မန္တလေးဓါးပြမှု၊ အမျိုးသမီးတစ်ဦး သေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်။
မန္တလေးမြို့တွင် အနုကြမ်းစီး ဓါးပြတိုက်မှု တစ်ရက်တည်း နှစ်နေရာတွင် ဖြစ်ပွားခဲ့ပြီး အခင်းပွားဖြစ်ပွားမှု တစ်ခု တွင် အမျိုးသမီးတစ်ဦးသေဆုံးသွားသည်ဟု သိရသည်။
ဇူလိုင်လ ၁၁ ရက်နေ့က မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ် ၃၁-၃၂ ကြား၊ ၈၅ (A) လမ်းပေါ်ရှိ နေအိမ်တစ်အိမ် နှင့် ချမ်းမြသာစည်မြို့နယ် မနော်ဟရီလမ်းနှင့် လမ်း (၅၀) ထောင့်ရှိ နေအိမ်တစ်အိမ်တို့တွင် အနုကြမ်းစီး ဓားပြ တိုက်မှုများ ဖြစ်ပွားခဲ့သည်ဟု မြို့သစ်နေပြည်သူက ပြောသည်။
ချမ်းမြသာစည်မြို့နယ် မနော်ဟရီလမ်း နှင့် လမ်း (၅၀) ထောင့်ရှိ အငြိမ်းစား တရားသူကြီးအိမ် ဓားပြတိုက်မှုတွင် အိမ်ရှိ အမျိုးသမီးတစ်ဦး သေဆုံးသွားပြီး ဘဏ်မှ ထုတ်လာသည့်ငွေများနှင့် ကားတစ်စီးပါသွားသည်ဟု သိရပါ သည်။
“ဒီလောက် နေ့ခင်းကြောင်တောင်ကြီးကို လက်ရဲဇက်ရဲ ကျုးလွန်ရဲတာ တော်တော်ကြောက်စရာပါ။ မန္တလေးက ကြာလေ ဆိုးလေ ဖြစ်နေပြီ။ အပြင်ထွက်လည်း ဘုရား တ ရ၊ အိမ်ထဲနေလည်း ဘုရား တရနဲ့ ဘာမှကို လုပ်စား လို့ မဖြစ်တော့ဘူး” ဟု အသက် ၄၀ ကျော် အရွယ် စတိုးဆိုင်ပိုင်ရှင်တစ်ဦး က ပြောသည်။
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့သစ် မနော်ဟရီလမ်းနှင့် လမ်း ၅၀ ထောင့်တွင် ဇူလိုင် ၁၁ ရက်နေ့ နေ့လည်ပိုင်း အချိန်က ဖြစ်ပွားခဲ့သည့် အဆိုပါ ဓားပြတိုက်ခံရမှုတွင် သေဆုံးသူမှာ မန္တလေး UFL ကျောင်းသူတစ်ဦး ဖြစ်သည် ဟု မန္တလေး နိုင်ငံခြားဘာသာ တက္ကသိုလ် ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ထားသည်။
သေဆုံးသူမှာ Mdy-U.F.L ဂျပန်ဘာသာဌာနမှ (ဒုတိယနှစ် CDM ကျောင်းသူ) မခင်ရတနာအောင် ဖြစ်ပြီး ထိုနေ့က မိသားစုနှင့် အတူ ၆၂ လမ်းရှိ CBဘဏ် မှ ငွေကျပ် သိန်းလေးထောင်ကို ထုတ်ယူပြီး ပြန်လာရာ နေအိမ်ရှေ့ရောက် သည့်အချိန်တွင် နောက်မှ ကပ်လိုက်ပါလာသော ယာဉ်တစ်စီးပေါ်မှ လူတစ်ဦး ဆင်းလာပြီး UFL ကျောင်းသူကို သေနတ်နှင့် ပစ်ခတ်ကာ ကားပေါ်ရှိ လူများကို ဆွဲချ၍ ကားကိုပါ မောင်းနှင် ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်ဟု မြိုသစ်နေ ပြည်သူများက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့များ၏ တစ်နေ့လုံး နေရာစုံ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ရာမှ လမ်း ၅၀ နှင့် ၁၀၇ လမ်းထောင့် ရှိ ဘောလုံးကွင်းနားတွင် လုယက်ခံရသော ကားနှင့် ကားထဲရှိ ကျန်ငွေ သိန်း ၈၀၀ ကိုပါ ပြန်လည်ရရှိခဲ့သည်ဟု သိရှိရသည်။
“ဒီတရားသူကြီးမိသားစုက လူအေးတွေပါ။ ဖြစ်ဖြစ်ချင်း သေနတ်ဒဏ်ရာ ရထားတဲ့ သူ့သမီးကို ဆေးရုံကြီးပို့ တာ ခဏနေတော့ ဆုံးသွားတာပဲ” ဟု မြို့သစ်&yfuGufae အသက်၅၀အရွယ် အမျိုးသးတဦးက ပြောပါသည်။
သေနတ်နှင့် အပစ်ခံရသည် အဆိုပါ UFL ကျောင်းသူသည် ဝဲဘက်ချိုင်းအောက် ကျည်ဒဏ်ရာဖြင့် ဆေးရုံရောက် ပြီး မိနစ် ၂၀ ခန့် အကြာတွင် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
အလားတူ ဇူလိုင်လ ၁၁ ရက်နေ့တွင် ၈၅ (A) လမ်းရှိ ကျော်မိုး စိန်သန့်စင်လုပ်ငန်း နေအိမ်ထဲသို့ အရပ်ဝတ် လူ အချို့မှ ဝင်လာပြီး သေနတ် ထုတ်ပြ ခြိမ်းခြောက် ဓားပြတိုက်နေစဉ် အပြင်မှ မြင်တွေ့သူက ဖုန်းဆက်တိုင်ကြား လိုက်သည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ကျူးလွန်သူများကို ဖမ်းမိခဲ့သည်ဟု မြို့သစ်နေ ပြည်သူ တစ်ဦးက ပြောသည်။
မန္တလေးမြို့ နှင့် ရန်ကုန်မြို့တို့တွင် ဇူလိုင်လ ၁၁ ရက်နေ့ (ယမန်နေ့) တစ်ရက်တည်းတွင် ဓားပြမှု လေးခု ဖြစ်ပွါးခဲ့ ပြီး မန္တလေးမြို့ စိန်သန့်စင်လုပ်ငန်းတွင်သာ ကျူးလွန်သူများကို ဖမ်းမိပြီး ကျန်အမှုများတွင် တရားခံများကို မဖမ်းနိုင်သေးဘူးဟု သိရသည်။