ရေခဲစက်ပိုင်ရှင်တစ်ဦး လက်ဖက်ရည်ဆိုင်ရှေ့တွင် ကားပေါ်က အဆင်း ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်။
ထားဝယ်မြို့က လက်ဖက်ရည်ဆိုင်တစ်ဆိုင်ရှေ့တွင် ရေခဲစက်ပိုင်ရှင် အမျိုးသားတစ်ဦး ကားပေါ်မှ အဆင်းတွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားသည်။
ဒေသခံ လောင်းလုံး ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ LPDF က အဆိုပါ ပစ်ခတ်မှုမှာ သူတို့လက်ချက်မဟုတ်ကြောင်း ငြင်းဆိုထားပြီး အမှုမှန်ပေါ်ပေါက်ရေး စုံစမ်းဆောင်ရွက်သွားမည်ဟု သတင်းထုတ်ပြန်သည်။
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တွင်းရပ်ကွက် ဗိုလ်ချုပ်လမ်းပေါ်ရှိ ရိုးမဘဏ်အနီးက သဟာယ လက်ဖက်ရည်ဆိုင် အရှေ့တွင် ဖေဖော်ဝါရီလ ၈ ရက်နေ့ မွန်းလွဲ ၁၂နာရီခန့်က အမျိုးသားတစ်ဦး ကားပေါ်မှအဆင်းတွင် သေနတ်ဖြင့် အပစ်ခံရ ပြီး သေဆုံးသွားခြင်း ဖြစ်သည်ဟု မြို့ခံများက ပြောသည်။
“ကားကအဖြူရောင် Suv အမျိုးအစားပါ။ ကားပေါ်က ဆင်းလာချိန်မှာ အနီးကပ်အပစ်ခံရတာ။ သေနတ်သံ တချက်ပဲ ကြားတယ်။ နောက်တော့ သွေးအိုင်ထဲလဲနေတာတွေ့ရတယ်” ဟု မျက်မြင်တွေ့ရှိခဲ့သူ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး က ပြောသည်။
သေနတ်ဖြင့် အပစ်ခံရသူ အမျိုးသားမှာ ကိုအောင်ကြီးဆိုသူဖြစ်ပြီး လောင်းလုံးမြို့နယ်၊ အောက်ရေဖြူကျေး ရွာအုပ်စု၊ ဝံတွင်းကျေးရွာတွင် နေထိုင်သူတစ်ဦးဖြစ်ပြီး ရေခဲစက်ပိုင်ရှင်တစ်ဦးလည်း ဖြစ်သည်။
ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ခနအကြာတွင် အခင်းဖြစ်ပွားခဲ့သည့် နေရာသို့ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး သေ နတ်ဖြင့် အပစ်ခံရသူကို လူနာတင်ယာဉ်ဖြင့် သယ်ဆောင်သွားခဲ့သည်ဟု မျက်မြင်တွေ့သူ အချို့က အတည်ပြု ပြောသည်။
ညနေပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များက ဗိုလ်ချုပ်လမ်း၊ ရိုးမဘဏ်အနီးအနားရှိနေ အိမ်များက CCTV မှတ်တမ်းများကို လိုက်လံစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု စုံစမ်းသိရသည်။