ရုရှားနှင့် ယူကရိန်းတို့အကြား ဒရုန်းထုတ်လုပ်ရေးဆိုင်ရာ ပစ်မှတ်များကို အပြန်အလှန် တိုက်ခိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်။

ရုရှားနှင့် ယူကရိန်း စစ်ပွဲအတွင်း နည်းပညာနှင့် ဒရုန်းထုတ်လုပ်ရေး ကဏ္ဍများကို ပစ်မှတ်ထားသည့် နှစ်ဖက်တိုက်ခိုက်မှုများ သိသိသာသာ ပြင်းထန်လာနေသည်။

ဩဂုတ်လ ၄ ရက် အင်္ဂါနေ့က ရုရှားနိုင်ငံအတွင်း မြို့တစ်မြို့၌ ကားဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ “ဗင်မ်ပိုင်ယာ” (Vampire) ဒရုန်းများ ထုတ်လုပ်ပေးနေသည့် စက်ရုံမှူး ဗလာဒီမီယာ ထကာချက် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ၎င်း၏ ယာဉ်မောင်းဖြစ်သူ သေဆုံးသွားခဲ့သည်။

ယင်းသည် ပြီးခဲ့သည့်သီတင်းပတ်အတွင်း ရုရှား ဒရုန်းထုတ်လုပ်သူများ ပစ်မှတ်ထားခံရသည့် ဒုတိယမြောက် ဖြစ်စဉ်ဖြစ်သည်။

ပထမဖြစ်စဉ်မှာ ဇူလိုင်လကုန်ပိုင်းက ဖြစ်ပွားခဲ့ပြီး “ဂက်ဒ်ဖလိုင်း” (Gadfly) ဒရုန်းအမျိုးအစားကို တီထွင်ထုတ်လုပ်သူ သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

တစ်ချိန်တည်းမှာပင် ရုရှားတပ်ဖွဲ့များဘက်ကလည်း ယူကရိန်းမြို့တော် ကီးယက်ဖ် (Kyiv) တွင် တည်ရှိသော အမေရိကန်ကုမ္ပဏီပိုင် ဒရုန်းထုတ်လုပ်ရေးစက်ရုံကို ဒုံးကျည်ဖြင့် ပထမဆုံးအကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

အဆိုပါစက်ရုံသည် ရုရှား၏ လျှပ်စစ်သံလိုက် လှိုင်းနှောင့်ယှက်မှု (Jamming) များကို ခံနိုင်ရည်ရှိသော အဝေးပစ်ဒရုန်းများကို တစ်လလျှင် အစီးရေ ၁,၀၀၀ အထိ ထုတ်လုပ်ပေးနေသည့် စက်ရုံဖြစ်သည်။

စစ်ပွဲကြာရှည်လာသည်နှင့်အမျှ နှစ်ဖက်စလုံးက စစ်မြေပြင်တွင် အရေးပါသည့် ဒရုန်းထုတ်လုပ်မှုနှင့် ကွပ်ကဲမှုကွန်ရက်များကို အဓိကထား ပစ်မှတ်ထားလာကြသည်။

Photo:Retuers