အရပ်ဘက်ပစ်မှတ် ရမ်းသန်း ပစ်ခတ်မှုကြောင့် လင်မယား ၂ ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၁၃ ရက်။

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝီယော်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် လင် မယား ၂ ဦး သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

ဝီယော်ကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ခမရ (၉) တပ်ရင်းက မေလ ၁၁ ရက်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းကြောင့် ရော်ဘာခြံအတွင်း ကျည်ကျရောက်ပေါက်ကွဲခဲ့ပြီး အဆိုပါ လင်မယားနှစ်ဦး ထိမှန် သေဆုံးသွားခြင်း ဖြစ်သည်။

“အမျိုးသမီးကတော့ ထိတဲ့နေရာမှာပဲ ဆုံးသွားတယ်။ အမျိုးသားကတော့ ဆေးရုံရောက်ပြီးမှ ဆုံးသွားတယ်။ သိမ် ဆိပ်မှာပဲ သင်္ဂြိုဟ်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီက ပစ်ခတ်လိုက်သည့် လက်နက်ကြီး ပေါက်ကွဲမှုကြောင့် ရော်ဘာခြံတွင် ရော်ဘာခြစ်နေသည့် အသက် ၅၆ နှစ် အရွယ် ဦးချစ်ပိုနှင့် အသက် ၄၉ နှစ် အရွယ် ဒေါ်သဇင်လှိုင်တို့ လင်းမယားနှစ်ဦးနှင့် အလုပ်သမား တစ်ဦးအား ထိမှန်ခဲ့သည်။

ကျည်ထိမှန်ဒဏ်ရာဖြင့် ဒေါ်သဇင်လှိုင်သည် အခင်းဖြစ်ပွားရာ နေရာတွင်ပင် သေဆုံးသွားပြီး ဦးချစ်ပိုက သထုံမြို့ နယ် ပြည်သူ့ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

သေဆုံးသွားသည့် ဦးချစ်ပိုနှင့် ဒေါ်သဇင်လှိုင်တို့သည် သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ သိမ်ဆိပ်ရပ်ကွက်နေသူ များ ဖြစ်သည်။

စစ်ကောင်စီ ပစ်ခတ်မှုကြောင့် ကျည်ထိမှန် သေဆုံးသွားသည့် လင်မယား ၂ ဦးကို မေလ ၁၂ ရက်နေ့၊ မွန်းလွဲ ၁ နာရီအချိန်က သိမ်ဆိပ်သုသာန်တွင် သင်္ဂြိုဟ်ခဲ့သည်ဟုလည်း ဒေသခံများက ပြောသည်။

သေဆုံးသွားသည့် ဦးချစ်ပိုနှင့် ဒေါ်သဇင်လှိုင်တို့တွင် သားသမီး ၃ ဦး ကျန်ရစ်ခဲ့သည်ဟု သိရသည်။

၂၀၂၂ ခုနှစ်၊ မတ်လတုန်းကလည်း သထုံမြို့နယ်၊ ကျောက်တောင်ကျေးရွာ ဘုရားပွဲအနီးတွင် စစ်ကောင်စီ ခမရ ၉ တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ဒေသခံ ၃ ဦး သေဆုံးသွားခဲ့သည့် ဖြစ်စဥ်လည်း ရှိခဲ့သည်။