ရေဖြူတွင် ဂျိုင်ရိုကော်ပတာဖြင့် ဗုံးကြဲ၍ ကိုယ်ဝန်ဆောင်အပါအဝင် ၂ ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၄ ရက်။
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ရေဖြူမြို့နယ်အတွင်း စစ်တပ်က ဂျိုင်ရိုကော်ပတာ (Gyrocopter) များ အသုံးပြုကာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အပါအဝင် အရပ်သား ၂ ဦး သေဆုံးပြီး ကလေးငယ်တစ်ဦး ဒဏ်ရာရရှိခဲ့သည်။
ဇွန်လ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ကံပေါက်ဒေသရှိ မောရဝတီရေတပ်စခန်း ဌာနချုပ်ဘက်မှ ပျံသန်းလာ သည့် စစ်တပ်၏ ဂျိုင်ရိုကော်ပတာ ၂ စီးသည် ထားဝယ်အထူးစီးပွားရေးဇုန် နဘုလယ်ဒေသတစ်ဝိုက်၌ နံနက် ပိုင်းကတည်းက ပျံဝဲနေခဲ့ပြီးနောက် ဧကနိကျေးရွာ အနီးတစ်ဝိုက်သို့ ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဗုံးသီးများသည် ဧကနိကျေးရွာရှိ စိုက်ပျိုးခြံရုံးခန်းအနီး၊ ရငဲကျေးရွာအနီးနှင့် ရငဲဝဇွန်းတောကျေးရွာ ကြားတို့တွင် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
ထိုပေါက်ကွဲမှုထဲ ဗုံးစထိမှန်မှုကြောင့် ဧကနိကျေးရွာရှိ ရွှေ့ပြောင်းလုပ်သား အမျိုးသားတစ်ဦးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးတို့ နေရာ၌ပင် သေဆုံးခဲ့ကာ ကလေးငယ်တစ်ဦးလည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။
ဧကနိကျေးရွာမှ အသက် ၄၀ ခန့်အရွယ် အမျိုးသမီးတစ်ဦးက “တိုက်ပွဲ မဖြစ်ပဲနဲ့ အသားလွတ်ကြီး ဧကနိရွာကို ဗုံးကြဲတာ၊ အတော်ရက်ဆက်တယ်။ မထင်ထားတော့ လူထိခိုက်မှုတွေ ဖြစ်တာပေါ့။ အခု သေဆုံးသွားတဲ့ အထဲမှာ ဗိုက်ကြီးသည် တစ်ယောက် ပါတော့ ရွာထဲကလူတွေ အတော်လေး စိတ်မကောင်းဖြစ်ရသလို လေယာဉ်သံ ကြားရင်လည်း ထိတ်လန့်နေကြရတယ်” ဟု ပြောသည်။
ဒေသခံများ၏ ပြောပြချက်အရ ဧကနိကျေးရွာဝန်းကျင်ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ဂျိုင်ရိုကော်ပတာ နှစ်စီးသည် ဗုံးကြဲပြီးနောက်တွင်လည်း ထားဝယ်အထူးစီးပွားရေးဇုန် နဘုလယ်ဒေသတစ်ဝိုက်၌ ညနေပိုင်းအထိ ဆက်လက် ပျံဝဲ အခြေအနေစောင့်ကြည့်နေခဲ့သည်။
စစ်တပ်သည် ထားဝယ်ခရိုင်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားကျေးရွာများကို လေကြောင်းဖြင့် ဆက်တိုက်ဆိုသလို ပစ်မှတ်ထားတိုက်ခိုက်လေ့ရှိပြီး၊ ပြီးခဲ့သည့် မေလ ၂၄ ရက်နေ့ကလည်း ကလိန်အောင်မြို့ အနီးရှိ ကျောက်ရှပ်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သေး ကြောင်း ဒေသခံများက ပြောသည်။