ပုဂ္ဂလိက ကျောင်းများတွင် ကျောင်းအပ်သူ ဦးရေ ထက်ဝက်နီးပါး ကျဆင်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၂၇ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် ကိုယ်ပိုင်ကျောင်း အပ်မည့်သူများ ယခင်ကထက် တစ်ဝက်နီးပါး လျော့ကျသွားသည်ဟု ဆရာ/ဆရာမများက ပြောသည်။

နမ့်ခမ်းမြို့တွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး စီမံချက်များနှင့် အာ ဏာသိမ်းမှုတို့ကြောင့် နှစ်နှစ်ကျော် အကြာ ပိတ်ထားခဲ့သည့် ကိုယ်ပိုင်ကျောင်းအချို့ ပြန်လည်ဖွင့်လှစ်ရန် စီစဉ် လျှက်ရှိရာ ကျောင်းအပ်သူ ကျောင်းသူ/သားများ ယခင်နှစ်များကထက် လျှော့ကျသွားခြင်း ဖြစ်သည်။

နမ့်ခမ်းမြို့ရှိ ကိုယ်ပိုင်ကျောင်းတစ်ကျောင်းမှ အမည်မဖော်လိုသည့် ဆရာမတစ်ဦးက “ကိုယ်ပိုင်ကျောင်း အပ် ကြတဲ့သူတွေ တစ်ဝက်နည်းပါး လျော့သွားတယ်။ အစိုးရကျောင်းတော့ ဘယ်လောက်ရှိလဲ မပြောတတ်ဘူး” ဟု ပြောသည်။

နမ့်ခမ်းမြို့ရှိ ကိုယ်ပိုင်ကျောင်းအချို့မှာ ယခုနှစ် မေလဆန်းတွင် ကျောင်းအပ် ပြန်လက်ခံခြင်းဖြစ်ပြီး မေလ ကုန် အထိ လက်ခံသွားမည်ဟု နမ့်ခမ်းမြို့က ကိုယ်ပိုင်ကျောင်းအချို့က တာဝန်ရှိသူများ၏ ပြောပြချက်များအရ သိရ သည်။

ကျောင်းသားမိဘများက ကလေးငယ်များ၏ အတန်းပညာရေးအတွက် စိုးရိမ်နေကြသည့်အပြင် လုံခြုံရေးပိုင်း ကိုလည်း စိုးရိမ်နေကြသည်ဟု အမည်မဖော်လိုသည့် ဆရာမက ဆက်ပြောသည်။

“မိဘတွေကတော့ စိုးရိမ်မှု ရှိနေကြတုန်းပဲ။ ကျောင်းက အာမခံချက် ရှိမှာလား။ နောက်မှ NUG က တရားမဝင် ဘူး လုပ်ရင် ဘယ်လို လုပ်မလဲပေါ့။ စာမေးပွဲ ဖြေခွင့်ရဖို့ အာမခံလားပေါ့။ ကျမတို့ဘက်ကလည်း နိုင်ငံရေး အခြေအနေပေါ် မူတည်တယ်ပေါ့။ ရှုပ်ထွေးလာရင်တော့ အာမမခံနိုင်ဘူး။ အကယ်၍ ရှုပ်ထွေး မလာဘူးဆိုရင် တော့ တက်တဲ့ကလေးတွေ စာမေးပွဲဖြေခွင့်ရပြီး အတန်းတက်ခွင့် ရမယ်လို့ ပြောထားတယ်။ စာမေးပွဲ ဖြေပြီး သွားတဲ့ ကလေးတွေလည်း ဘယ်အစိုးရတက်တက် အတန်းမချနိုင်ဘူးလို့ ကျမ ထင်တယ်။”

ထို့အပြင် အချို့မိဘများက စစ်ကောင်စီလက်အောက်က ပညာရေး ကဏ္ဍကိုလည်း ယုံကြည်မှုမရှိသူလည်း များ သည်ဟု နမ့်ခမ်းမြို့က ကျောင်းသားမိဘအချို့က ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတဝှမ်းရှိ ကိုယ်ပိုင်ကျောင်းများ အနေဖြင့် ယမန်နှစ်ကလည်း အစိုး ရကျောင်းများ ဖွင့်ချိန် ဒီဇင်ဘာလတွင် နှစ်လခန့်သာ ဖွင့်ခဲ့ရပြီး ယခု လက်ရှိမှာလည်း ကျောင်းသားများ၏ ဘေး ကင်း လုံခြုံရေးအတွက် ကျောင်းအနေဖြင့် မဟုတ်ပဲ သင်တန်းတစ်ခု အနေဖြင့် ဖွင့်နေရသည့် အနေအထားမျိုး ရှိနေသည်ဟု နမ့်ခမ်းမြို့က အမည်မဖော်လိုသည့် ဆရာမက ပြောသည်။

နမ့်ခမ်းမြို့ရှိ ကိုယ်ပိုင်ကျောင်းများ အနေဖြင့် ကျောင်းသား မိဘများအား အတင်းအကြပ် ကျောင်းအပ်ခိုင်းခြင်း များ မပြုလုပ်ပဲ မိဘများ၏ သဘော ဆန္ဒအတိုင်းသာ ဆုံးဖြတ်ခိုင်းကြောင်းနှင့် ကျောင်းအပ် လက်ခံနေကြောင်း လည်း ကြော်ငြာခြင်းများ မပြုလုပ်ကြပဲ နီးစပ်ရာ ကျောင်းသား မိဘများကိုသာ အချင်းချင်းပြောဆိုခြင်းလောက် သာ ရှိသည်ဟု ဆိုသည်။

နမ့်ခမ်း ကိုယ်ပိုင်ကျောင်း အချို့က စစ်ကောင်စီ ထောက်ခံသည့် သဘော မဟုတ်ဘဲ COVID-19 ကာလနှင့် အာ ဏာသိမ်းမှုများကြောင့် ၎င်းတို့ နစ်နာဆုံးရှုံးခဲ့ရ၍ ကျောင်းပြန်ဖွင့်ရခြင်း ဖြစ်သည်ဟု ပြောသည်။

နမ့်ခမ်းမြို့က ကိုယ်ပိုင်ကျောင်းတစ်ကျောင်းမှ တာဝန်ရှိသူတစ်ဦး က “ဒီ (၂) နှစ်အတွင်း ဘာမှမလုပ်ဘဲ ထိုင်စားခဲ့ ရတာ။ သိန်း ၅၀၀- ၆၀၀ လောက် ပလုံတယ်။ ကျမတို့လည်း အထိနာပြီလေ။ ဝန်ထမ်း စားရိတ်လည်း ရှိသေး တယ်” ဟု ပြောသည်။

လက်ရှိတွင် နိုင်ငံရေး အခြေအနေ မငြိမ်သက်ခြင်းကြောင့် ပညာရေး အာမခံချက် မပေးနိုင်ခြင်းနှင့် ကျောင်းသား များ လုံခြုံရေးအတွက် အာမခံချက် မရှိခြင်းတို့ကြောင့် နမ့်ခမ်းမြို့အတွင်း ကိုယ်ပိုင်ကျောင်းအပ်သူများ တစ်ဝက် ခန့် လျော့နည်းသွားသည်ဟု ဒေသခံများနှင့် ဆရာ/မ အချို့ သုံးသပ်နေကြသည်။

တဖက်တွင်လည်း ကျောင်းအပ်နေကြသည့် မိဘများက ကျောင်းပိတ်ထားသည့် နှစ်နှစ် တာကာလအတွင်း ကလေးငယ်များသည် ပြောဆိုဆုံးမရ ခက်ခဲလာခြင်း၊ ကျောင်းစာနှင့် ကာလရှည်စွာ ဝေးကွာခဲ့သောကြောင့် စိတ် ပါဝင်စားမှု လျော့နည်းလာခြင်း၊ အစိုးရကျောင်းများတွင် ပို၍ အန္တရာယ်များခြင်းနှင့် zoom အွန်လိုင်း ပညာရေး စနစ်များမှာ အင်တာနက်လိုင်း အဆင်မပြေကြခြင်း စသည့်အကြောင်းရင်းများကြောင့် ကိုယ်ပိုင်ကျောင်းများတွင် ကျောင်းအပ်နေရခြင်း ဖြစ်သည်ဟု ပြောဆိုနေကြသည်။