စစ်ကောင်စီစစ်ကြောင်းအား ဒေသခံ ပျောက်ကြား ၃ ဖွဲ့ပေါင်းတိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၁၇ ရက်။

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီ တပ်ဖွဲ့များကို ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ ၃ ဖွဲ့က ပူးပေါင်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ စစ်သား ၃ ဦး ဒဏ်ရာရခဲ့သည်ဟု ဘက်မလိုက် ပြောက်ကျားအဖွဲ့ တာဝန်ရှိသူက ဆိုသည်။

စစ်ကောင်စီ စစ်ကြောင်းကို ဘက်မလိုက်ပြောက်ကျားအဖွဲ့၊ တနင်္သာရီရိုးမ ပြည်သူ့ ကာကွယ်ရေးအဖွဲ့နှင့် တောင် ပိုင်း သူရဲကောင်းများ အင်အားစုအဖွဲ့တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်ဟု ဘက်မလိုက်ပြောက်ကျား အဖွဲ့ တာဝန်ရှိသူတစ်ဦး က ပြောသည်။

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စု၊ ရမ်းဖိုကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသခံ ပြည့်သူ့ကာကွယ်ရေး PDF ပူးပေါင်းအဖွဲ့တို့ မေလ ၁၅ ရက်နေ့၊ နံနက် ၈ နာရီဝန်းကျင် အချိန်ခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံရွာသားများကပြောသည်။

ရမ်းဖိုကျေးရွာက အသက် ၃၀ နှစ်အရွယ် ရွာသားတစ်ဦးက “သေနတ်ပစ်သံတွေ ရွာအရှေ့ဘက် တောထဲက ကြားရပြီး သိပ်မကြာဘူး။ တဂျိမ်းဂျိမ်းနဲ့ လက်နက်ကြီးသံတွေပါ ကြားရတယ်။ လေး ငါး လုံး လောက်ရှိမယ်” ဟု ပြောသည်။

နှစ်ဘက်အပြန်အလှန် မိနစ် ၃၀ ခန့်အကြာ ပစ်ခတ်ခဲ့ကြသည့် အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ သို့သော် PDFပူးပေါင်းအဖွဲ့များဘက်တွင် ထိခိုက်သေဆုံးသူမရှိဘဲ ဘေးကင်းစွာ ပြန်ဆုတ်ခွာလာနိုင်ခဲ့သည်ဟု ဘက်မလိုက် ပြောက်ကျားအဖွဲ့ တာဝန်ရှိသူက ဆိုသည်။

ကျေးရွာအနီးရှိ အရှေ့ဘက်တောထဲတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည့် အတွက် ရွာသားအချို့ စိုးရိမ်ကြောက်လန့်ကာ ဘေးလွတ်ရာ နေရသို့ထွက်ပြေး တိမ်းရှောင်နေကြသည်ဟု ဒေသခံများက ပြောသည်။

ရွာသားတစ်ဦးက “ခြံထဲ တောခုတ်နေရာက ကြောက်ပြီး လုံခြုံမယ်ထင်တဲ့နေရာ မှာ ပုန်းနေရတယ်” ဟု ပြော သည်။

တိုက်ပွဲ ဖြစ်ပွားပြီးနောက် တနင်္သာရီမြို့ဘက်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ကားများရောက်ရှိလာကာ အင်အားဖြည့် တင်းမှုများ ရှိလာနေသည်ဟု ရွာသားများက ဆိုသည်။

ထို့အပြင် လမ်းသွားလမ်းလာ ယာဥ်များနှင့် ကျေးရွာ အတွင်းက နေအိမ်များကို စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု ရွာသားများကပြောသည်။

မြိတ်-တနင်္သာရီ ကားလမ်းမကြီးပေါ်ရှိ ရမ်းဖိုကျေးရွာသည် မြိတ်မြို့မှ အရှေ့ဘက် ၃၈ မိုင်ခန့် အကွာတွင်ရှိကာ အိမ်ခြေ ၃၀ ကျော်ရှိသည့် ရွာတစ်ရွာဖြစ်သည်။

ရမ်းဖိုကျေးရွာသားများသည် အသက်မွေးဝမ်းကြောင်းအဖြစ် ကွမ်းသီးပင်နှင့် ဥယျာဉ်ခြံမြေ စိုက်ပျိုးရေး လုပ် ငန်းကို အဓိကလုပ်ကိုင် နေထိုင်ကြသည်။