။

သို့သော်လည်း ၂၀၂၃ ခုနှစ်တွင် စတင်ခဲ့သည့်  ‘၁၀၂၇ စစ်ဆင်ရေး’ ၏ တကျော့ပြန် ရိုက်ခတ်မှုများနှင့်အတူ ၂၀၂၆ ခုနှစ်၏ မျက်မှောက်ခေတ် အခြေအနေတွင် ဤလမ်းမကြီးသည် အပြောင်းအလဲအသစ်တစ်ခုကို ကြုံတွေ့နေရပြီ ဖြစ်သည်။ 

၁၀၂၇ စစ်ဆင်ရေး ဆိုသည်မှာ တရုတ်-မြန်မာ နယ်စပ် အခြေစိုက် ညီနောင် မဟာမိတ် သုံးဖွဲ့ဖြစ်သည့် ကိုးကန့်တပ် MNDAA၊ အာရက္ခတပ်တော် AA နှင့် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့ ဦးဆောင်ပြီး ရှမ်းပြည်မြောက်ပိုင်းတွင် အခြေစိုက်သော ကျားဖြန့် လှုပ်ရှားမှုများကို စတင်နှိမ်နင်းသည့် စစ်ဆင်ရေး ဖြစ်သည်။ 

ထို စစ်ဆင်ရေး ပထမပိုင်း နှင့် ဒုတိယ ပိုင်းများအတွင်း ရှမ်းပြည်မြောက်ပိုင်း မြို့ရွာ အများအပြားကို တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ က သိမ်းယူနိုင်ခဲ့သလို မူဆယ်-မန္တလေး လမ်းမကြီးကိုလည်း တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့များက ထိန်းချုပ်ထားနိုင်ခဲ့ကြသည်။ 

၂၀၂၆ ခုနှစ်ရောက်သော အခါ အခြေအနေများ ပြည်လည် ပြောင်းလဲ သွားခဲ့သည်။ 

လမ်းမကြီးတစ်လျှောက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအသီးသီး၏ ဂိတ်စခန်းများနှင့် စစ်ရေး ပြိုင် ဆိုင်မှုများ ရှိခဲ့ရာမှ၊ ယခုအခါ ကိုးကန့်တပ် (MNDAA) တစ်ခုတည်းကသာ မူဆယ်-လားရှိုး ကုန်သွယ်ရေး လမ်းကြောင်းတစ်ခုလုံးကို တစ်ဦးတည်းအာဏာဖြင့် မဏ္ဍိုင်ပြု ထိန်းချုပ်လိုက်နိုင်ပြီ ဖြစ်သည်။ 

ထိုဖြစ်စဉ်သည် ရှမ်းပြည်မြောက်ပိုင်း၏ ကုန်သွယ်ရေး သမိုင်းစာမျက်နှာကို အလှည့်အပြောင်းကြီး ပြောင်းလဲ စေခဲ့သလို၊ တစ်ဖက်တွင်လည်း ဒေသခံပြည်သူတို့၏ လူမှုစီးပွားဝေဒနာများနှင့် ပထဝီနိုင်ငံရေး ဖိအားများကို ပိုမိုနက်ရှိုင်းလာစေခဲ့သည်။

+++ လက်နက်အချင်းချင်း လဲလှယ်လိုက်ရသည့် လမ်းမကြီးနှင့် အာဏာချိန်ခွင်လျှာ +++

မူဆယ်-မန္တလေး လမ်းမကြီး တလျောက် လားရှိုးနှင့် ကွတ်ခိုင် အပါအဝင် အရေးကြီးသည့် မြို့အတော်များများမှာ ၁၀၂၇ စစ်ဆင်ရေး ပထမဆင့်နှင့် ဒုတိယ ဆင့်အတွင်းတွင် TNLA ၏ အုပ်ချုပ်မှု အတွင်းသို့ ရောက်ရှိသွားခဲ့သည်၊ 

ရှမ်းပြည်မြောက်ပိုင်း၏ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းပေါ်ရှိ ကွတ်ခိုင်မြို့သည် တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့များကြား နယ်မြေစိုးမိုးရေးအတွက် အဓိက သော့ချက်ကျသော နေရာဖြစ်သည်။ 

ကနဦးတွင် ကွတ်ခိုင်မြို့အား  တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) က အုပ် ချုပ် ထိန်းချုပ်ခဲ့သော်လည်း၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကွတ်ခိုင်မြို့၌ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့က CCTV များ တပ်ဆင်ရန် ကြိုးပမ်းမှုမှစတင်ကာ ညီနောင်နှစ်ဖွဲ့ကြား ပဋိပက္ခ မီးပွား စတင်လွင့်စင်ခဲ့သည်။ 

ထို့နောက် ကွတ်ခိုင်မြို့ပေါ်ရှိ ကိုးကန့်တပ် (MNDAA) ရုံးများအား တအာင်းတပ် (TNLA) က ပိတ်သိမ်းခဲ့သဖြင့် နှစ်ဖက်တပ်ဖွဲ့ကြား တင်းမာမှု ပိုမိုမြင့်မားလာခဲ့ပြီး TNLA ထိန်းချုပ်သည့် နမ္မတူနှင့် ကွတ်ခိုင်သို့ ကုန်စည်စီးဆင်း မှုကို MNDAA က ရိက္ခာဖြတ် တောက်သည့်စနစ်ဖြင့် တုံ့ပြန်ခဲ့သည်။

အဆိုပါ တင်းမာမှုများအပြီး တစ်လအကြာတွင် ကိုးကန့်တပ် (MNDAA) တပ်က ဝင်ရောက်တိုက်ခိုက် သိမ်းပိုက် ခဲ့ပြီး၊ နောက် ဆက်တွဲ လောက်ကိုင်မြို့အတွင်း ပြုလုပ်သည့် မဟာမိတ်နှစ်ဖွဲ့၏ ဆွေးနွေးပွဲရလဒ်အရ ကွတ်ခိုင်မြို့ အား MNDAA အုပ်ချုပ်ရန် TNLA က သဘောတူ လိုက်လျောခဲ့ရသည်။ 

ထိုမျှသာမက တရုတ်နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွင် အဓိကကျသည့် ၁၀၅ မိုင်၏ အရှေ့မြောက်ဘက် ခုနစ်မိုင်ကျော်အကွာ ကျင်စန်းကျော့ နယ်စပ်ကုန်သွယ်ရေးဂိတ်နှင့် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်တို့မှပါ တအာင်းတပ် (TNLA) တပ်ဖွဲ့များ ဖယ်ပေးလိုက်ရသည်။

အင်အားကြီးတပ်ဖွဲ့နှစ်ခုအကြား နယ်မြေအပြောင်းအလဲဖြစ်ပြီးနောက် မြေပြင်တွင် ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များက ကွတ်ခိုင်ဒေသခံများကို လိုက်လံတွေ့ဆုံကာ စစ်မှုထမ်းဟောင်းကိစ္စများနှင့် လက်နက်အပ်နှံရေး ကိစ္စများကို ပြောဆိုလာခဲ့သည်။

ကွတ်ခိုင်ဒေသခံတစ်ဦးက အခုက ကွတ်ခိုင်မြို့ထဲကို MNDAA ဘက်က တာဝန်ရှိသူတွေ လိုက်လာပြီးတော့ မူလအတိုင်း ပုံမှန်ပဲ နေကြဖို့ လာပြောကြတယ်ဗျ။ ဒါပေမဲ့ တစ်ဖက်ကလည်း အရင် TNLA ထံမှာ စစ်မှုထမ်းခဲ့ ဖူးသူတွေရှိရင် သတင်းပို့ရ မယ်၊ လက်နက်တွေရှိရင်လည်း လာအပ်ကြရမယ်လို့ ပြောသွားတော့ ဒေသခံတွေ ကြားထဲမှာတော့ ဘာဆက်ဖြစ်မလဲဆိုပြီး စိုးရိမ်စိတ်နဲ့ စောင့်ကြည့်နေကြရတာပေါ့ ဟု ပြောသည်။

အဆိုပါ အပြောင်းအလဲများနှင့် ပတ်သက်၍ TNLA ၏ ပြောခွင့်ရသူ လွေးယေဦးအား ဆက်သွယ်မေးမြန်းရာ တွင် ဗဟိုမှ ညွှန်ကြားချက် မရှိ၍ အတိအကျ မဖြေနိုင်သေးပါ ဟုသာ တုံ့ပြန်ခဲ့ပြီး၊ မြေပြင်တွင်မူ TNLA တပ်ဖွဲ့များ ယူနီဖောင်းဝတ်ဆင်ကာ ရုံးထိုင်သွားလာခွင့် မရှိတော့သည့် အခြေအနေသို့ ဆိုက်ရောက်သွားခဲ့သည်။ 

ဤသည်မှာ တရုတ်-မြန်မာ နယ်စပ်လမ်းမကြီးပေါ်တွင် အင်အားအကြီးမားဆုံး တိုင်းရင်းသားတပ်ဖွဲ့တစ်ခုက ကုန်သွယ်ရေး သွေးလွှတ်ကြောကို တစ်ဦးတည်းအပိုင် စိုးမိုးလိုက်သည့် သက်သေပင် ဖြစ်သည်။

+++ KIA နှင့် SSPP ဂိတ်များ ဖယ်ရှားခံရခြင်းနှင့် လမ်းပွင့်ခြင်း၏ ကောင်းကျိုး၊ ဆိုးကျိုး +++

“၁၀၂၇ စစ်ဆင်ရေး” အတွင်း တရုတ်နယ်စပ် မူဆယ်မြို့နှင့် မိုင် ၃၀ အကွာ ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ နမ့်ဖတ်ကာကျေးရွာအား ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က သိမ်းပိုက်ခဲ့သလို၊ အနီးနားရှိ နမ့်အွန်ကျေး ရွာတွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ကလည်း ဂိတ်ချ၍ အခွန်အခများ ကောက်ခံခဲ့သည်။ 

မန္တလေး-မူဆယ် လမ်းကြောင်းတစ်လျှောက်တွင် တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်တပ်ဖွဲ့များအကြား နယ်မြေစိုးမိုးမှု အပြောင်းအလဲများ ဖြစ်ပေါ်နေပြီး၊ မတ်လ ၁၄ ရက်နေ့က ကွတ်ခိုင်မြို့နယ်အတွင်း ကိုးကန့်တပ် (MNDAA) နှင့် တအာင်းတပ် (TNLA) တို့အကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားကာ MNDAA က ကွတ်ခိုင်မြို့ တစ်ခုလုံးကို ထိန်းချုပ်လိုက်သည့် အခြေအနေသို့ ရောက်ရှိခဲ့သည်။

ထိုဖြစ်စဉ်အပြီးတွင် မူဆယ်-လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ KIA နှင့် SSPP တို့၏ ငွေကောက်ခံသည့် စစ်ဆေးရေးဂိတ်များကိုပါ MNDAA က အဓမ္မဖယ်ရှားခိုင်းလိုက်ပြီဟူသော သတင်းများ လူမှုကွန်ရက်နှင့် မီဒီယာအချို့တွင် ကျယ်ကျယ်လောင်လောင် ပျံ့နှံ့လာခဲ့သည်။ 

သို့သော်လည်း အဆိုပါ သတင်းများနှင့် ပတ်သက်၍ ယင်းမှာ သတင်းအမှားသာဖြစ်ပြီး လက်ရှိအချိန်အထိ တစ်စုံတစ်ရာ တရားဝင် အကြောင်းကြား ကန့်ကွက်လာခြင်း မရှိသေးကြောင်း KIA ဘက်က ပြတ်ပြတ်သားသား ပြန်လည်တုံ့ပြန်လိုက်သည်။

KIO/KIA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ၎င်းတို့၏ စစ်ဆေးရေးဂိတ်များနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းရာတွင် ယခုကဲ့သို့ ပြောဆိုထားသည်။

သူတို့ဘက်ကနေ အကြောင်းကြားလာတာ မရှိပါဘူး။ ဂိတ်ကို ဖယ်ခိုင်းတာလည်း မရှိဘူး။ ကျနော်တို့ ဘက် ကနေတော့ ဒီပြည်ထောင်စု လမ်းမပေါ်မှာကတော့ အခွန်အကောက် တွေ မကောက်ဖို့ကတော့ ကျနော်တို့ ဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက်ချထားတာကတော့ ကြာပါပြီ။ အဓိက ကတော့ ဂိတ် ၂ ဂိတ် ဖြစ်ပါတယ်။ ဟို ကျနော်တို့ ဟိုမုန်းဆိုတဲ့ နေရာနဲ့ ဟို သိန္နီနဲ့ ကွတ်ခိုင်အကြားပေါ့ ဒီ ၂ နေရာပါပဲ။ အဓိက ကျနော်တို့ အခွန် ကောက်တဲ့ ဂိတ်ကတော့ ဒါတွေက အခု အခွန်ကောက်တာက အခု မလုပ်တော့ဘူးလေ။ ကြာပါပြီ အဲဒီမှာ ဗဟို ကော်မတီရဲ့ ဆုံးဖြတ်ချက်ပါပဲ ဒီအခွန်တွေ မကောက်တာကတော့ ကြာပါပြီ။ ကျန်တဲ့နေရာမှာတော့ ဂိတ်တော့ ရှိပါတယ်။ ဒါပေမဲ့ ဘယ်လို ပြောရမှာလဲ လုံခြုံရေး ဂိတ်တွေပေါ့။ အခုလည်း ရှိပါတယ် အဲ့ဒါတွေကတော့။

လက်ရှိမြေပြင်တွင် ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေရန် ပြည်ထောင်စုလမ်းမကြီးပေါ်၌ တရားဝင် အခွန်ကောက်ခံမှုများကို ရပ်ဆိုင်းထားသော်လည်း၊ မဟာမိတ်တပ်ဖွဲ့များအကြား နားလည်မှုလွဲမှားခြင်းများ မရှိစေရန်နှင့် နယ်မြေလုံခြုံရေးအတွက် လုံခြုံရေးဂိတ်များကိုမူ ဆက်လက်ထားရှိဆဲဖြစ်သည်။ 

သို့သော်လည်း လမ်းမကြီးပေါ်တွင် အခွန်ဂိတ်များ ယခင်ကထက် နည်းပါးသွားခြင်းက ခရီးသွားလာရေးနှင့် ကုန်စည်ပို့ဆောင်ရေးအတွက် သိသာထင်ရှားသည့် ကောင်းကျိုးများကို ဖြစ်ပေါ်စေခဲ့သည်။

ခရီးသည်တင်ယာဉ်မောင်းတစ်ဦးက အရင်ကဆို လမ်းမှာ ဂိတ်တွေအများကြီး ပေးရလို့ ကားခက ၅ သိန်း ကနေ ၆ သိန်းအထိ ရှိခဲ့တာ။ အခုတော့ လမ်းမှာ ကိုးကန့်တပ်ပဲ ရှိတော့လို့ ပေးရတဲ့ ဂိတ်ကြေး နည်းသွားပြီ။ ကားခ လည်း ၂ သိန်းခွဲကနေ ၃ သိန်းဝန်းကျင်အထိ ကျသွားတယ်။ စစ်ပွဲတွေတုန်းကဆို မန္တလေး-မူဆယ် ခရီးစဉ်က အနည်းဆုံး ၃ ရက်ကနေ ၅ ရက်အထိ ကြာတတ်တာ၊ အခုဆိုရင် လမ်းတွေရှင်းသွားလို့ နေ့ချင်း ပြန်တောင် မောင်းလို့ရနေပြီဗျဟု ပြောသည်။

သို့သော်လည်း အခြေအနေမှာ ကုန်သည်ကြီးများနှင့် ကုန်ကားကြီးများအတွက်မူ တစ်မျိုးတစ်ဖုံ ပြောင်းလဲ သွားခဲ့သည်။ 

လမ်းပေါ်တွင် အဖွဲ့စုံဂိတ်များ မရှိတော့သော်လည်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို ထိန်းချုပ်ထားသည့် လက်နက်ကိုင်တပ်ဖွဲ့များကို ပေးဆောင်ရမည့် ကုန်ပစ္စည်းခွန်များကိုမူ ယခင်အတိုင်း ဆက်လက် ပေးဆောင် နေရဆဲ ဖြစ်သည်။ 

အခွန်အခများ လျော့နည်းသွားခြင်း မရှိသည့်အပြင်၊ ပိုမိုဆိုးရွားသည်မှာ လမ်းကြောင်းတစ်ခုလုံးအား  အင်အား ကြီးမားလာသော ကိုးကန့်တပ် MNDAA တပ်ဖွဲ့တစ်ခုကသာ စိုးမိုးထားသဖြင့် ဒေသတွင်း စစ်ရေး၊ နိုင်ငံရေး မသေချာမှုများအောက်တွင် မည်သည့် အချိန်၌ တိုက်ပွဲများ တကျော့ပြန်ဖြစ်ပွားပြီး လမ်းများ ပြန်လည်ပိတ်ဆို့သွားနိုင်သလဲဟူသည့် စိုးရိမ်စရာ အခြေအနေမှာမူ ကုန်သည်ထုကြားတွင် ရှိနေဆဲ ဖြစ်သည်။

+++ “ကိုးကန့်မူပြုခြင်း” အပေါ် ရှမ်းလူငယ်ထု၏ ကန့်ကွက်ရှုတ်ချသံများနှင့် လူမျိုးရေးတင်းမာမှု +++

ကိုးကန့်တပ် (MNDAA) အနေဖြင့် ရှမ်းပြည်မြောက်ပိုင်းတွင် နယ်မြေချဲ့ထွင်ခြင်းနှင့် အုပ်ချုပ်စီမံမှုဆိုင်ရာ ကိစ္စရပ်များတွင် လက်နက်အင်အားကို အလွန်အကျွံ အသုံးပြုလာခြင်းအပေါ် ဒေသခံတိုင်းရင်းသားထုကြား ကြီးမားသော မကျေနပ်မှုများနှင့် စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိသည်။ 

အထူးသဖြင့် “ဖက်ဒရယ်စနစ်နှင့် ကိုးကန့်တပ် (MNDAA) ၏ လားရာ” ဆိုသည့် ခေါင်းစဉ်ဖြင့် ရှမ်းလူငယ်ကွန် ဂရက်က ကန့်ကွက်ရှုတ်ချချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။

၎င်းတို့၏ ထုတ်ပြန်ချက်အရ နဂိုမူလ ကိုးကန့်လူမျိုးများ အများစုနေထိုင်ရာ ဒေသများကို ကျော်လွန်၍ ရှမ်းပြည် မြောက်ပိုင်းရှိ အခြားမြို့ရွာများကို “ကိုးကန့်မူပြုခြင်း” (Sinicization/Kokangization) ပြုလုပ်ရန် ကြိုးပမ်း လာနေကြောင်း ထောက်ပြထားသည်။ 

မြို့ရွာများ၏ မူလသွင်ပြင်နှင့် ရိုးရာအသွင်အပြင်များကို အတင်းအဓမ္မ ပြောင်းလဲခြင်း၊ မူလလယ်ယာပိုင်ရှင်များ ထံမှ မြေယာများကို အတင်းအဓမ္မ သိမ်းယူခြင်း၊ ဈေးနှိမ်ခြင်းနှင့် ဖိအားပေး ရောင်းချစေခြင်း စသည့် မြေယာ ပြဿနာများနှင့် ဒေသခံများ ရင်ဆိုင်နေရသည်။

ထို့ပြင် ဒေသခံပြည်သူများ၏ ဆန္ဒကို အလေးမထားဘဲ တိုင်းတစ်ပါးမှ ဝိသမလောဘသား စီးပွားရေးသမား များကို အထူးအခွင့်အရေးများပေးကာ စိတ်ကြိုက် ဝင်ထွက်ချယ်လှယ်ခွင့်ပြုထားပြီး၊ သယံဇာတများကို မူလ ပိုင်ရှင်များ၏ သဘောတူညီချက်မရှိဘဲ အဓမ္မတူးဖော်နေကြောင်း ကန့်ကွက်ထားသည်။ 

စနစ်တကျ ထိန်းချုပ်မှုမရှိဘဲ အကန့်အသတ်မဲ့ လောင်းကစားဝိုင်းများနှင့် KTV ဖျော်ဖြေရေးခန်းမများကို အလွန် အကျွံ ဖွင့်လှစ်ခွင့်ပြုထားခြင်းများ၊ ဒေသခံပြည်သူများ ဆန္ဒမပါဘဲ အတင်းအကျပ် စစ်မှုထမ်း ဆောင်ခိုင်းခြင်း များကြောင့် ဒေသခံ ရှမ်း၊ ကချင်နှင့် ပလောင် တိုင်းရင်းသားထုကြားတွင် လူမျိုးရေးပဋိပက္ခ မီးပွားများ တကျော့ ပြန် တောက်လောင်လာနိုင်သည့် အခြေအနေသို့ ဆိုက်ရောက်နေသည်။

+++ စစ်တပ်၏ “ရက် ၁၀၀ စီမံကိန်း” နှင့် တရုတ်ကုန်စည် စီးဆင်းမှုအပေါ်  ဖမ်းဆီးမှုများ +++

တစ်ဖက်တွင် လမ်းကြောင်းများ ပွင့်သွားသော်လည်း မြန်မာပြည်တွင်းသို့ ကုန်စည်များ အပြည့်အဝ စီးဆင်းနိုင် ရန် ကြီးမားသော အတားအဆီးတစ်ခု ရှိနေသေးသည်။ ယင်းမှာ စစ်အုပ်စု၏ တရုတ်ကုန်စည် တားမြစ် ပိတ်ပင်မှု မူဝါဒဖြစ်သည်။ 

စစ်တပ်သည် မူဆယ်နှင့် ချင်းရွှေဟော် နယ်စပ်မှ ဝင်လာသည့် ကုန်ပစ္စည်းများအား တရားဝင် အခွန်ဆောင်ခွင့် မပြုဘဲ “တရားမဝင်ကုန်အဖြစ်” သတ်မှတ်ထားဆဲ ဖြစ်သည်။

အထူးသဖြင့် စစ်တပ်သည် ရက် ၁၀၀ စီမံကိန်းဟု အမည်ပေးကာ လားရှိုးမြို့သို့ ဝင်ရောက်နိုင်သည့် လမ်း ကြောင်းများနှင့် ရှမ်းပြည်တောင်ပိုင်းသို့ ဝင်ရောက်နိုင်သည့် နမ့်လန်-လားရှိုး လမ်းပိုင်းများတွင် တရုတ်ကုန် ပစ္စည်းမှန်သမျှကို အရှိန်အဟုန်မြှင့် ဖမ်းဆီးမှုများ လုပ်ဆောင်လာနေသည်။ 

ဤအခြေအနေကြောင့် ကုန်သည်များသည် လမ်းကြောင်းပေါ်တွင် ပစ္စည်းများ အဖမ်းမခံရစေရန်အတွက် နည်းလမ်းမျိုးစုံဖြင့် ရုန်းကန်နေရသည်။

ကုန်ကားမောင်းသူတစ်ဦးက လက်ရှိ မြေပြင်အခြေအနေကို ယခုကဲ့သို့ ရှင်းပြသည်။ လက်ရှိမှာ တရုတ်ကုန် ပစ္စည်းတွေက လားရှိုးမြို့အနီးတဝိုက်အထိ ရောက်နေပြီဗျ။ ဒါပေမဲ့ မြို့ထဲကို ပေးမသွင်းတော့ ကုန်သည်တွေ က လာဘ်ထိုးပြီးတော့ ညဘက်တွေမှာ ခိုးသွင်းနေရတယ်။ အခုဆို ကားဂိတ်တွေက ကုန်လက်ခံတာ ခနရပ် ထားရတယ်။ လိုင်းကားတွေပေါ်မှာလည်း တရုတ်ပစ္စည်းဆို ဘာမှ မတင်ဖို့ပေါ့နော်။ ဒီအတိုင်းသာ ဆက်သွားရင် နောက်ပိုင်း ကုန်စည်စီးဆင်းမှု လုံးဝရပ်သွားနိုင်ပြီး သမိုင်းတစ်လျှောက် ကုန်ဈေး နှုန်းတွေ အဆမတန် ထပ်တက်လာနိုင်တယ်ဗျ။

+++ ပြည်တွင်းကားသမားများ၏ အလုပ်လက်မဲ့ဝေဒနာနှင့် ချင်းရွှေဟော် လမ်းကြောင်းအလားအလာ +++

တရုတ်နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင် MNDAA ၏ အုပ်ချုပ်မှုအောက်၌ အခြားထူးခြားသော ပြောင်းလဲမှုတစ်ခုမှာ တရုတ်နိုင်ငံဘက်မှ ၁၂ ဘီးနှင့် ၂၄ ဘီး ကုန်တင်ကားကြီးများ မြန်မာပြည်တွင်းသို့ တိုက်ရိုက် ဝင်ရောက်မောင်းနှင်ခွင့် ရရှိလာခြင်း ဖြစ်သည်။ 

ဤဖြစ်စဉ်သည် ပြည်တွင်း ကုန်တင်ယာဉ်မောင်းများနှင့် မော်တော်ယာဉ်ပိုင်ရှင်များအတွက် ကြီးမားသော စီးပွားရေး ရိုက်ခတ်မှု ဖြစ်စေခဲ့သည်။

ယခင်က နယ်စပ်ဂိတ်များတွင် ကုန်ပစ္စည်းများကို ပြည်တွင်းကားသမားများက ဆက်ဆင့်သယ်ယူခွင့် ရရှိခဲ့သော် လည်း၊ ယခုအခါ တရုတ်ကားကြီးများက တိုက်ရိုက်ဝင်ရောက် သယ်ဆောင်နေသဖြင့် ပြည်တွင်းကုန်တင်ယာဉ် မောင်း အများအပြားမှာ အလုပ်လက်မဲ့ ဖြစ်သွားခဲ့ရသည်။ 

ဒေသခံ ကုန်ကားသမားများအကြားတွင် မိမိတို့၏ ကားများကို ဈေးပေါပေါဖြင့် ထုတ်ရောင်းခြင်း၊ လုပ်ငန်းများ ကို ရာသက်ပန် ရပ်နားခြင်းများ ဖြစ်ပေါ်နေသည်။

မူဆယ်လမ်းကြောင်းမှ ကုန်တင်ယာဉ်မောင်းတစ်ဦးက ကားတွေ ရပ်ထားရတာ ကြာတော့ ဝမ်းစာရေးအတွက် ကားတွေကို စျေးလျှော့ပြီး ထုတ်ရောင်းနေရတဲ့အထိ ဒုက္ခရောက်ကုန်ကြပြီဗျာ။ ဟု ပြောသည်။

အကျိုးဆက်အနေဖြင့် ကုန်သည်အများစုသည် များပြားလှသည့် အခွန်အခများနှင့် စစ်ဆေးမှုများ ရှိနေသည့် မူဆယ်လမ်းကြောင်းထက် MNDAA တစ်ဖွဲ့တည်းသာ ရှိပြီး ပိုမိုတည်ငြိမ်သည့် ချင်းရွှေဟော် နယ်စပ်ဂိတ် လမ်းကြောင်းကို အဓိကရွေးချယ်ခဲ့ကြရသည်။ 

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းသည် မန္တလေးမြို့မှ ၂၈၂ မိုင်၊ လားရှိုးမြို့မှ ၈၅ မိုင်ခန့် ကွာဝေးပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ လင်ချန်းခရိုင်၊ မိန်းတိန်မြို့နှင့် တိုက်ရိုက်ကုန်သွယ်နိုင်သဖြင့် လက်ရှိအခြေအနေတွင် စီးပွားရေး အရ ပိုမိုတွက်ခြေကိုက်သည့် လမ်းကြောင်းသစ်တစ်ခု ဖြစ်လာခဲ့သည်။

တရုတ်ကားကြီးများ လွတ်လပ်စွာ ဝင်ထွက်ခွင့်ရရှိသွားခြင်းသည် ပြည်တွင်းကားသမားများအတွက် မျက်ရည် ကျစရာ ဖြစ်သော်လည်း၊ တစ်ဖက်တွင်မူ ကုန်သည်ကြီးများအတွက် ချင်းရွှေဟော်လမ်းကြောင်းကို အားကိုးရ သည့် အဓိက အကြောင်းရင်းတစ်ခု ဖြစ်နေပြန်သည်။

ချင်းရွှေဟော်လမ်းကြောင်းကို အသုံးပြုနေသည့် ကုန်သည်တစ်ဦးကချင်းရွှေဟော်ဘက်က အခုလို တရုတ်ကားကြီးတွေနဲ့ တိုက်ရိုက်ကုန်တင်သွင်းလို့ ရလာတာက ကုန်သည်တွေအတွက်တော့ ပိုတွက်ခြေကိုက်သွားတယ်။ အရင်လို ဂိတ်တွေမှာ ကုန်ချ၊ ကုန်ပြန်တင် (ဆွဲဆင့်) လုပ်စရာမလိုတော့လို့ လမ်းခရီးလည်း ပိုမြန်သလို ကုန်ကျစရိတ်လည်း သက်သာသွားတယ်။ ဒါကြောင့်ပဲ လူအများစုက မူဆယ်ထက် ချင်းရွှေဟော်လမ်းကို ပိုရွေးလာကြတာပါ ဟု ပြောသည်။

ထို့ကြောင့် လက်ရှိအခြေအနေတွင် ချင်းရွှေဟော်လမ်းကြောင်းသည် မြန်မာ-တရုတ် ကုန်သွယ်ရေး၏ ဗဟို ချက်မအသစ်အဖြစ် အလားအလာ ကောင်းမွန်နေသော်လည်း၊ ပြည်တွင်း အခြေခံလူတန်းစား ယာဉ်မောင်း များ၏ စားဝတ်နေရေး ဝေဒနာကိုမူ အုပ်ချုပ်သူ တာဝန်ရှိသူများအနေဖြင့် မည်သို့ မျှခြေညှိပေးမည်နည်း ဆိုသည်မှာ ဆက်လက် စောင့်ကြည့်ရမည့် မေးခွန်းတစ်ခု ဖြစ်နေပါတော့သည်။

+++ ရှေ့သို့မျှော်ကြည့်ခြင်းနှင့် မသေချာသော လမ်းမကြီး၏ အနာဂတ် +++

ခြုံငုံသုံးသပ်ရလျှင် မူဆယ်-မန္တလေး ပြည်ထောင်စုလမ်းမကြီးသည် ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ရေးအရ အပြောင်းအလဲများစွာ ကြုံတွေ့ခဲ့ရပြီးနောက်၊ ယခုအခါ MNDAA တစ်ခုတည်းကသာ အကြွင်းမဲ့ စိုးမိုးထား သည့် လမ်းမကြီးတစ်ခု ဖြစ်လာခဲ့သည်။ 

တိုက်ပွဲများ ငြိမ်သက်သွားပြီး ဂိတ်စခန်းများ နည်းပါးသွားခြင်းကြောင့် သွားလာရေး အချိန်တိုတောင်း မြန်ဆန် လာခြင်းဟူသော ကောင်းကျိုးကို ခံစားရသော်လည်း၊ တစ်ဖက်တွင်မူ ‘ကိုးကန့်မူပြုခြင်း’ ဆိုင်ရာ လူမျိုးရေး တင်းမာမှုများနှင့် စစ်တပ်၏ တရုတ်ကုန်စည် ပိတ်ဆို့မှု ‘ရက် ၁၀၀ စီမံကိန်း’ ဒဏ်ချက်များကြောင့် လမ်းမကြီး၏ ကုန်သွယ်ရေး သွေးလွှတ်ကြောသည် အပြည့်အဝ ပြန်လည်အသက်မရှူနိုင်သေးပေ။

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို တရားဝင် ပြန်လည်ဖွင့်လှစ်နိုင်ရန် ကိုးကန့်တပ် (MNDAA) နှင့် ညှိနှိုင်းပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများ နေရာချထားရေး၊ လိုင်စင်ထုတ်ပေးရေးနှင့် ဝန်ထမ်းလုံခြုံရေး စီမံချက်များစွာ လိုအပ်နေဆဲ ဖြစ်သည်။ 

ဒေသတွင်း နိုင်ငံရေးနှင့် စစ်ရေးလေ့လာသူများ၏ သုံးသပ်ချက်အရ ဤလမ်းမကြီး အပြည့်အဝ ပြန်လည် ပွင့်လင်းလာရေးသည် ကိုးကန့်တပ် (MNDAA) နှင့် စစ်တပ်တို့အကြား နိုင်ငံရေး၊ စစ်ရေး ဆွေးနွေးမှုရလဒ်များ အပေါ်တွင်သာ လုံးဝတည်မှီနေသည်။ 

ဤသွေးလွှတ်ကြောကြီး တည်ငြိမ်အေးချမ်းပြီး တရားမျှတသော စံနှုန်းများဖြင့် ပြန်လည်ရှင်သန်လာမည့် နေ့သည်သာ ရှမ်းမြောက်ဒေသခံများနှင့် မြန်မာ့လူမှုစီးပွားဘဝတစ်ခုလုံး စိုးရိမ်သောကကင်းဝေးစွာ နိုးထလာနိုင် မည့်နေ့ပင် ဖြစ်ပါတော့သည်။