ကျူးဘားနိုင်ငံ လျှပ်စစ်ဓါတ်အားပေး စနစ် ပြိုလဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၄ ရက်။ 

ကျူးဘားနိုင်ငံတွင် အပူချိန် လွန်ကဲပြီး လျှပ်စစ်မီး မကြာခဏ ပြတ်တောက်လျက်ရှိသည်။ ပြည်သူများသည် အပူဒဏ်ကို မခံနိုင်သဖြင့် အိမ်ပြင်နှင့် ဟားဗားနား (Havana) တက္ကသိုလ် လှေကားထစ်များပေါ်တွင် ထွက်အိပ်နေကြရသည်။

ထိုသို့ ကြုံတွေ့နေရစဉ်မှာပင် အမျိုးသား လျှပ်စစ်ဓာတ်အားစနစ် (SEN) တစ်ခုလုံး ဒုတိယအကြိမ် ထပ်မံ ပြိုလဲ (System Break Down ဖြစ်) သွားခဲ့သည်။ 

တနင်္ဂနွေနေ့ညက လူဦးရေ ၁၀ သန်းနီးပါးရှိသော ကျူးဘား တစ်နိုင်ငံလုံး မီးလုံးဝ ပြတ်တောက်သွားခဲ့ခြင်း ဖြစ်သည်။

အာဏာပိုင်များက ပြန်လည် ပြင်ဆင်ရန် ကြိုးပမ်းနေစဉ်မှာပင် တနင်္လာနေ့ မွန်းလွဲပိုင်း၌ တစ်နိုင်ငံလုံး မီးပြန်ပျက်သွားခဲ့သည်။ 

ရာသီဥတု ဆိုးရွားမှုနှင့် စနစ် မတည်ငြိမ်မှုများကြောင့် ပြန်လည် လည်ပတ်နေပြီဖြစ်သည့် စက်ရုံများပါ ထပ်မံ ထိခိုက်သွားရသည်ဟု အစိုးရ လျှပ်စစ်လုပ်ငန်း (UNE) က ထုတ်ပြန်ထားသည်။

ကျူးဘား၏ လျှပ်စစ်စနစ်သည် အလွန် ယိမ်းယိုင်နေပြီး အခြေခံ အဆောက်အအုံများ ဟောင်းနွမ်းနေသကဲ့သို့ စက်သုံးဆီ ပြတ်လပ်မှုနှင့် ပြုပြင်ထိန်းသိမ်းရေး အခက်အခဲများပါ ကြုံတွေ့နေရသည်။ 

ပြီးခဲ့သည့် ဇူလိုင်လအတွင်း၌ပင် တစ်နိုင်ငံလုံး မီးပြတ်တောက်မှု ၃ ကြိမ်အထိ ဖြစ်ပွားခဲ့သည်။

အဆိုပါ လျှပ်စစ် အကျပ်အတည်းနှင့် ပတ်သက်၍ အမေရိကန်၏ စီးပွားရေး ပိတ်ဆို့မှုများကြောင့် စက်သုံးဆီနှင့် အပိုပစ္စည်း ဝယ်မရဟု ကျူးဘားအစိုးရက စွပ်စွဲထားသည်။ 

အမေရိကန်ဘက်ကမူ ယင်းသည် ကျူးဘားအစိုးရ၏ စီးပွားရေး စီမံခန့်ခွဲမှု ပျက်ကွက်မှုကြောင့်သာ ဖြစ်သည်ဟု တုံ့ပြန်ထားသည်။

Photo:Reuters