မြန်အောင်တွင် Mytel တာဝါတိုင် ဖောက်ခွဲခံရပြီး ရွာသား ၆ ဦး ဖမ်းခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၆ ရက်။
ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်ထဲက Mytel ဖုန်းတာဝါတိုင် ဗုံးခွဲဖောက်ခွဲခံရပြီးနောက် ရွာသား ၆ ဦးကို စစ် ကောင်စီက ဖမ်းဆီးသွားသည်ဟု သိရသည်။
မြန်အောင်မြို့နယ်၊ ငှက်ကြီးကွင်းအုပ်စု၊ မြေပြာသရက်ကုန်း ကျေးရွာရှိ Mytel ဖုန်းတာဝါတိုင် ဧပြီလ ၂၂ ရက်နေ့ က ဗုံးဖောက်ခွဲခံရပြီးနောက် ဒေသခံ ၆ ဦး ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်ဟု မြို့ခံများက ပြောသည်။
“စစ်ကောင်စီ ထောက်တိုင်မှန်သမျှကို ဆက်လက် တိုက်ခိုက်သွားမယ်။ စစ်ကောင်စီ သတင်းပေး ဒလန်တွေကို လည်း ရှင်းပစ်မယ် သတိထားနေ” ဟု ဒေါင်းတမာန် PDF တပ်ဖွဲ့မှ ဗိုလ်ရွှေဒေါင်းက ပြောသည်။
မြေပြာသရက်ကုန်းကျေးရွာရှိ Mytel ဖုန်းတာဝါတိုင်ကို ဧရာဝတီ ဒေါင်းတမာန် PDF တပ်ဖွဲ့က ဖောက်ခွဲဖျက်ဆီး လိုက်ပြီး အောင်မြင်စွာဆုတ်ခွာ နိုင်ခဲ့သည်ဟု ယင်းအဖွဲ့က သတင်းထုတ်ပြန်သည်။
ဧပြီလ ၇ ရက်နေ့တွင်လည်း မြန်အောင်မြို့နယ် ဖားအောက်တော အနီးရှိ Mytel ဖုန်းတာဝါတိုင် ဗုံးဖောက်ခွဲခံရပြီး နောက် နှစ်ပါတ်အတွင်း မြေပြာသရက်ကုန်းကျေးရွာက တာဝါတိုင် ထပ်မံ ဖောက်ခွဲခံရခြင်း ဖြစ်သည်။
ဖားအောက်တော တာဝါတိုင်ကို အဝေးထိန်း စနစ်ဖြင့် ဖောက်ခွဲခဲ့သည့် နဂါးနီတော်လှန် ရေးတပ်ဖွဲ့ Red Dragon Revolution Force ( Myanaung ) PRDF အဖွဲ့ကလည်း စစ်ကောင်စီ ထောက်တိုင်များ ရှင်းလင်း သုတ်သင် မည်ဟု ကြေညာချက် ထုတ်ထားသည်။
စစ်ရေးအရှိန် တိုးမြှင့် လုပ်ဆောင်သွားမည် ဖြစ်၍ ပြည်သူများအနေဖြင့် စစ်တပ်နှင့် ရဲများရှိသည့် နေရာများအား သွားလာခြင်း မပြုကြရန်နှင့် အထူးရှောင်ရှားကြရန် နှစ်ဖွဲ့စလုံးက မေတ္တာရပ်ခံထားသည်ဟုလည်း သိရသည်။
မြန်အောင်မြို့ခံ တစ်ဦးက “စစ်ကောင်စီက PDF တွေ ဖေါက်ခွဲတာကို မဖမ်းနိုင်ဘဲ တွေ့ရာ လူတွေကို လျှောက် ဖမ်းနေတော့ ကျီးလန့်စာစား ဖြစ်ကုန်တယ်” ဟု ပြောသည်။
မြန်အောင်မြို့နယ် အတွင်း စစ်ကောင်စီ၏ ဌာနဆိုင်ရာရုံးများ၊ အဆောက်အအုံများ၊ Mytel ဖုန်းတာဝါတိုင်များ နှင့် မီတာရုံးတို့တွင် မကြာခန ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများ၏ ပြောပြချက်များအရ သိရ သည်။
မြန်အောင်မြို့နယ်ထဲတွင် ဖြစ်ပွားခဲသည့် ပေါက်ကွဲမှုများနှင့် စစ်ကောင်စီ သတင်းပေး ဒလန် အသတ်ခံရမှုများ ကြောင့် အကြောင်းမဲ့ ဖမ်ဆီးခံရ အရပ်သားပြည်သူ ၄၅ ဦးဝန်းကျင် ရှိနေပြီး ပြန်လွတ်လာသူ နည်းပါးသည် ဟု ဒေသခံများက ပြောသည်။