ရဲစခန်းပစ်ခတ်မှုဖြင့် ဖမ်းဆီးသွားသူကို နိုင်ငံတော် အကြည်ညို ပျက်စေမှုဖြင့် ထောင်ချ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၃ ရက်။
ဝါးခယ်မရဲစခန်း ပစ်ခတ်ခံရမှုနှင့် ပတ်သက်သည်ဟုဆိုကာ မသင်္ကာသဖြင့် ဖမ်းဆီးခံထားရ သည့် အမျိုးသား ၁ ဦးကို စစ်ကောင်စီ၏ တရားရုံးက မတ်လကုန်ပိုင်းတွင် တခြား ပုဒ်မတစ်ခုနှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်သည်။
ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့၊ စာရေးကုန်းရပ်ကွက်တွင် နေထိုင်သူ ကိုဒီဇင်ဘာ ကို ဝါးခယ်မမြို့မ ရဲစခန်း ပစ်ခတ်ခံရမှု နှင့် ပတ် သက်၍ ဖမ်းဆီး စစ်ဆေး ချုပ်နှောင်ထားပြီး နှစ်လကျော် အကြာတွင် ပုဒ်မ ၅၀၅-က ဖြင့် ထောင်၂ နှစ် ချမှတ် လိုက်ခြင်း ဖြစ်သည်ဟု ဝါးခယ်မမြို့ ရှေ့နေ အသိုင်းအဝိုင်းက ပြောသည်။
ကိုဒီဇင်ဘာ ၏ မိသားစု နှင့် နီးစပ်သူ တစ်ဦးက “ဖမ်းတုန်းက ပစ်ခတ်မှု အကြမ်းဖက်မှု မသင်္ကာဘူးဆိုပြီး ဖမ်း စစ်ကြတာ။ အမိန့်ချတော့ နိုင်ငံတော် အကြည်ညို ပျက်စေမှုနဲ့ပါ” ဟု ပြောသည်။
ကိုဒီဇင်ဘာကို မတ်လ ၃၁ ရက်နေ့က ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၇ ရက်နေ့ ညပိုင်းက ဝါးခယ်မ မြို့မရဲစခန်း ပစ်ခတ်ခံရပြီး နောက်ပိုင်း ကိုဒီဇင်ဘာ ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သူက ဆက်ပြောသည်။
ဖမ်းဆီးစစ်ဆေးရာတွင် ရဲစခန်းပစ်ခတ်မှုနှင့် မသက်ဆိုင်သော်လည်း ကိုဒီဇင်ဘာ၏ ဖုန်းထဲတွင် စစ်တပ် အာဏာ သိမ်းမှုကို ဆန့်ကျင်သည့် Post များအား တဆင့်မျှဝေထားသည်ကို စစ်ဆေးတွေ့ရှိရသည်ဟု စစ်ကောင်စီ၏ တရားရုံး အသိုင်းအဝိုင်းထံမှ သိရသည်။
ကိုဒီဇင်ဘာ၏ မိသားစုဝင် တစ်ဦးက “ဖမ်းပြီးတော့ နှိပ်စက်တာ အများကြီးခံခဲ့ရတယ်။ ဆေးရုံတင်ရတဲ့ အထိပါ ပဲ” ဟုပြောသည်။
ကိုဒီဇင်ဘာ ဖမ်းဆီးခံရစဉ် စစ်ကောင်စီလက်အောက်ခံ စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ၏ ရိုက်နှက်နှိပ်စက်မှု များကိုလည်း ခံခဲ့ရပြီး ဆေးရုံပါတင်ခဲ့ရသည်ဟု သိရသည်။
ဝါးခယ်မ မြို့မရဲစခန်းကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သူအား ဖမ်းမမိသဖြင့် စွပ်စွဲဖမ်းဆီးထားသူကို စစ်ကောင်စီ၏ အမိန့်အရ မဖြစ်မနေ ထောင်ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု ရှေ့နေအချို့က သုံးသပ်ပြောဆိုသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့၊ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း ဝါးခယ်မမြို့နယ်ထဲက ဖမ်းဆီး ထောင်ချခံခဲ့ရသည့် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ၄၀ ကျော်ဝန်းကျင် ရှိသည်ဟု လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူများ ကွန်ရက် အဖွဲ့၏ စာရင်းများအရ သိရသည်။