ထားဝယ်တွင် စစ်ကောင်စီ ယာဉ်တန်းမိုင်းဆွဲ တိုက်ခိုက်၊ ဗိုလ်ကြီး အပါအဝင် ၇ ဦးသေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၄ ရက်။

ထားဝယ်တွင် စစ်ကောင်စီယာဉ်တန်းတစ်ခု မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးအဆင့်တစ်ဦးအပါအဝင် ၇ ဦးခန့် သေဆုံးကာ၊ ၁၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သန်းငှက်ပြောက်ကျား တပ်ဖွဲ့က ပြောသည်။

ပုလောဘက်မှ ထားဝယ်မြို့ဘက်သို့ ဦးတည်မောင်းနှင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသော ကား ၅ စီး ပါ ယာဉ်တန်းကို ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ပိတောက်ကြီးကျေးရွာ အနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ယာဉ် ၂ စီးထိခိုက်ပျက်ဆီးခဲ့ခြင်း ဖြစ်သည်ဟု သရက်ချောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် သိမ်းဌက်ပြောက်ကျားတပ်ဖွဲ့ (TYC PDF) က ထုတ်ပြန်ထားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အသက် ၃၅ နှစ်အရွယ် ဒေသခံ တစ်ဦးက “ဂျိမ်း ဆိုပြီးအသံကြီးက မြေကြီးပါ တုန်သွားတာ။ သေနတ်သံ တွေက ဆူညံနေတာပဲ။ စစ်တပ်က အလောင်းတွေနဲ့ လူနာတွေကို အရေးပေါ် လူနာ တင်ကားတွေနဲ့ ပုလောဘက် သယ်ဆောင်သွားတာ တွေ့ရတယ်” ဟု ပြောသည်။

ပုလောဘက်မှ ထားဝယ်မြို့ဘက်သို့ ဦးတည်မောင်းနှင်လာသည့် စစ်ကောင်စီ ယာဉ်တန်းသည် ဇူလိုင်လ ၁၂ ရက်နေ့၊ ညနေ ၅ နာရီအချိန် က မိုင်းဆွဲတိုက်ခိုက်ခံရခြင်း ဖြစ်သည်ဟု သိရသည်။

မိုင်းပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် မိနစ်အနည်းငယ်ကြာ နှစ်ဘက်ကြား အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီး စစ်ကောင် စီတပ်ဖွဲ့ဘက် လက်နက်ငယ်များအပြင် လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်ခဲ့သည်ဟု သိန်းငှက်ပြောက်ကျားအဖွဲ့ တာဝန်ရှိသူတစ်ဦး က ပြောသည်။

ထိုတိုက်ခိုက်မှုအတွင်း သိမ်းငှက်ပြောက်ကျားတပ်ဖွဲ့ (TYC – PDF) များဘက်တွင် ထိခိုက်ဒဏ်ရာရသူမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာလာနိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့တွင်လည်း ပိတောက်ကြီး ကျေးရွာအနီးတွင် ပုလောဘက်မှ မောင်းနှင်လာသည့် စစ်ကောင်စီ ယာဉ်တန်းကို သိန်းငှက်ပြောက်ကျားအဖွဲ့က ယခုကဲ့သို့ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီ တပ်သားများ သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရသွားသူများလည်း ရှိခဲ့သည်ဟု သိရသည်။