ဖမ်းဆီးခံရသူ နှစ်ဦး၏ အလောင်းကို မီးရှို့ခံထားရသော အိမ်များတွင် တွေ့ရှိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၂ ရက်။
မတ္တရာမြို့နယ်၊ ကင်းကျေးရွာ တွင် ဧပြီလ ၁၁ ရက်နေ့၊ နံနက်ပိုင်းအချိန်က မီးရှို့ ခံထားရသည့် နေအိမ်များကို ကြည့်ရှုစစ်ဆေးရာ ဖမ်းဆီးခံထားရသူ နှစ်ဦး၏ အလောင်းများတွေ့ရှိခဲ့သည်ဟု ရွာသားများက ပြောသည်။
မီးရှို့ခံရသူများမှာ တောင်ကန်အုပ်စု ကင်းကျေးရွာမှ ဦးကျော်စိုး အသက် (၅၀) ခန့် နှင့် ကိုရာဇာမင်း အသက် (၂၉) နှစ်တို့ ဖြစ်ကြ သည်ဟု ရွာသားများက ပြောသည်။
“သူတို့နှစ်ယောက် ဖမ်းသွားတာတော့ သိတယ်။ ဘယ်ခေါ်သွားမှန်း မသိဘူး။ ဒီနေ့ မီးရှို့ ခံရတဲ့အိမ်တွေ လိုက် ကြည့်ရင်း အလောင်းနှစ်လောင်းတွေ့တာ” ဟု ရွာခံ အမျိုးသားတစ်ဦးက ပြောသည်။
မီးရှို့ခံရပြီး သေဆုံးသွားသူ နှစ်ဦးကို ၇ ရက်နေ့က မတ္တရာအရှေ့ပိုင်းတွင် နယ်မြေရှင်းလင်းရေးအတွက် ရောက်ရှိ လာသည့် စစ်ကောင်စီတပ်သားများ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသူများ ဖြစ်သည်ဟုလည်း ရွာသားများ ပြော သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထိုသို့ ဖမ်းဆီးသွားပြီးနောက် ဧပြီလ ၈ ရက်နေ့၊ ည ၁၀ နာရီအချိန်ခန့်က စစ်သား များသည် အပြန်တွင် ကင်းရွာမှ ကိုနိုင်မျိုးဝင်း၊ ဦးဘဲဥ၊ ဒေါ်မွှေး၊ ဦးချစ်ဟန် နှင့် ဦးအောင်မောင်းတို့၏ နေအိမ် ၅ လုံးကို မီးရှို့ခဲ့သည်ဟု သိရသည်။
ထိုသို့မီးရှို့ခံရသည့် နေအိမ်များကို ဧပြီလ ၁၁ ရက်နေ့က ရွာသားအချို့က ကြည့်ရှုစစ်ဆေးရာတွင် သေဆုံးနေသူ ရွာသားနှစ်ဦး၏ အလောင်းတို့ကို တွေ့ခဲ့ခြင်း ဖြစ်သည်။
ကင်းရွာတောင်ကျောင်း ပျူစောထီးဘုန်းကြီး အသက်ခံရပြီးနောက် စစ်ကောင်စီတပ်သားများက ဦးဇင်းတစ်ပါး အားလည်း ဖမ်းဆီးသွားခဲ့ရာ စစ်ကြောရေးတွင် သေဆုံးသွားသည်ဟု ဒေသခံတစ်ဦးကပြောသည်။
ကင်းကျေးရွာက ရွာသူ/သားများသည် လက်ရှိအချိန်ထိ ရွာလုံးကျွတ် ထွက်ပြေးနေရပြီး သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ အလုံး နေထိုင်စားသောက်ရေး အခက်အခဲဒုက္ခများနှင့် ရင်ဆိုင်နေကြရသည်ဟု အကူအညီ ပေးနေသူ အချို့က ပြောသည်။
ဓါတ်ပုံ – CJ