KNU တပ်မဟာ ၄ တွင် တိုက်ပွဲဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်။

တနင်္သာရီတိုင်း ကရင့်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၄ ထိန်းချုပ်ရာနယ်မြေအတွင်း မဟာမိတ်တပ်ပေါင်းစုနှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက်ပိုင်းတွင် ပုလောမြို့နယ် ဆားခံကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ကရင်အမျိုးသားအစည်းအရုံး KNU ဦးဆောင်ကာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နှင့် Palaw Regional Defence Force (PRDF) မဟာမိတ်တပ်ပေါင်းစု တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်ဟု PRDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“မနက်စောစောကတည်းက တိုက်ပွဲ ဖြစ်နေတာ။ ဂျင့်ဂါကျေးရွာဘက်ကလည်း စစ်တပ်တွေ အင်အားဖြည့် တက်လာ နေတယ်” ဟု PRDF ပြန်ကြားရေး တာဝန်ခံက ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၄၊ တပ်ရင်း ၇၊ တပ်ခွဲ ၁၊ နယ်မြေအတွင်း ဆားခဲကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို KNU နှင့် မဟာမိတ်တပ်ပေါင်းစုက အလစ်ဝင်တိုက်ခိုက်ခဲ့ရာ ၁၅မိနစ်ကြာ နှစ် ဘက်အပြန်အလှန်ပစ်ခတ်ခဲ့ပြီးနောက် ခေတ္တမျှငြိမ်သက်သွားသည်ဟု တိုက်ပွဲအတွင်းပါဝင်သူ PDF တပ်ဖွဲ့ဝင် တပ်စိတ်မှူး တစ်ဦး က ပြောသည်။

“သူတို့က ဂျင့်ဂါရွာမှာ တပ်စွဲထားတာရှိတယ်။ နယ်မြေထဲက ဆားခဲရွာမှာ တပ်စွဲထားတာလည်းရှိတယ်” ဟု ၎င်းကပြောသည်။

KNU တပ်မဟာ ၄နယ်မြေနှင့် နယ်နမိတ်ချင်းထိစပ်နေသည့် ဂျင့်ဂါကျေးရွာနှင့် ပိန္နဲတောင်ကျေးရွာများဘက်မှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ တပ်ခွဲနှစ်ဖွဲ့ခွဲထုတ်ကာ အင်အားတစ်ရာကျော်ခန့်ဖြင့် ပြန်လည် ထိုးစစ်ဆင် လျှက်ရှိ နေပြီး တိုက်ပွဲအတွင်း 79 လောင်ချာများကိုလည်း အသုံးပြီး ပစ်ခတ်မှုများရှိခဲ့သည်ဟု သိရသည်။

KNU ဦးဆောင်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နှင့် Palaw Regional Defence Force(PRDF) မဟာ မိတ်တပ်ပေါင်းစု တပ်ဖွဲ့များအနေဖြင့် ထိခိုက်ကျဆုံးမှု တစုံတရာမရှိကြောင်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဘက်က အခြေအနေကိုလည်း တိတိကျကျ မပြောနိုင်သေးကြောင်း KNU တပ်ဖွဲ့က ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦးက ပြော သည်။