အီရန် ခေါင်းဆောင်ကြီး အယာတိုလာ ခါမေနီအတွက် ရက်ရှည်ဈာပနအခမ်းအနားများ ပြင်ဆင် 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်။ 

ဖေဖော်ဝါရီလ ကုန်ပိုင်းက အမေရိကန်နှင့် အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့ရသည့် အသက် ၈၆ နှစ်အရွယ် အီရန်နိုင်ငံ၏ အမြင့်ဆုံးခေါင်းဆောင်ကြီး အယာတိုလာ အလီ ခါမေနီ (Ayatollah Ali Khamenei) ၏ ရက်သတ္တပတ်ကြာ ဈာပနစီတန်းလှည့်လည်ပွဲများအတွက် အီရန်နိုင်ငံတစ်ဝှမ်းတွင် သောကြာနေ့ (ဇူလိုင် ၃ ရက်၊ ၂၀၂၆) တွင် ပြင်ဆင်မှုများ ပြုလုပ်နေကြသည်။

အစ္စလာမ်မစ်သမ္မတနိုင်ငံတော်၏ ဘာသာရေးအစိုးရသည် စနေနေ့မှစတင်ကာ မြို့တော်တီဟီရန်၏ လမ်းမများပေါ်သို့ လူဦးရေသန်းပေါင်းများစွာ စုရုံးရောက်ရှိလာစေရန် စီစဉ်ထားသည်။ 

ယင်းမှာ ၁၉၈၉ ခုနှစ်က ယခင်ခေါင်းဆောင်ဟောင်း အယာတိုလာ ရူဟိုလာ ခိုမေနီ (Ayatollah Ruhollah Khomeini) ၏ ဈာပနပြီးနောက် အကြီးမားဆုံးသော လူထုစုရုံးမှု ဖြစ်လာနိုင်ဖွယ်ရှိသည်။ 

တီဟီရန်မြို့တစ်ဝှမ်းရှိ အလံများနှင့် စာတန်းများတွင်လည်း အင်္ဂလိပ်၊ အာရဗီနှင့် ဖာစီဘာသာ စကားများဖြင့် “ကျွန်ုပ်တို့ ထကြွရမည်” ဟု ရေးသားလှုံ့ဆော်ထားသည်။

အီရန်အလံတော် လွှမ်းခြုံထားသည့် ခါမေနီ၏ ရုပ်အလောင်းအပြင် တိုက်ခိုက်မှုအတွင်း ၎င်းနှင့်အတူ သေဆုံးခဲ့ရသည့် မိသားစုဝင်များ၏ ခေါင်းတလားများကို တီဟီရန်မြို့ရှိ အီမာမ်ခိုမေနီ ဂရန်းမိုဆာလာ (Imam Khomeini Grand Mosalla) ဝတ်ပြုကျောင်းတော်ကြီးတွင် အများပြည်သူ အပူဇော်ခံနိုင်ရန် ပြသထားသည်။

ကျဆုံးသူများထဲတွင် ခါမေနီ၏ သမီးကြီး၊ သမက်၊ ၁၄ လအရွယ် မြေးမလေးနှင့် ခေါင်းဆောင်သစ်အဖြစ် တာဝန်ယူမည့် သားဖြစ်သူ အာယတိုလာ မိုဂျတာဘာ ခါမေနီ (Ayatollah Mojtaba Khamenei) ၏ ဇနီးတို့ ပါဝင်သည်။ 

လက်ရှိ အဓိက ခေါင်းဆောင်အဖြစ် ရွေးချယ်သတ်မှတ်ထားသော မိုဂျတာဘာ ခါမေနီသည် အဆိုပါတိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိခဲ့ပြီးနောက်ပိုင်း လူမြင်ကွင်းသို့ ထွက်လာခြင်း မရှိသေးပေ။ 

ခေါင်းတလားများအပေါ်တွင် ကရ်ဘလာ (Karbala) ရှိ အီမာမ်ဟူစိန် ရွှေအမိုးခုံးဂူဗိမာန်မှ ယူဆောင်လာသည့် ကလဲ့စားချေခြင်းနှင့် မတရားသတ်ဖြတ်ခံရခြင်းကို ကိုယ်စားပြုသော စာတန်းပါ အနီရောင်အလံကို လွှမ်းခြုံထားပြီး၊ ခါမေနီ၏ ခေါင်းတလားပေါ်တွင်မူ တော်လှန်ရေးအိုင်ဒီယာနှင့် ပါလက်စတိုင်းနှင့်အတူ ရပ်တည်မှုကို ပြသသည့် အနက်ရောင် ခေါင်းပေါင်းနှင့် ပဝါကို တင်ထားသည်။

ဈာပန အခမ်းအနားသို့ လက်ဘနွန်၊ ယီမင်၊ အီရတ်တို့မှ နိုင်ငံတော် ကိုယ်စားလှယ်များအပြင် အီရတ်သမ္မတ၊ အာမေးနီးယားဝန်ကြီးချုပ်နှင့် ပါကစ္စတန် ပြည်ထဲရေးဝန်ကြီးတို့ တီဟီရန်သို့ ရောက်ရှိနေကြသည်။  

ရုရှားနှင့် တရုတ်ကိုယ်စားလှယ်များလည်း တက်ရောက်ရန် မျှော်လင့်ရသည်။ 

ထို့ပြင် လပေါင်းများစွာ လူမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့သည့် အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ ဗိုလ်ချုပ်ကြီး အာမက် ဗာဟီဒီ (Gen. Ahmad Vahidi) လည်း ကြာသပတေးနေ့ညက ပြုလုပ်သည့် ဝတ်ပြုပွဲတွင် ပြန်လည်ထွက်ပေါ်လာခဲ့သည်။

နိုင်ငံတကာသို့ သတိပေးချက်နှင့် ရက်ရှည်ဈာပနခရီးစဉ် အစ္စလာမ်ဘာသာထုံးတမ်းအရ သေဆုံးပြီးတစ်ရက်အတွင်း သင်္ဂြိုဟ်ရမည်ဖြစ်သော်လည်း စစ်ပွဲအခြေအနေကြောင့် အပစ်အခတ်ရပ်စဲရေးရရှိသည့် ယခုအချိန်အထိ ရက်ရွှေ့ဆိုင်းခဲ့ရခြင်း ဖြစ်သည်။ 

အီရန်စစ်ဘက်ကလည်း ဈာပနကာလအတွင်း မည်သည့်အမှားအယွင်းမျိုးမှ မလုပ်ရန်နှင့် ကျူးကျော်လာပါက ပြင်းထန်စွာ တုံ့ပြန်မည်ဟု အမေရိကန်နှင့် အစ္စရေးကို သတိပေးထားသည်။

ဈာပနခရီးစဉ် ဇယားမှာ အောက်ပါအတိုင်း ဖြစ်သည်။

တနင်္လာနေ့တွင် တီဟီရန်မြို့လယ်တွင် အကြီးအကျယ် စီတန်းလှည့်လည်ပွဲ ပြုလုပ်မည်။

အင်္ဂါနေ့တွင် အီရန်နိုင်ငံ၏ ရှီရိုက်ဗဟိုချက်ဖြစ်သော ကွမ် (Qom) မြို့သို့ ရုပ်အလောင်းကို သယ်ဆောင်မည်။

ဗုဒ္ဓဟူးနေ့တွင် အိမ်နီးချင်း အီရတ်နိုင်ငံရှိ ရှီအိုက်ဘာသာရေးမြို့များဖြစ်သော နာဂျက်ဖ် (Najaf) နှင့် ကရ်ဘလာ (Kerbala) မြို့များသို့ သယ်ဆောင်ကာ ဒေသတွင်းမဟာမိတ်များနှင့်အတူ အခမ်းအနားကျင်းပမည်။

ကြာသပတေးနေ့:တွင်အီရန်နိုင်ငံ၏ အမွန်မြတ်ဆုံး ဘုရားဖူးနယ်မြေဖြစ်သည့် မာရှဟတ် (Mashhad) မြို့ရှိ အီမာမ်ရီဇာ (Imam Reza) ၏ ဂူဗိမာန်အနီးတွင် နောက်ဆုံးရုပ်အလောင်းကို မြှုပ်နှံသင်္ဂြိုဟ်မည်ဖြစ်သည်။